ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့တက်ရောက်ရန် အခွင့်အရေးရှိနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ဖေဖော်ဝါရီ (၂၀) ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်(ပထမအကျော့)တွင် အက်သလက်တီကိုအသင်းကို အဝေးကွင်း၌ (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်ရန် အလွန်ခက်ခဲသွားပြီဟု သုံးသပ်မှုများရှိနေသော်လည်း အယ်လီဂရီက မိမိတို့အနေဖြင့် အခွင့်အရေးရှိနေဆဲဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အယ်လီဂရီက '' သေချာတာတစ်ခုကတော့ မတ်လ (၁၂) ရက်နေ့ ကစားမယ့်ပွဲစဉ်မှာ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကိုတက်ဖို့အခွင့်အရေးရှိနေပါသေးတယ်။ ဘာဖြစ်လာမလဲဆိုတာတော့ ကျွန်တော်မပြောတက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ နောက်တစ်ဆင့်တက်နိုင်အောင်အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အနေနဲ့ အခုကစပြီး အဲဒီပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်သွားမှာပါ'' ဟုပြောကြားခဲ့သည်။
ထို့ပြင် အက်သလက်တီကိုအသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့သည့် အသင်းကြယ်ပွင့်ကစားသမား စီရော်နယ်လ်ဒိုကိုလည်း အယ်လီဂရီက ကာကွယ်ပြောကြားခဲ့သည်။
'' စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပါတယ်။ အက်သလက်တီကိုနဲ့ပွဲမှာ သူအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူ့ကြောင့် ဒီရာသီမှာ အသင်းပရိသတ်တွေမျှော်မှန်းချက်က ပိုပြီးမြင့်မားပါတယ်။ အက်သလက်တီကိုနဲ့ပွဲက ရလဒ်အတွက် စိတ်ပျက်ရပေမယ့် ကျွန်တော်တို့အနေနဲ့ နောက်ထပ်မိနစ် (၉၀) ကစားဖို့ကျန်ပါသေးတယ်။ ဘောလုံးက ဘဝနဲ့အတူတူပါပဲ။ အနိမ့်အမြင့်ဆိုတာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပထမအကျော့ကအရှုံးကို ပြောင်းပြန်လှန်နိုင်အောင် အကောင်းဆုံးကြိုးစားသွားမှာပါ'' ဟုပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်နှင့် အက်သလက်တီမက်ဒရစ်တို့၏ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို မတ်လ (၁၂) ရက်နေ့တွင် ဂျူဗင်တပ်စ်အသင်း၏အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။