မဲပေးနိုင်ခြင်းဖြင့် ပြည်သူတို့လက်ဝယ်၌ အာဏာရှိသော အစိုးရစနစ်တစ်ရပ်ကို ဒီမိုကရေစီဟု ခေါ်ဆိုသည်။ ဒီမိုကရေစီ၏ အခြေခံအကျဆုံး သဘောထားစည်းမျဉ်း ငါးရပ်အား သတ်မှတ်ပါဟု ဆိုလာပါက တစ်ကမ္ဘာလုံး လက်ခံသည့် သဘောထားစည်းမျဉ်း ငါးရပ်ကို ရွေးချယ်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မတူခြားနားသော လူများက ဒီမိုကရေစီ၏ သဘောထားစည်းမျဉ်းများကို ကွဲပြားခြားနားစွာ ရွေးချယ်မည်ဖြစ်သောကြောင့်ပင်။ အခြေခံအကျဆုံး သဘောထားစည်းမျဉ်းငါးရပ်ကို သတ်မှတ်ရန် ဖြစ်နိုင်ဖွယ်နည်းလမ်းတစ်ရပ်ကို တင်ပြအပ်ပါသည်။ သို့သော် ဒီမိုကရေစီအတွက် အရေးကြီးသော အခြားသဘောထားစည်းမျဉ်းများစွာ ရှိသေးသည်ဟု နားလည်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အခြေခံအကျဆုံးဟု ယူဆရသော သဘောထားစည်းမျဉ်းငါးရပ်ကို ယခုကဲ့သို့ အဆိုပြုအပ်ပါသည်။
အအုပ်ချုပ်ခံတို့၏ သဘောတူညီချက် - အစိုးရအဖွဲ့များသည် ပြည်သူလူထု၏ သဘောတူညီချက်အပေါ် အခြေခံမှသာလျှင် ၎င်းတို့အနေဖြင့် တရားဝင်ဖြစ်မည် (၎င်းတို့အနေဖြင့် အုပ်ချုပ်ခွင့်ရှိမည်) ဟူသည့် သဘောတရားပေါ်တွင် ဒီမိုကရေစီကို အခြေခံထားသည်။ ဒီမိုကရေစီနည်းလမ်းကျစေရန်အတွက် အစိုးရအဖွဲ့တစ်ရပ်က ၎င်းတို့ကို အုပ်ချုပ်ရန် ပြည်သူလူထုက သဘောတူညီမှုရှိရမည် ဖြစ်သည်။
ကိုယ်စားပြုသည့် အစိုးရအဖွဲ့ - ဒီမိုကရေစီစနစ်တစ်ရပ်တွင် အစိုးရအဖွဲ့အတွင်း၌ ၎င်းတို့အား ကိုယ်စားပြုမည့်သူများအား ရွေးကောက်တင်မြှောက်ခွင့်သည် နိုင်ငံသားများ၌ ရှိရမည်ဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်စားပြုမည့်သူများအား နိုင်ငံသားများကို ရွေးချယ်ခွင့်ပြုခြင်းဖြင့်သာ နိုင်ငံသားများအနေဖြင့် အစိုးရအဖွဲ့အား ယေဘုယျသဘောအရ ထိန်းချုပ်ခွင့်ရှိမည်ဖြစ်သည်။
တရားဥပဒေစိုးမိုးရေး - တရားဥပဒေစိုးမိုးရေး၌ အဓိကအချက်နှစ်ရပ်ရှိသည်။ ပထမအချက်မှာ အစိုးရနှင့် အစိုးရအရာရှိများအနေဖြင့် အခြားမည်သည့်နိုင်ငံသားများမဆိုကဲ့ သို့ပင်တရားဥပဒေကို လိုက်နာရမည်ဟူသည့်အချက်ဖြစ်ပြီး ဒုတိယအချက်မှာ အစိုးရအနေဖြင့် တိကျသေချာစွာ ရေးဆွဲထားသည့် တရားဥပဒေများကို ချိုးဖောက်မှသာလျှင် ပြည်သူများကို အပြစ်ပေးနိုင်ခွင့်ရှိခြင်းဖြစ်သည်။ အစိုးရအနေဖြင့် တရားဥပဒေများကို မိမိတို့စိတ်ကူးပေါက်ရာ ရေးဆွဲခွင့်မရှိသကဲ့သို့ ၎င်းတို့စိတ်ကူးတည့်ရာ ပြုထားသည့် ဥပဒေများကို ချိုးဖောက်သောကြောင့်လည်း ပြည်သူများကို အပြစ်ပေးခွင့်မရှိပေ။
လူတစ်ဦးချင်းစီ၏ အခွင့်အရေး - စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ရပ်တွင် ပြည်သူများအတွက် အခြေခံအခွင့်အရေးအချို့ကို အာမခံပေးထားရသည်။ ယင်းတွင် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နှင့် ဘာသာရေးလွတ်လပ်ခွင့်ကဲ့သို့သော အခြေခံလူ့အခွင့်အရေးများ ပါဝင်သည်။
အပြန်အလှန် ထိန်းကျောင်းခြင်း သဘောတရား - ဒီမိုကရေစီအစိုးရတစ်ရပ်၌ ဆိုးရွားသော နည်းလမ်းများအားဖြင့် ပြုမူမှုမရှိစေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဟန့်တားနိုင်သော အစိတ်အပိုင်းအမျိုးမျိုးရှိရန် လိုအပ်သည်။ နိုင်ငံအများစု၌ ဥပဒေပြုရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍဟူ၍ ကဏ္ဍသုံးရပ်နှင့် ဥပဒေပြုရေးကဏ္ဍတွင်လည်း အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ အနည်းဆုံး လွှတ်တော်နှစ်ရပ် ထားရှိလေ့ရှိကြသည်။ Checks and Balances ဟုခေါ်သော အပြန်အလှန်ထိန်းကျောင်းခြင်း သဘောတရားသည် ပုဂ္ဂိုလ်တစ်ဦးတည်းက သို့မဟုတ် အစိုးရ၏ အစိတ်အပိုင်းတစ်ရပ်တည်းက လွှမ်းမိုးကြီးစိုးလာပြီး အာဏာရှင်ဆန်သွားမည့်အရေးကို ကာကွယ်ပေးသည်။
မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီဟူသည် ပုဂ္ဂိုလ်တစ်ဦးတည်းက သို့မဟုတ် အစိုးရ၏ အစိတ်အပိုင်းတစ်ရပ်တည်းက လွှမ်းမိုးကြီးစိုးလာပြီး အာဏာရှင်ဆန်သွားမည့်အရေးကို ကာကွယ်ပေးသည့် စနစ်မျိုးဖြစ်သောကြောင့် ပြည်သူတို့၏ သဘောတူညီချက်မပါဘဲ မည်သူမျှ ထင်တိုင်းကြဲခွင့်မရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)