ဒီမိုကရေစီနှင့် လိုက်နာကျင့်သုံးအပ်သောအရာများ

ဒီမိုကရေစီနှင့် လိုက်နာကျင့်သုံးအပ်သောအရာများ
Published 20 February 2019

ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးသန်းရွှေက ၎င်းကြိုတင်စီစဉ်ထားသည့်အတိုင်း နိုင်ငံရေးအခင်းအကျင်းတစ်ခုကို တိုင်းပြည်သို့ချပြပြီး အာဏာလွှဲပြောင်း၍ အစိုးရတစ်ရပ်ပေါ်ပေါက်စေခဲ့သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်အောက်မှ သမ္မတဟောင်းဦးသိန်းစိန်ကို အာဏာလွှဲပေးခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲအရ ဦးသိန်းစိန်အစိုးရ တစ်ခန်းရပ်သွားပြီး အနိုင်ရသည့် NLD ပါတီက အစိုးရဖွဲ့၍ တိုင်းပြည်တာဝန်များကို လွှဲပြောင်းယူခဲ့သည်။ NLD အစိုးရအနေဖြင့် သက်တမ်းသုံးနှစ် ကျော်လာသည့်အချိန်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်သည် အခက်အခဲများ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်သူများကြား၌ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး စသောအကြောင်းခြင်းရာများတွင် NLD အစိုးရအတွက် စိန်ခေါ်မှုများ ရှိနေသည်။ အားမလိုအားမရဖြစ်မှုများ ရှိနေသည်။

မည်သို့ပင်ဆိုစေ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရတစ်ရပ်အနေဖြင့် ငါးနှစ်သက်တမ်း သတ်မှတ်ထားရာ မကြာမီပင် ရွေးကောက်ပွဲကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲက သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော NLD အနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ရမည်ဖြစ်သကဲ့သို့ လက်ရှိအချိန်တွင် မိမိတို့ပါတီအနေဖြင့် အစိုးရတာဝန်ရယူထား၍ နိုင်ငံအတွက် အုပ်ချုပ်ရေးအာဏာကိုရယူကာ ပြုပြင်ပြောင်းလဲမှုများ တိုးတက်အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် လိုအပ်နေပေသည်။

 တည်ငြိမ်၍ ဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာရန် များစွာကြိုးစားရုန်းကန် ကြရမည်ဖြစ်သော်လည်း ၂၀၁၀ နောက်ပိုင်းမှစ၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံအနေဖြင့် စတင်လျှောက်လှမ်းနေပြီဖြစ်သည်။ ယင်းသို့ဖြစ်သည့်အတွက် ဒီမိုကရေစီ၏ ဒေါက်တိုင်များကို အလေးဂရုပြုရန် လိုမည်ဖြစ်သည့်အပြင် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်မည့် အာဏာအပ်နှင်းခြင်း ခံရသူများအနေဖြင့်လည်း ကောင်းသောအုပ်ချုပ်ရေးအတွက် လိုအပ်သောအရာများကို သတိပြု ဆင်ခြင်နိုင်ကြရန် အရေးကြီးပေသည်။

ဒီမိုကရေစီစနစ်ကို နိုင်ငံအများအပြား၌ ကျင့်သုံးနေကြခြင်းမှာ ဒီမိုကရေစီ၏ သဘောတရား၊ စည်းမျဉ်းများသည် ပြည်သူများအပေါ် သက်ရောက်မှုကောင်းများ ရရှိစေခြင်းကြောင့်ပင်ဖြစ်သည်။ ဒီမိုကရေစီ၏ ဒေါက်တိုင်များထဲတွင် တရားမျှတမှုရှိရေးဟူသည် အရေးကြီးသည်။ မှန်ကန်၍ စနစ်တကျရှိပြီး ပြည်သူတို့အတွက် သဟဇာတဖြစ်သော ဥပဒေများကို ချမှတ်နိုင်ခြင်းသည် တရားမျှတမှုကို ဖြစ်စေသည်။ ထို့ပြင် မတူညီသော လူ့အဖွဲ့အစည်းများကြား တန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံမှုနှင့် မလိုမုန်းထားများ မရှိစေရေးတို့သည် ဒီမိုကရေစီစနစ်တွင် အရေးပါသည်။ အာဏာရှင်စနစ်နှင့် တစ်သွေးတစ်သံတစ်မိန့်၊ သက်ဦးဆံပိုင်စနစ်တို့နှင့် တစ်မူကွဲပြားသည့် ဒီမိုကရေစီတွင် လွတ်လပ်မှုသည် အရေးကြီးသော ဒေါက်တိုင်တစ်ခုအဖြစ် ရှိနေမည်။ ထို့ပြင် ဒီမိုကရေစီ၏ အနှစ်သာရအရ ကိုယ်စားပြုမှုဆိုသည့် အကြောင်းအချက်သည်လည်း အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်သည်။ မိမိတို့ဆန္ဒအလျှောက် မဲပေးမှုရရှိသည်ကပင် ဒီမိုကရေစီ အစိုးရတစ်ရပ်တွင် မိမိတို့၏ ကိုယ်စားပြုမှု ပါဝင်စေခြင်းပင်ဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီစနစ်တွင် ကောင်းသောအုပ်ချုပ်ရေးတစ်ရပ်ကို ထူထောင်နိုင်ရန် အုပ်ချုပ်သူလူတန်းစား၊ အခွင့်အာဏာရှိသူများအနေဖြင့် ရိုးသားမှုကို ပြနိုင်ရန်လိုသည်။ ထို့ပြင် လူအများကို ကိုယ်စားပြုရသည့် စနစ်ဖြစ်သည့်အတွက် ပွင့်လင်းမြင်သာမှုရှိရမည်။ လွတ်လပ်သော စီမံခန့်ခွဲမှုနှင့်အတူ ကပ်လာသည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်။ မိမိတို့ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ကျွမ်းကျင်မှုနှင့် ထိရောက်သော ဆောင်ရွက်ချက်များကို ပြသ၍ မျှတမှု၊ တရားနည်းလမ်းကျမှုတို့ကို ခြွင်းချက်မရှိ လုပ်ဆောင်နိုင်မှသာလျှင် တရားဥပဒေစိုးမိုးရေးသည်လည်း ဖြစ်တည်လာမည်ဖြစ်ပေသည်။ ယင်းတို့သည် ဒီမိုကရေစီ၏ စံချိန်စံညွှန်းများနှင့် လိုက်နာကျင့်သုံးသင့်သော အကြောင်းအရာများဖြစ်သည်။ သို့မှသာ သဟဇာတဖြစ်၍ စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှ မသွေမတိမ်း မယိုင်မလဲဘဲ အောင်မြင်စွာ လျှောက်လှမ်းနိုင်လိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent