(၁)
တကယ်တော့ ဒီအချိန်က နွေမရောက်သေးပါဘူး။ တပို့တွဲဆန်းစ ဆောင်းနှောင်းရာသီပဲ ရှိနေသေးတာ။ ဒါပေမဲ့ ကျွန်းရွက် တွေကတော့ နွေထက်မက ကြွေလို့။ သူ့ သဘာဝ၊ သူ့ဓမ္မတာအရ ချွေပြနေကြတယ်။
မြေပြင်ပေါ်က ကျွန်းရွက်ကြွေတွေဟာ ဖက်တွေကို ကြဲဖြန့်ထားသလိုပါပဲ။ ဒီမှာရော ဟိုမှာပါ ရွက်ကြွေတွေက တပြန့်တနှံ့နဲ့ ထင်တိုင်း ဝဲကျနေတာ။ ဒီရွက်ကြွေ တွေကို နေ့တိုင်း လှည်း၊ နေ့တိုင်း သိမ်းနဲ့ မီးရှို့နေတဲ့သူ တစ်ယောက်ကိုလည်း တံမြက်စည်းတစ်လက်၊ ၀ါးခြင်းတောင်း တစ်တောင်းနဲ့အတူ အမြဲတွေ့နေရတယ်။ ဒီလူက နှစ်တိုင်းလိုလိုပဲ ကျွန်းရွက်ကြွေ တွေကို မပျင်းမရိ လှည်းကျင်းနေတဲ့သူ။ ဒါကို ကြည့်ပြီး ဟိုဘက်နှစ် တွေတုန်းကတော့ ဒီလူ လက်ပန်းကျနေမလားပဲလောက်သာ စဉ်းစားကြည့်မိခဲ့ဖူးတာ။ ပါးစပ်ကလည်း ကျွန်းရွက်တွေက တော်တော် ကြွေတာပဲဗျာလို့ ထုတ်မြည်ပေးခဲ့ဖူးတာ။
ဒါပေမဲ့ ဒီနှစ်မှာ ကျွန်းရွက်ကြွေတွေကို ကြည့်ရင်း ကျွန်တော့်ဆီမှာ အတွေးစဉ်တန်းတစ်ခု ထွက်ကျလာတယ်။ အတွေးတွေဟာ လူးလွန့်ရင်း လွင့်မျောသွားလိုက်တာ။ ကျွန်းရွက်တွေ ကြွေတယ်ဆိုတာ သေတာပဲပေါ့တဲ့။ ကျွန်းရွက်တွေ သေပြီးရင် ဘယ်ဘဝဆီ ကူးလူးသွားကြသလဲတဲ့။ ကျွန်းရွက်တွေ ကြွေပြီးရင် ဘယ်ရောက်လို့၊ ဘယ်ပျောက်သွားကြသလဲတဲ့။ ဆွေးဆွေးမြည့်မြည့်နဲ့ မြေကြီးဖြစ်သွားတာမှာ အဆုံးသတ်သလား။ မီးရှို့လိုက်တော့ တချို့ လေထဲဆီ မီးခိုးငွေ့တွေအဖြစ်နဲ့ လွင့်တက်လို့။ တချို့ ပြာမှုန်တွေအဖြစ်နဲ့ မြေပြင်မှာ ကျန်ရစ်လို့။ တကယ်တော့ သူတို့ဟာ နောက်ထပ် သစ်ရွက်သစ်အဖြစ် ပြန်ဖြစ်လာကြမှာတော့ မဟုတ်ပါဘူးလေ။ သူတို့အစား တခြားသစ်ရွက်တွေက ဝေနေပြီ။ သူတို့ရဲ့ မူလဘူတ သစ်ရွက်ရုပ် မဟာဘုတ်ကတော့ လူမြင်ကွင်းကနေ ဖြုတ်ခနဲ ပြုတ်ထွက်လို့၊ တော်တော်ကြာတော့ လူ့မြင်ကွင်းမှာပဲ စုံးစုံးမြုပ် ပျက်သုဉ်းလို့၊ နောက်ထပ် ဓာတုတစ်ခုအဖြစ် ပြောင်းလဲသွားကြမှာပါ။ ဘာဓာတုတွေဆီ ပြောင်းရွှေ့သွားကြမလဲ။ မာခြင်း၊ ပျော့ခြင်းတွေနဲ့ ပထဝီဆီ။ ယိုစီးမှုတွေရဲ့ အာပေါဆီ။ ထောက်ကန် တွန်းလှန်တတ်တဲ့ ၀ါယောဆီ။ အပူနဲ့အအေးသာ သတ်မှတ်တတ်တဲ့ တေဇောဆီ။ ဘယ်ဆီရယ်လို့တော့ တိကျ သေချာစွာ မဝေခွဲနိုင်ပါဘူးလေ။
(၂)
ဒီသစ်ရွက်ကြွေတွေနဲ့ တစ်ဆက်တည်းတွဲမြင်နေရတာက ကျွန်းပင်ကြီးတွေ အောက်ဘက်ဆီက ဘော်ငွေရောင်သွပ်တဲကြီးတစ်ခု။ သွပ်တဲကြီးအပြင်မှာက အနက်ရောင် နိဗ္ဗာန်ယာဉ် ကားတစ်စီး ရပ်ထားတယ်။ သွပ်တဲကြီးထဲမှာတော့ ကူးဘောက်လို့ခေါ်နေကြတဲ့ အလောင်းထည့်တဲ့ ရက်ရှည်ခံ အအေးပုံးသေတ္တာကြီးတွေ ရှိနေမယ်။ ဒါကိုတော့ အပေါ်စီးကနေ လှမ်းမမြင်ရပါဘူး။ မှန်းဆကြည့်ပြီး ပြောလိုက်တာပါ။ ဘာလို့လဲဆိုတော့ အဖေဆုံးတုန်းကရော အမေဆုံးတုန်းကပါ အဲဒီသွပ်တဲကြီးထဲဝင်ပြီး ကူး ဘောက်ယူခဲ့ဖူးလို့ သိနေတာ။ အဲဒီကားကြီးတွေဟာ၊ အဲဒီကူးဘောက်တွေဟာ တကယ်တော့ လူသေတွေကို သယ်ယူရှင်းလင်းရာမှာ သုံးတဲ့ပစ္စည်းတွေပဲ။ လူသေတွေဆိုတာကလည်း ဒီမှာ ကြွေနတဲ့ သစ်ရွက်ကြွေတွေလို ပဲမဟုတ်လား။ တစ်ဘဝ ကြွေရတာ။ ရွက် ကြွေတွလိုပဲ မဝေနိုင်တော့လို့ သေကြရတာ။ လူသေတွေရဲ့ မူလဘူတမဟာဘုတ်တွေကရော သစ်ရွက်ကြွေတွေလိုပဲလား။
တချို့ မြေမှာ မြှုပ်လို့ အသားဆွေး၊ အရိုးဆွေး မြေဆွေးတွေပဲ ဖြစ်ကုန်သလား။ ပိုး၊ ပုရွက်၊ မြေကြွက်တွေရဲ့ အစာပဲဖြစ်သွားလေသလား။ အခုနောက်ပိုင်းမှာတော့ မီးရှို့ ဖျောက်ဖျက်ကြလို့ အခိုးအငွေ့အဖြစ်နဲ့ပဲ ပြယ်လွင့် ပျောက်ပျက်သွားကုန်ပါပြီ။ လူ သေလူဖြစ်ထဲမှာတော့ တမာသီး ကြွေရင် တမာပင် ပေါက်မယ်ဆိုတဲ့ သဘော၊ မန် ကျည်းစေ့ ကြွေရင် မန်ကျည်းပင်ပေါက်မယ် ဆိုတဲ့သဘော ဖတ်ဖူးသား။ ဒီနေရာမှာ ဝန်ခံရရင် အဲဒီ အယူဝါဒကို ငယ်သွေးနဲ့ ငယ်တွေး တွေးရင်း ကြိုက်ခဲ့မိတာ။ ကောင်းတာလုပ် လုပ်၊ မကောင်းတာ လုပ်လုပ် လူသေရင် လူပဲပြန်ဖြစ်တာမို့ သဘောကျ နှစ်ခြိုက်မိတာပေါ့။ တကယ်လည်း မူလဘူတ မဟာဘုတ်တွေရဲ့ နောက်ကွယ်က ပစ္စယောတွေကို သိမှ မသိခဲ့တာပဲ။ ဟဒယမှာ ငြိမှ မငြိခဲ့တာပဲ။ အမှန်ကတော့ လူနဲ့ သစ်ရွက်ဆိုတာ မူလဘူတ မဟာဘုတ်တွေဖြစ်တဲ့ ပထဝီ၊ အာပေါ၊ ၀ါယော၊ တေဇောတွေကသာ တူတာလေ။ဖြစ်စိတ်၊ သိစိတ်၊ ငြိစိတ်၊ ထိစိတ်၊ နံစိတ်တွေ ကျတော့ သစ်ရွက်တွေမှာ ရှိမှမရှိပဲ။ သစ်ရွက်တွေမှာ မရှိသလောက် လူတွေမှာက အဲဒါတွေက အပြည့်။
(၃)
လူတွေဆိုတာ ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်အဝန်းအဝိုင်းအတွက်ပဲဖြစ်ဖြစ် လောဘတွေ တက်လိုက်ကြ၊ ဒေါသတွေ ထွက်လိုက်ရ၊ အမှားနဲ့အမှန်၊ မစ္ဆနဲ့သမ္မာ မကွာပြားတော့ဘဲ မောဟတွေ ဖုံးအုပ်ပြနဲ့ အနိမ့်ခရီးဆီ စုန်လိုစုန်။ တစ်ခါတလေတော့လည်း လောဘ လေးတွေ ပိတ်၊ ဒေါသလေးတွေ ဆိတ်ပြီး မစ္ဆာ၊ သမ္မာ ခွဲခြားသိမြင်ရင်းနဲ့ အဆန်ခရီးဆီ ပျံလိုပျံ။ ဒါတွေဟာ ဟိတ်ခြောက်ပါးနဲ့ ကျင် လည်နေကြတာပဲ မဟုတ်လား။ ဒီဟိတ် ခြောက်ပါးဟာ ဟေတုပစ္စယောတွေပဲ။ လူကို အရင်းအမြစ်ကနေ ထောက်ပ့ံပေးနေတဲ့ ပစ္စည်းတွေလေ။ ဒါပေမဲ့ ဒီဟိတ်ခြောက်ပါး ှာ လောဘ၊ ဒေါသနဲ့ မောဟဆိုတဲ့ ဟိတ် သုံးပါးကတော့ ပိုပြီး အားအကောင်းဆုံးလို့ ထင်တာပေါ့။ ထင်လောက်အောင်လည်း လူ့ ဘောင်မှာက လိုချင်တပ်မက်စရာတွေ တပုံတပင် မဟုတ်လား။
လူတွေအတွက် အာရုံကျက်စားရတဲ့ အာရုံစားကျက်တွေက အများကြီးရှိနေပြီ။အာရုံမှီတွယ်ရာတွေက ဒုနဲ့ဒေး ဖြစ်နေပြီ။ ဒါတွေကလည်း လူတွေရဲ့ လက်ရှိအခြေအနေကို အာရမ္မဏပစ္စည်းတွေအဖြစ်နဲ့ ထောက်ပ့ံ ပေးနေကြတာ။ တကယ်တော့ လူတွေဆိုတာ ကာမသတ္တဝါတွေ။ နေထိုင်ကြတဲ့ ဘုံကြီးကလည်း ကာမဘုံကြီး။ အာရုံတွေကလည်း ကာမအာရုံ၊ ပဥ္စာရုံတွေ။ မက်မောစရာ အဆင်းတွေ၊ ခင်တွယ်စရာ အသံတွေ၊ တရှိုက် မက်မက် နမ်းရှိုက်ရတဲ့ ရနံ့တွေ၊ တသသဖြစ်စရာ အရသာတွေ၊ တဖွဖွ ယစ်မူးရတဲ့ အတွေ့ ထူးတွေ၊ ဒါတွေဟာ ပဥ္စရုံ၊ ကာမအာရုံတွေလေ။ ဒီကာမဘုံမှာသာ တစ်ခါကျကြည့်။ကာမအာရုံတွေကနေ လွတ်မြောက်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ မလွယ်သမျှ ကာလပတ်လုံး ကာမဘုံမှာပဲ ထပ်ပြန်တလဲလဲ ကျော့နေတော့မှာပါ။ ဒါဆို ကာမဘုံသား ကျွန်တော်တို့ လူသားတွေဟာ ကာမဘုံသံသရာမှာ ဘယ်လိုကျော့လေမလဲ။ တစ်ကျော့နဲ့တစ်ကျော့ကို သေခြင်းနဲ့ ပိုင်းခြားထားတာ ဆိုတော့ လူတွေ သေတော့ ဘယ်လိုဖြစ်သွားမှာလဲ။ လူအကြွေတွေက ဘာဖြစ်သွားလဲ။ သစ်ရွက်ကြွေတွေလိုတော့ လေအသော့မှာ ကိုယ်ဖော့ပြီး ပါသွားမှာ မဟုတ်ပါဘူး။
(၄)
လူတွေ ကြွေတာက အနန္တရပစ္စယေန ပစ္စယောနဲ့ မကင်းနိုင်ပါဘူး။ အနန္တရဆိုတာ ကွက်လပ်မရှိ ကျေးဇူးပြုနေတာမျိုးလေ။သစ်ရွက်တွေက ဟောင်းလို့ ကြွေပြီးရင် နောက်ဖူးမယ့် ပုရစ်ဖူးနဲ့ ဘာမှ မပတ်သက်ခဲ့ တော့တာပဲ။ အဲဒါက ဥတုနိယာမအရ ကြွေတာ။ ဆက်စပ်လို ့မရတော့အောင်ကို ခြားနားသွားခဲ့တာ။ ကြွေတဲ့ သစ်ရွက်ဟာ ဝေမယ့်သစ်ရွက်အတွက် နေရာလေးပေးခဲ့ရုံ ကလွဲရင် ဘာကျေးဇူးပြုခဲ့မှာလဲ။ ဒီရွက်ကြွေ တွေမှာ ဗီဇနိယာမကလည်း မပါဘူး၊ ကမ္မနိယာမကလည်း မရှိခဲ့ဖူးဘူး။ လူတွေကတော့ အဲဒီလို မဟုတ်ဘူးပေါ့။ အဲဒီလောက် မရိုးရှင်းဘူးပေါ့။ လူဟာ တစ်ဘဝကြွေဖို့အတွက် စုတိစိတ်အလျဉ်ဖြစ်ရတယ်။ ဒီစိတ်တွေဟာ ကျွန်တော်တို့ တစ်ခုခုကို တွေးကြည့်နေသလိုမျိုးပဲ။ အဆက်မပြတ်ဘဲနဲ့ ရေစီးတစ်ခုလို စီးမျောနေတာ။ အဲဒီ အဆက်မပြတ် စီးမျောနေတဲ့ စုတိစိတ်အလျဉ်ဟာ အကြားအလပ် မရှိဘဲနဲ့ ပဋိသန္ဓေစိတ်အလျဉ်ကို ထောက်ပ့ံပေးလိုက်တာ။ ဒါကို စိတ္တနိယာမလို့ ခေါ်တာတဲ့။ အဲဒီစိတ္တနိယာမတွေက သစ်ရွက်တွေမှာ မရှိဘူးပဲ။ ဒီတော့ သစ်ရွက်ကြွေ တစ်ရွက်ဟာ သစ်ရွက်ဝေတစ်ရွက်နဲ့ ဘာပတ်သက်မှုမှ မရှိတော့ဘူး။ စောစောက တွေးခဲ့သလို နေရာပေးလိုက်တာကလွဲရင် အဟောင်းနဲ့ အသစ်ဟာ ကတ္တားခြားပြီးသားပဲ။ စိတ္တနိယာမရှိတဲ့လူတွေမှာတော့ ကြွေပြီ၊ သေပြီဆိုတာနဲ့ အဲဒီလို မဖြတ်၊ မပြတ်နိုင်ပါ ဘူး။ စိတ်အစဉ်တန်းကြီးဟာ အနန္တရပစ္စည်းအဖြစ် အကြားအလပ်မရှိအောင် နောက် တစ်ခုအတွက် ထောက်ပ့ံပေးရတာ။ သေသွားတဲ့ လူတစ်ယောက်ရဲ့ စုတိစိတ်အစဉ်ဟာ နောက်မွေးဖွားလာမယ့် ဘဝအတွက်၊ ဖြစ်-တည်-ပျက်ဆိုတဲ့ ခဏငယ်သုံးခုနဲ့ ပဋိသန္ဓေစိတ်ကို စဖြစ်စေရတာ။ အနန္တရ အထောက်အပ့ံကြောင့်ပဲ ဘဝတစ်ခု ကြွေပြီး ဘဝတစ်ခုအဖြစ်နဲ့ ပြန်စ၊ ပြန်ထရတော့မှာ။ လူ့ဘဝအကြွေတွေက နောက်ဘဝတစ်ခုပြီး တစ်ခုမှာ။
(၅)
ကျွန်တော် တွေးနေတုန်းမှာပဲ ဘော်ငွေရောင် တဲကြီးရှေ့က အနက်ရောင်နိဗ္ဗာန်ယာဉ်ကြီး လူသေအလောင်းကို သွားရောက် သယ်ဆောင်ဖို့ စက်နှိုးလိုက်သံ ကြားနေရ တယ်။ နံဘေးမှာတော့ ကျွန်းရွက်တွေက ကြွေလို့ကို မစဲဘူး။