ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်တာကြာမြင့်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်မှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။ မြိတ်မြို့မှစတင်ခဲ့ပြီး ကော့သောင်းမြို့အလယ် ထားဝယ်မြို့၌ အဆုံးသတ်ခဲ့သည့် တနင်္သာရီတိုင်းခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ခရီးစဉ်များနှင့်မတူဘဲ ဒေသခံများ၏ အသံဆူဆူညံညံဖြစ်ခဲ့သည်။ ထိုခရီးစဉ် မစတင်မီကပင် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်း NLD ပါတီဥက္ကဋ္ဌနှင့် စီမံ/ ဘဏ္ဍာဝန်ကြီးတို့၏ အဂတိလိုက်စားမှု ရှိနေကြောင်း စုံစမ်းစစ်ဆေးပေးရန် ထားဝယ်နှင့် မြိတ်ဒေသခံများ၏ တိုင်ကြားစာကြောင့် တိုင်းအတွင်း ပြည်သူများအကြား လှုပ်ခတ်မှုရှိခဲ့ပြီး ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်လာရောက်မည်ဟု သတင်းများ ရုတ်တရက်ထွက်ပေါ်လာသောအခါ ပြည်သူများ၏ မျှော်လင့်ချက်များ မြင့်တက်လာသလို တိုင်းအစိုးရ၏ လုပ်ရပ်များကြောင့် ရင်ထဲ၌ ကြိတ်မှိတ်ခံစားနေရသည့် ဒုက္ခဝေဒနာကို ဖောက်ထုတ်ပစ်ရန် အားခဲခဲ့ကြသည်။ တနင်္သာရီမြေသို့ ဒေါ်အောင်ဆန်းစုကြည် အခြေချမိသောအခါ အစိုးရသစ်တက်ပြီး သုံးနှစ်ခန့်အကြာ မျိုသိပ်ထားရသည့် စကားလုံးများ ပြည်သူများဆီမှ ဆူဆူညံညံထွက်ပေါ်ခဲ့သဖြင့် တနင်္သာရီတိုင်းခရီးစဉ်တစ်လျှောက် မြန်မာနိုင်ငံတစ်ခုလုံး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးသို့ လာရောက်မှုမှာ ယခုအကြိမ်သည် ခြောက်ကြိမ်မြောက်ဖြစ်ပြီး NLD အစိုးရသစ်တက်လာပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံအနေဖြင့် ပထမဦးဆုံးအကြိမ် လာရောက်ခြင်းလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၈၈ ခုနှစ် အလွန်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ထားဝယ်မြို့နှင့် မြိတ်မြို့သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးကြောင်း၊ ၎င်းနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ပထမဦးဆုံးခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ထားဝယ်မြို့နှင့် လောင်းလုံးမြို့၊ ၂၀၁၂ ခုနှစ် မတ် ၂၄ ရက်တွင် မြိတ်နှင့် ကျွန်းစုမြို့နယ်များသို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် လာရောက်ခဲ့သည်။
၂၀၁၂ ခုနှစ်ဒီဇင်ဘာ ၂၂ ရက်တွင် မြိတ်နှင့် ကော့သောင်းမြို့များသို့လူထုတွေ့ဆုံပွဲ အဖြစ် လာရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် မတ် ၁၇ ရက်တွင် ထားဝယ်ခရိုင် ကံပေါက်ဒေသသို့ Total ကုမ္ပဏီ၏ဖိတ်ကြားမှုဖြင့် ကုမ္ပဏီမှ လုပ်ဆောင်နေသည့် လုပ်ငန်းများကို လာရောက်လေ့လာဖူးကြောင်း သိရသည်။
နိုင်တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ရန် တနသာင်္ရီတိုင်းဒေသကြီးမှ ဒေသခံများမျှော်လင့်နေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ဒေသတွင်းကြုံတွေ့နေရသည့် အခက်အခဲများကို တိုက်ရိုက်ရင်ဖွင့်တိုင်ကြားလိုသူ မြိတ်ဒေသခံအချို့က ဗီနိုင်း၊ ဆိုင်းဘုတ်များဖြင့် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“အားလုံးကိုခြုံပြီးပြောရရင် မြေယာပြဿနာတွေရှိတယ်။ စည်ပင်ကနေတားဆီးတဲ့ ငါးအမှုန့်ကြိတ်စက်ရုံ။ ဘာမှမလုပ်ဘဲနဲ့ ပြန်ဖွင့်တာ နှစ်ကြိမ်တောင်ရှိပြီ။ နောက်ပြီးတော့ ပွင့်လင်းမြင်သာမှုမရှိတဲ့ တင်ဒါစနစ်တွေ တွေ့နေရတယ်။ အထင်ရှားဆုံးကတော့ GGS လိုမျိုးပေါ့။ မြိတ်မှာလည်းရှိတယ်။ နောက်ပြီးတော့ ငါးလေလံစျေး ကိစ္စလိုမျိုး။ မအောင်မြင်တဲ့နေရာမှာ သွားလုပ်တဲ့ဟာမျိုးရှိတယ်။ နောက်ပြီး လူထုဆန္ဒမပါဘဲ ပွင့်လင်းမြင်သာမှုမရှိဘဲ မြို့သစ်စီမံကိန်းကို နောက်ထပ်အကောင်အထည်ဖော်မယ်ဆိုတာ တွေ့နေရတယ်။ ကျွန်းစုမြို့နယ်မှ ဒီရေတောတွေ ခုတ်ထွင်ရှင်းလင်းပြီးတော့ လုပ်တာ။ ခရီးသွားလုပ်ငန်းမှာ တကယ်တမ်း လူထုအခြေပြု ခရီးသွားလုပ်ငန်းက ဒီမှာစဖို့လုပ်ထားတယ်။ ဒါပေမဲ့ ထားဝယ်မှာ အကောင်အထည်သွားပေါ်တယ်” ဟု ဆိုင်းဘုတ်ထောင်တောင်းဆိုခဲ့သော မြိတ်ခရိုင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုပိုအင်က ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း အရေးပါသည့် လုပ်ငန်းအချို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က GGS ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းမှာ အထင်ရှားဆုံးဖြစ်ပြီး တင်ဒါစနစ်မှာလည်း အဆင့်လိုက်သွားရမည့် ကိစ္စရပ်များတွင် အဆင့်ကျော်ကာ တစ်ဦးတစ်ယောက်တည်းကိုသာ လုပ်ခွင့်ပြုခြင်း၊ လျှပ်စစ်မီးနှင့် အခြားစီမံကိန်းများတွင် အချိန်လွန်မှ ချပြခြင်းမှာ အဂတိမကင်းဟု ယူဆကြောင်း ၎င်းကဆိုသည်။
မြိတ်မြို့ရှိ အ.ထ.က(၇)ကျောင်းသို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်က မိမိတို ့အဖွဲ့ချုပ်အနေဖြင့် ပြည်သူများကို ပေးထားသည့် ကတိကဝတ်များ ဖျက်ခဲ့သည်ဆိုသည်မှာ တစ်ခါမျှမရှိကြောင်းနှင့် နောင်လည်းဖျက်မည်မဟုတ်ကြောင်း၊ ပြည်သူများကို ထိခိုက်စေသည့်ကိစ္စများ ဖြစ်လာပြီဆိုပါက ပြတ်ပြတ်သားသား ဥပဒေဘောင်အတွင်းမှ အရေးယူမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားများ၏ အကျိုးအတွက် တာဝန်ထမ်းဆောင်ခွင့်ရသည့် ပုဂ္ဂိုလ်များအားလုံး မိမိတို့တာဝန်များကို ဖြောင့်ဖြောင့်မတ်မတ် ပွင့်ပွင့်လင်းလင်း တိတိကျကျ ဆောင်ရွက်ကြရန် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင်မြိတ်မြို့ရှိ ပုလဲရတနာခန်းမတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲအတွင်း ဒေသခံတစ်ဦးက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ အရေးယူပေးရန် တင်ပြမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုခရီးစဉ် လာရောက်ခြင်းအကြောင်းရင်းတစ်ခုမှာ တိုင်းဒေသကြီးအစိုးရအား ဆုံးမရန်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ယင်းသို့ပြောကြားမှုအပေါ်တွင် နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့် မည်သို့ဆုံးမမည်ကို စိတ်ဝင်စားပြီး လက်ရှိတိုင်းဒေသကြီး အစိုးရယန္တရားမှာ လူကိုပြောင်းလဲပေးလိုက်ရုံနှင့် ဖြစ်နိုင်မလားဟု စိုးရိမ်မိကြောင်း၊ အချို့ကိစ္စရပ်များမှာ အရေးယူရမည့်ကိစ္စများဖြစ်သောကြောင့် အရေးယူဆောင်ရွက်ပေးရန်အထိ မျှော်လင့်ထားပြီး ဥပဒေအရ အရေးယူရမည့် အဆင့်ရောက်ရှိနေပြီဟု မြင်ကြောင်း ကိုပိုအင်က ပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ် ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် မြိတ်ကျွန်းစုအတွင်းရှိ ပုလဲကျွန်းသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ၀ါးအလယ်ကျွန်း၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ရှိ မကျုံဂလက် ဆလုံတိုင်းရင်းသားရွာသို့ သွားရောက်ကာ ဆလုံတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် အမြန်ရေယာဉ်ဖြင့် ကော့သောင်းမြိုသို့ ဆက်လက်သွားရောက်ရာ ဒေသခံအချို့က ဝန်ကြီးချုပ်နှင့်တိုင်း NLD ဥက္ကဋ္ဌတို ့လာဘ်ပေးလာဘ်ယူ ကိစ္စများကို စိစစ်အရေးယူပေးရန်၊ လျှပ်စစ်မီးကို တင်ဒါအောင်သည့် စျေးထက်ပိုမိုကောက်ခံနေသည့်ကိစ္စ စသည့်တို့ကို ပိုစတာများကိုင်ဆောင်ကာ ဒေသခံအချို့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ခရီးစဉ်နောက်ဆုံးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၅ ရက် နံနက်တွင် ကော့သောင်းမြို့၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင် “ကျွန်မ အခုဒီရောက်တုန်း ပြည်သူတွေရဲ့ အသံကို ကြားချင်တယ်။ အစိုးရဆိုတာ ပြည်သူလူထုနဲ့ ကင်းကွာနေလို့ မဖြစ်ပါဘူး။ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူလူထုတင်မြှောက်ထားလို့ အစိုးရဖြစ်နေတာပါ။ အဲဒီဟာကို ဘယ်တော့မှ မမေ့သင့်ပါဘူး။ ပြည်သူလူထုကလည်း တင်မြှောက်ထားတယ်ဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အစိုးရတစ်ခုကို တင်မြှောက်ထားတာပါ။ ဘယ်သူကမှ သိပ်တော်လွန်းလို့ဆိုပြီး တင်မြှောက်ထားတာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ခရီးကနေပြန်ပြီးတဲ့အခါမှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအနေနဲ့ နေရာတိုင်းမှာ ပြည်သူလူထုကြားထဲကိုဆင်းပြီး ပြည်သူလူထုနဲ့ ထိတွေ့ပြီး ပြည်သူလူထုသိချင်တဲ့ ကိစ္စတွေအားလုံးကို ဖြေကြားဖို့ ညွှန်ကြားခဲ့ပါမယ်” ဟုပြောကြားသည်။
ထို့ပြင်၎င်းက “ပြောင်းလဲဖို့အချိန်ကလည်း တန်ရုံတင်မကဘူး။ လွန်နေပါပြီ။ ပြောင်းလဲစရာတွေက အများကြီးရှိပါတယ်။ ကျွန်မတို့က ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲကိုဝင်ခဲ့တဲ့အခါမှာ ပြည်သူလူထုကနေ ၀ိုင်းဝန်းပြီးတော့ထောက်ခံကြပါတယ်။ ဒါပေမဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်ကို ထောက်ခံရုံမက တကယ်ပြောင်းလဲချင်တဲ့ဆန္ဒ ပြည်သူလူထုကြားမှာလည်း ရှိဖို့လိုပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ တာဝန်ကျေပါ။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ တာဝန်ကျေရင် ကျွန်မတို့နိုင်ငံဟာ မုချမသွေ အချိန်တိုတိုအတွင်းမှာ တိုးတက်နိုင်မယ်ဆိုတာ ကျွန်မရဲရဲကြီး ပြောနိုင်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထုအနေနဲ့လည်း ကိုယ့်အစိုးရကို ကိုယ်ထိန်းပါ။ ကျွန်မထိန်းဖို့ပြောတဲ့အခါမှာ ယဉ်ယဉ်ကျေးကျေးတော့ ထိန်းပါ။ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ထိန်းတယ်ဆိုတာ ကျွန်မတို့နိုင်ငံအတွက် သိက္ခာလည်းမဲ့တယ်။ ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေကိုလည်း မကောင်းတဲ့ အမွေအနှစ်တွေ ထားခဲ့ရာရောက်ပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို သိက္ခာရှိရှိနဲ့ သွားနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေအတွက် ထားခဲ့ပေးနိုင်မယ်ဆိုရင် ဒါဟာတန်ဖိုးအကြီးဆုံး အမွေအနှစ်ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်၏ နောက်ဆုံးမြို့အဖြစ် ထားဝယ်မြို့သို့ ကော့သောင်းမြို့မှတစ်ဆင့် အထူးလေယာဉ်ထွက်ခွာခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ထားဝယ်လေဆိပ်သို့ ရောက်ရှိရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒေသခံထောင်ချီလာရောက်ကြိုဆိုခဲ့ပြီး ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များက ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် တိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးတို့အား အရေးယူပေးရန် ဆိုင်းဘုတ်များကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ကျွန်တော်တို ့ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂအနေနဲ ့အခုဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံ လာရောက်တဲ့အချိန်မှာ ဘာလို့ဒီလိုမျိုး ပြရသလဲဆိုတော့ ကျွန်တော်တို့ လက်ရှိတနင်္သာရီတိုင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လာရင်းနဲ့ တစ်ခါတည်း မြင်သွားစေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးမြင်သွားပြီးတော့မှ အရေးယူဆောင်ရွက်တာကို ထိရောက်စေချင်တယ်။ ကျွန်တော်တို့ ကတနင်္သာရီတိုင်းသူ တိုင်းသားအနေနဲ ့ တိုင်ကြားထားတဲ့ ကိစ္စတွေရှိတယ်။ ဒါပေမဲ့ လုံးဝအခုအချိန်အထိ အရေးယူဆောင်ရွက်တာတွေ တစ်ခုမှမတွေ့တာကြောင့်မို့ ဒေါ်စုကို ကျွန်တော်တို့ အားကိုးပြီးတော့ အခုလိုမျိုး သူလာတဲ့အချိန်မှာ ပြတာဖြစ်တယ်” ဟု ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုသော်လွင်အောင်က ပြောကြားသည်။
ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့က ‘အမေစု’ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ဆုံးမရုံနဲ့မရဘူး။ ‘ဖြုတ်ချ’ အရေးယူ ဆောင်ရွက်ပေးပါ။ လက်ရှိအာဏာရ အစိုးရနှင့် ပြည်သူလူထုအကြား ဗြောင်လိမ်ဗြောင်စား လုပ်နေသော တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးအား အရေးယူပေးပါ။ တနင်္သာရီတိုင်းသူ တိုင်းသားများ၏ အသံကို နားထောင်ရင်း ဝန်ကြီးချုပ်အား အမြန်ဆုံးဖြုတ် ချပေးပါ။ တစ်တိုင်းလုံး အပြောင်ခိုးတာတောင် ပြုတ်ရုံလေးဆို နောက်ထပ်တက်မယ့် တိုင်းအစိုးရတွေက “စောရတွေဖြစ်ကုန် လိမ့်မယ်အမေ။ ကျွန်တော်တို့ တနင်္သာရီတိုင်းတွင် အစိုးရ၏ အဂတိလိုက်စားမှုများအား အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးပါ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ထားဝယ်မြို့သို့ ရောက်ရှိစဉ် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထားဝယ်မြို့တော်ခန်းမ၌ လူထုတွေ့ဆုံပွဲကို အချိန်တစ်နာရီအကြာ ပြုလုပ်ခဲ့သည်။
သို့သော် အခမ်းအနားစတင်ချိန်တွင် ဒေသခံအများအပြားခန်းမအတွင်းသို့ တိုးဝှေ့ဝင်ရောက်လာသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ထားသည့်ခန်းမတံခါးများကိုဖွင့်စေကာ ဒေသခံများကို နားထောင်ခွင့်ပြုခဲ့သည်။ ထားဝယ်မြို့တော်ခန်းမ အတွင်း လူထုတွေ့ဆုံပွဲပြုလုပ်ရာတွင် အချိန်ကန့်သတ်ချက်ကြောင့် ဒေသခံ ၁၂ ဦးသာ မေးမြန်းတင်ပြခွင့်ရခဲ့ပြီး တိုင်းအစိုးရ၏ ထားဝယ်လျှပ်စစ်စာချုပ်ပြဿနာ၊ ဝန်ကြီးချုပ်၊ စီမံ/ ဘဏ္ဍာဝန်ကြီးနှင့် တိုင်း NLD ပါတီဥက္ကဋ္ဌတို့အား စစ်ဆေးအရေးယူပေးရန်တင် ပြမှုရှိခဲ့သည်။
ထိုသို့ မေးမြန်းမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် သိထားပြီး သက်ဆိုင်ရာဌာနက စုံစမ်းစစ်ဆေးနေကြောင်း၊ စုံစမ်းစစ်ဆေးမှုအဖြေပေါ်လာပါက ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း တင်ပြမည်ဟု ပြောကြားသည်။
ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၊ တိုင်း NLD ဥက္ကဋ္ဌဦးအောင်စိုးနှင့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တိကျမှန်ကန်သည့် အဖွဲ့အစည်းများဖြင့် စစ်ဆေးပြီး စီစဉ်ဆောင်ရွက်ပေးရန် တင်ပြမှုရှိခဲ့ပြီး ယင်းသို့တင်ပြမှုနှင့်ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စုံစမ်းစစ်ဆေးရမည့်ကိစ္စများကို သက်ဆိုင်ရာဌာနက တာဝန်အရ လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဌာနမှ တွေ့ရှိချက်များကို ဖုံးကွယ်ထားစရာမရှိကြောင်း၊ ပြည်သူလူထုများအနေဖြင့် ကိုယ့်တာဝန်ကို ကိုယ်ကျေအောင်လုပ်ရန်နှင့် ၎င်းတို့ အစိုးရ၊ တိုင်းအစိုးရများနှင့် ပြည်နယ်အစိုးရများ တာဝန်ကျေပွန်မှုအတွက်လည်း ၎င်းတို့ ဗဟိုအစိုးရက တာဝန်ယူရမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်တော့်အထင်တော့ မြန်မာနိုင်ငံမှာ ဒီလိုဟာသည် ပထမဆုံး အတွေ့အကြုံတစ်ခုဖြစ်လိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ပထမဆုံးအတွေ့အကြုံတစ်ခု ဖြစ်လိမ့်မယ်။ တိုင်းအစိုးရသည် ဝန်ကြီးချုပ် အပါအဝင် ဒီလောက်အထိ အခြေအနေဆိုးနေတာ သူ(ဒေါ်အောင်ဆန်းစုကြည်)လည်း တော်တော်လေး ထမင်းမစားတဲ့အထိ ဖြစ်သွားတယ်လို့ ကျွန်တော်တို ့ကြားလိုက်ရတယ်ပေါ့ဗျာ။ စိတ်လည်း မကောင်းဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ရတာသည် ပြည်သူတွေကြောင့် မဟုတ်ဘူး။ တနင်္သာရီတိုင်း အစိုးရရဲ့ လုပ်ရပ်ကြောင့်ပေါ့။ မြန်မာနိုင်ငံမှာ တနင်္သာရီတိုင်းသည် အားပေးမှုလည်း အကောင်းဆုံး။ သို့သော် မဟုတ်မခံ ဒီလိုဖြစ်လာတဲ့ အချိန်မှာလည်းပဲ တစ်တိုင်းလုံးအနေနဲ့ ခရိုင်သုံးခရိုင်စလုံး တညီတညွတ်တည်း လုပ်ပြနိုင်ခဲ့တယ်။ ဒီအပေါ်မှာ အားရကျေနပ်မှုရှိတယ်” ဟု တိုင်းအစိုးရ၏ ထားဝယ်ခရိုင် လျှပ်စစ်လုပ်ငန်း ကွက်လပ်စာချုပ်နှင့်ပတ်သက်၍ မေးမြန်းခွင့်ရခဲ့သူ ထားဝယ်လူ့အခွင့်အရေး စောင့်ကြည့်မှုကွန်ရက်မှ ကိုသန်းဝင်းက ပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်အတွင်း တိုင်းဒေသကြီးအစိုးရ၏ လုပ်ဆောင်မှုနှင့်ပတ်သက်၍ ပြည်သူများမှတင်ပြမှုများ ဆန္ဒထုတ်ဖော်မှုများရှိခဲ့ပြီး ယင်းသို့ပြုလုပ်ခဲ့သည်ကို နိုင်ငံတော်အတိုင်ပင်ခံကတွေ့မြင်ကြားသိသွားခဲ့ပြီ ဖြစ်သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ကိုသန်းဝင်းက ဆိုသည်။
“ကျွန်တော်ကတော့ မျှော်လင့်တယ်။ တကယ်လည်းယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့ ခြေမပေါ်ရုံနဲ ့တောင် အပြောင်းအလဲ လုပ်ခဲ့သေးတာပဲ။ ကျွန်တော်တို့ကတော့ စိတ်ရှည်ရမှာပေါ့ဗျာ။ နောက်တစ်ခုကလည်းပဲ သူပြောခဲ့တာ တအားကောင်းတယ်။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှာကို သူလက်ခံနိုင်တယ်ပေါ့။ Welcome သူကြိုတယ်ပေါ့။ နောက်တစ်ခုက အခြားတိုင်းတွေမှာ ခြေမပေါ်ရုံနဲ ့ထုတ်ပစ်တယ်။ ဒီတိုင်းမှာ ဒီလောက်အထိ ပြည်သူတွေက တစ်တိုင်းလုံးနီးပါးညံအောင် တောင်းဆိုနေတဲ့အချိန်မှာ သူအပြောင်းအလဲ မလုပ်ဘဲနေမှာမဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ လက်ရှိအစိုးရရဲ့ ဝန်ကြီးချုပ်နဲ့ ကျော်စောသတင်း ထွက်နေတဲ့သူတွေ အစိုးရဘက်က မပြောင်းလဲရင်တောင် ပြည်သူတွေဘက်ကတော့ ပြောင်းလဲသွားပြီ။ ကျွန်တော်တို့ ရင်ထဲမှာမရှိတော့ဘူးပေါ့ဗျာ။ တနင်္သာရီတိုင်းမှာ တိုင်းအစိုးရရဲ့ နိုင်ငံရေးက ကျဆုံးသွားပြီလို ့ယူဆတယ်” ၎င်းက ဆက်လက်ပြောကြားသည်။
ထားဝယ်မြို့တော်ခန်းမတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် လူထုတွေဆုံပွဲပြုလုပ်ရာ၌ ၎င်းအနေဖြင့် တင်ပြချင်သည့် အကြောင်းအရာများစွာ ရှိသော်လည်း အချိန်နှင့်မေးခွန်း ကန့်သတ်ချက်ကြောင့် တိုင်းအစိုးရ၏ စီမံမှု ညံဖျင်းမှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ ရှစ်ဘီလျံကျော် နစ်နာနေသော ထားဝယ်ခရိုင် လျှပ်စစ်စာချုပ်ပြဿနာတစ်ခုကိုသာ တင်ပြခွင့်ရခဲ့ကြောင်း၊ သို့သော်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းတင်ပြချင်သည့် ကိစ္စအားလုံးကို သိရှိပြီးဖြစ်ကြောင်း သဘောဖြင့် ပြောကြားမှုရှိခဲ့ပြီး ယင်းအတွက်စနစ်နှင့် အံဝင်ခွင်ကျ မဟုတ်သူများကို ဖယ်ရှားပစ်ပြီး စနစ်နှင့်အံဝင်သူတွေကို နေရာပေးလိမ့်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ထားသည်ဟု ကိုသန်းဝင်းက ဆိုသည်။
ထားဝယ်မြို့တော်ခန်းမ၌ လူထုတွေ့ဆုံပွဲအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍ “တိုင်းအစိုးရကို ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ဆက်ဆံပါ။ အစဉ်အမြဲထိတွေ့မှုရှိပါလို ့တိုက်တွန်းတဲ့တစ်ချိန်တည်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်များလည်း ထိုနည်းလည်းကောင်းပဲ လုပ်ပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ မဲဆွယ်တုန်းက မဲဆွယ်ပြီးတော ့အခုမှပြန်လှည့်မကြည့်ဘူးဆိုရင် လုံးဝသင့်တော်တဲ့ ကိစ္စမဟုတ်ပါဘူး။ လွှတ်တော်ကောင်းတစ်ယောက်ဆိုတာဟာ ကိုယ့်ရဲ့မြို့နယ်အတွင်းမှာရှိတဲ့ ရွာတိုင်းက လူတိုင်းလူတိုင်းဟာ ဒါငါတို့ရဲ့ ကိုယ်စားလှယ်ပဲဆိုပြီး သိနိုင်တဲ့အခြေအနေရှိအောင်လို့ ခဏခဏဆင်းဖို့လိုပါတယ်။ အရင်က မလုပ်ခဲ့ရင်လည်း အခုကနေစပြီးတော့ လုပ်ပါလို ့တိုက်တွန်းချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“လူထုခေါင်းဆောင် အမေစုက တနင်္သာရီတိုင်းခရီးစဉ်မှာ သူ့အစိုးရအဖွဲ့ရဲ့ အခြေအနေမှန်ကို သူမြင်သွားတယ်။ အဲဒီတော့အစ်ကိုတို့က ပြည်သူတစ်ဦးအနေနဲ့ ကျေနပ်တယ်။ အစိုးရအဖွဲ့က အားနည်းချက်တွေ အများကြီးကို ရွေးကောက်ပွဲတုန်းက ပေးထားတဲ့ ကတိကဝတ် အရလည်းကောင်း အမေစုကိုယ်တိုင်က လူထုတွေ့ဆုံပွဲမှာပြောသွားတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တရားဥပဒေနဲ့အညီ လုပ်သွားမယ်။ မှားနေရင် မှားနေတဲ့သူကို ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီး ပြောခဲ့တဲ့စကားအရဆိုရင်တော့ အဲဒီအမှားအယွင်းတွေကို အမြန်ဆုံး ပြုပြင်နိုင်အောင် ကြိုးစားလိမ့်မယ်လို့ အစ်ကိုတို့အနေနဲ့ ယုံကြည်တယ်။ အစိုးရအဖွဲ့ကို ပြုပြင်ပြောင်းလဲရေးကိုတော့ လုပ်လိမ့်မယ်။ ဒါပေမဲ့ ပြည်သူတွေ လိုချင်တဲ့အတိုင်း ရာနှုန်းပြည့်တော့ ဟုတ်ချင်မှဟုတ်လိမ့်မယ်လို ့အစ်ကို့အနေနဲ ့ခန့်မှန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအဖွဲ့ကို မပြောင်းလဲတော့ဘူးဆိုတော့ အစ်ကိုတို့တိုင်းအတွက် နစ်နာလိမ့်မယ်။ အစိုးရယန္တရားကို ပုံမှန်စောင့်ကြည့်နေတဲ့ သူတယောက်အနေနဲ့ အစိုးရရဲ့ လုပ်ထုံးလုပ်နည်း ယွင်းနေတာတွေ အများကြီးကို တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ နိုင်ငံတော်သမ္မတထံကို အကြိမ်ကြိမ်တင်ပြထားတာရှိတယ်။ မှားနေတဲ့အချက်တွေ ယွင်းနေတဲ့အချက်တွေ လွဲနေတဲ့ဟာတွေကို အကြိမ်ကြိမ်ထောက်ပြထားတာ ရှိတယ်။ အဲဒီတော့ အမေစုအနေနဲ့ မလွဲမသွေ ပြင်ဆင်လိမ့်မယ်။ မပြင်ဆင်တော့ဘူးဆိုရင်ကောဆိုပြီး မေးလာမယ်ဆိုရင် မပြင်ဆင်ဘူးဆိုတဲ့ အလုပ်မျိုးကိုတော့ အမေစုလုပ်မှာ မဟုတ်ဘူးလို့ အစ်ကို့အနေနဲ ့ယုံကြည်တယ်” ဟု တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးအောင်နိုင်ဦးက ပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လာရောက်ခဲ့သည့် မြိတ်နှင့် ကော့သောင်းမြို့များမှ ပြည်သူများအနေဖြင့် တိုင်းအစိုးရအဖွဲ့ အပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အမြန်ဆုံး ပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်စေရန် ဆုတောင်းရမည်ဖြစ်ပြီး အမြန်ဆုံးပြုပြင်ပြောင်းလဲမှု မလုပ်ဆောင်နိုင်ပါက ပါတီတွင်းရော တိုင်းဒေသကြီးအစိုးရနှင့် ပြည်သူအကြား၌ပါ ယုံကြည်မှုပိုပြီး အားနည်းလာပါလိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ထားဝယ်လေဆိပ် အရေးကြီးဧည့်သည်ခန်းမ၌ သီးသန့်တွေ့ဆုံရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ထိတွေ့မှုနည်းပါးနေသည်ကို တွေ့ရှိရကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် နေပြည်တော်တွင် နေကြရသည်ဖြစ်၍ လူထုနှင့် အနီးကပ်ဆုံး တာဝန်ထမ်းဆောင်နေကြရသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအနေဖြင့် လူထုလို အပ်ချက်များကို မေးမြန်းပြီး တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ တရားဝင်လူမှုကွန်ရက် Facebook စာမျက်နှာ၌ ဖော်ပြထားချက်အရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမြောက်ဖျား၊ အရှေ့ဖျားစသည့် ဒေသများကို သွားရောက်ခဲ့ရာ၌ သုံးနှစ်အတွင်း သိသိသာသာ တိုးတက်လာသည်များကို မြင်တွေ့ခဲ့ရကြောင်း၊ ခရီးစဉ်များ သွားရောက်ခဲ့ရာတွင်လည်း ပြည်သူလူ ထုကျေနပ်မှု အနည်းဆုံးမှာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ပင်ဖြစ်သည်ကို တွေ့ရှိရကြောင်းနှင့် ဤသည်ကို လေးလေးနက်နက် သတိပေးလိုကြောင်း၊ အမှန်တကယ် အလုပ်မလုပ်ပါက ပြင်းပြင်းထန်ထန် ကိုင်တွယ်သွားမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအနေဖြင့် တိုးတက်မှုများ နှေးကွေးနေသည်မှာ မဖြစ်သင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်းအပြင် ပထဝီအနေအထား၊ ရာသီဥတုနှင့် စီးပွားရေး အခွင့်အလမ်းကောင်းများစွာ ရှိနေသည့် ဒေသဖြစ်၍ အစိုးရအဖွဲ့ဝင်များ ထိထိရောက်ရောက် ကြိုးကြိုး စားစား လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ပြည်သူများနှင့် ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ရန်နှင့် ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်မှု အခြေအနေကို အစီရင်ခံစာ တင်ပြရန် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ထားမှာကြားခဲ့သည်ဟု သိရသည်။
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ခရီးစဉ်သွားရောက်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်များ တရင်းတနှီးရှိသော်လည်း တနင်္သာရီတိုင်းခရီးစဉ်စတင်သည့် မြိတ်မြို့သို့ ရောက်ရှိချိန်ကတည်းကပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဝန်ကြီးချုပ်၊ တိုင်း NLD ပါတီ ဥက္ကဋ္ဌတို့နှင့် နီးကပ်စွာနေ၍ စကားပြောဆိုနေသည်ကို မတွေ့ရသည်မှာ ထူးခြားချက်တစ်ခုဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ထိုအချက်ကြောင့် တနင်္သာရီတိုင်းခရီးစဉ်အတွင်း ဒေသခံများ၏ တောင်းဆိုချက်များ အရာထင်လာတော့မည်လားဟု မျှော်လင့်ချက်များ မြင့်တက်နေသည်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးတို ့ အဂတိလိုက်စားခြင်းအပေါ် စစ်ဆေးအရေးယူပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ပါတီ ဗဟိုစည်းကမ်းထိန်းသိမ်းရေးတို့ထံ တိုင်းအတွင်းရှိ ဒေသခံများ လက်မှတ်ရေးထိုးကာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တိုင်ကြားမှုရှိခဲ့သည်။ ထိုသို့ တိုင်ကြားမှုဖြစ်ပွားခဲ့ပြီးနောက် ပါတီက စုံစမ်းစစ်ဆေးမှုရှိခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှလည်း စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။ ထိုသို့တိုက်ဆိုင်သည့် အခြေအနေများကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ တနင်္သာရီတိုင်းခရီးစဉ် လာရောက်ခဲ့ခြင်းနောက် တိုင်းသူတိုင်းသားများ၏ တောင်းဆိုချက်များ အောင်မြင်ပြီး တိုင်းအစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ဖြစ်ပေါ်လာမည်လာဟု မျှော်လင့်လျက်ရှိသည်။