ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သော လိဂ်ဖလားဗိုလ်လုပွဲတွင် ဂိုးသမား ကယ်ပါနှင့် ကွင်းအတွင်းဖြစ်ပွားခဲ့သောဖြစ်ရပ်မှာ နားလည်မှုလွဲမှားခဲ့ခြင်းသာဖြစ်သည် ဟု ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ပွဲအပြီးတွင် ပြော ကြားခဲ့သည်။
မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့ ကစားခဲ့သော ယင်းပွဲတွင် အချိန်ပို မိနစ် (၃၀) ၌ ဒဏ်ရာရနေပုံရှိနေ သည့် ချယ်လ်ဆီးဂိုးသမား ကယ်ပါကို အရန်ဂိုးသမား ကာဘယ်လာရိုနှင့် လူစားလဲရန် ဆာရီက စီစဉ်ခဲ့သည်။
အရန်ဒိုင်က လူစားလဲရန်အတွက် Electronic ဘုတ်ပြားကို ထောင်ပြခဲ့သော်လည်း ကယ်ပါမှာ ကွင်းပြင်သို့ ထွက်ခွာမလာဘဲ သူ့အား လူစားလဲခြင်းကို ငြင်းဆန်ခဲ့သည်။
ကယ်ပါက သူဆက်ကစားနိုင်သေးကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြုလုပ်ပြခဲ့ပြီး ဒိုင်လူကြီး ဂျွန်မော့စ်က ၎င်းနှင့် နည်းပြ ဆာရီကို မေးမြန်းကာ ယင်းလူစားလဲမှုကို ပြုလုပ်ခြင်း ရှိ၊ မရှိ အတည်ပြုခဲ့ရသည်။
ဆာရီနှင့် လက်ထောက်နည်းပြ ဇိုလာတို့က ကယ်ပါကို ကွင်းအတွင်းတွင် ဆက်ကစားစေရန် ခွင့်ပြုချက်ပေးခဲ့သော်လည်း ဆာရီသည် အရန်ခုံတန်းတွင် စိတ်ဆိုးဒေါသထွက်စွာဖြင့် ရေဘူးကို ကိုင်ပေါက်ခဲ့သလို၊ (အရန်ခုံတန်းပေါ်သို့ ပြန်တက် သွားသည့်) အရန်ဂိုးသမား ကာဘယ်လာရိုကိုလည်း ဆူပူ ကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ကွင်းပြင်သို့ဒေါသတကြီး ထွက်ခွာသွား ပြီးမှ အပေါက်ဝအရောက်တွင် ပြန်လှည့်လာကာ အရန်ခုံ တန်းသို့ မကျေမချမ်းပြန်လည်ရောက်ရှိလာခဲ့သည်။
ယင်းဖြစ်ရပ်တွင် ဆာရီအနေဖြင့် သူ၏ကစားသမားများကို နိုင်နင်းခြင်းမရှိဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သလို၊ ကယ်ပါမှာလည်း နည်းပြဖြစ်သူကို ရိုသေလေးစားမှုမရှိဟု ဘောလုံးဝေဖန်သူများက မှတ်ချက်ပြုခဲ့ကြသည်။
ပွဲအပြီးမီဒီယာတွေ့ဆုံမှုတွင် ဆာရီက '' ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာဟာ ကြီးမားတဲ့နားလည် မှုလွဲမှားခြင်းကြောင့်ပါ။ ကျွန်တော်က သူ့မှာ ဒဏ်ရာပြဿနာရှိနေတယ်လို့ယူဆပြီး အပြောင်း အလဲလုပ်ဖို့လိုအပ်တယ်လို့ ထင်ခဲ့တာပါ။ အရန်ခုံတန်း ပေါ်ကို အသင်းဆရာဝန် ပြန်မရောက်လာတဲ့အချိန်အထိ ကျွန်တော် အခြေအနေမှန်ကို မသိခဲ့ပါဘူး''ဟု ပြောကြား ခဲ့သည်။