အမှတ်ခွဲယူခဲ့ကြတဲ့ မန်ယူနဲ့ လီဗာပူးလ်

အမှတ်ခွဲယူခဲ့ကြတဲ့ မန်ယူနဲ့ လီဗာပူးလ်
Photos : AFP, livescore
Photos : AFP, livescore
Published 24 February 2019

ှပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ရဲ့ ပွဲကြီးတစ်ပွဲဖြစ်တဲ့ မန်ယူနဲ့ လီဗာပူးလ်တို့ရဲ့ပွဲမှာတော့ ဂိုးမရှိသရေကျပြီး အမှတ်ခွဲယူခဲ့ကြပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲသရေရလဒ်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပေမယ့် မန်စီးတီးနဲ့ ရမှတ်ကွာဟမှုက (၁)မှတ်ပဲရှိပါတယ်။

မန်ယူကတော့ တစ်ဖက်ပွဲမှာ အာဆင်နယ်အသင်း အနိုင်ရခဲ့လို့ အမှတ်ပေးဇယား နံပါတ်(၅)နေရာကို ပြန်ဆင်းပေးလိုက်ရပါတယ်။

မန်ယူအသင်းကွင်းလယ်မှာ မာတစ် ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ တွမ်မီနေး ဝင်ကစားခဲ့တာကလွဲပြီး လူစုံခဲ့ပါတယ်။

လီဗာပူးလ်အသင်းကလည်း လူစုံနီးပါးထုတ်ကစားခဲ့ပေမယ့် ညာနောက်ခံနေရာမှာ အာနိုးလ်ကိုမသုံးဘဲ ကွင်းလယ်လူ မီလ်နာကို အံ့အားသင့်ဖွယ် ပွဲထွက်ကစားစေခဲ့ပါတယ်။

အခု အင်္ဂလန်ဒါဘီပွဲက ပရိသတ်တွေမျှော်လင့်ထားသလောက် အကြိတ်အနယ်မဖြစ်ခဲ့ပါဘူး။

ပထမပိုင်းမှာ (၂)သင်းစလုံး ဒဏ်ရာပြဿနာတွေရှိခဲ့ပြီး လူစားလဲမှာ(၄)ကြိမ်ပြုလုပ်ခဲ့ကာ မန်ယူအသင်းကတော့ အခြေအနေပိုဆိုးပါတယ်။

မာတာ၊ ဟာရဲရားတို့ကို လူစားလဲခဲ့ရကာ ဒဏ်ရာကပြန်လာပြီး မာတာအစား ဝင်ကစားတဲ့ လင်ဂတ်ကလည်း တံကောက်ကြောဒဏ်ရာ ထပ်ရသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက တစ်ပွဲလုံးခြုံကြည့်ရင် ပွဲကို သိသိသာသာလွှမ်းမိုးထားနိုင်ခဲ့တာတော့ အမှန်ပါပဲ။

ဒါပေမဲ့ ပြိုင်ဘက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှုအပိုင်းမှာတော့ လီဗာပူးလ်ထက် မန်ယူအသင်းက ပိုသာခဲ့ပါတယ်။

လီဗာပူးလ်နောက်ခံလူ မာတစ် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိပေမယ့် မန်ယူကစားသမား လူကျွံနေလို့ သက်သာခဲ့ရတာပါ။

ဒီပွဲဟာ မန်ယူအသင်းဂိုးသမား ဒီဟေးယားအတွက် Clean Sheet ရတဲ့ ပရီးမီးယားလိဂ်ပွဲ (၁၀၀)ပြည့်လည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ဒီဟေးယားဟာ Clean Sheet ပွဲ(၁၀၀)ပြည့်တဲ့ (၇)ဦးမြောက်ဂိုးသမားဖြစ်လာပြီး ရှမိုက်ကယ်ပြီးရင် ဒုတိယမြောက် မန်ယူဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အခြားပွဲမှာတော့ အာဆင်နယ်အသင်းက ဆောက်သမ်တန်ကို (၂-၀)ဂိုးနဲ့ အနိုင်ရပြီး နံပါတ်(၄)နေရာကို တက်လှမ်းလာခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက်ဂိုးတွေကို ပထမပိုင်း အစောပိုင်းမိနစ်တွေမှာပဲ လာကာဇက်(၆ မိနစ်)၊ မစ်ခီတာရီယန်(၁၇ မိနစ်)တို့က သွင်းယူပေးခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အိမ်ကွင်းရှုံးပွဲမရှိမှု (၁၃)ပွဲအထိရှိလာပြီး (၇)ပွဲဆက်တိုက် အနိုင်ကစားနိုင်ခဲ့ပါတယ်။

 

 

Most Read

Most Recent