၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အရှေ့တောင်အာရှရဲ့ သက်တမ်းကြာပြီး အရှိန်အဝါကြီးမားတဲ့ Sea Game အားကစားပြိုင်ပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ သိပ်မကြာတော့တဲ့ အချိန်ကာလမှာ စတင်တော့မှာဖြစ်တဲ့ ဒီပြိုင်ပွဲကြီးအတွက် အရှေ့တောင် အာရှနိုင်ငံတွေက အားကစားအဖွဲ့တွေက အဆင်သင့်ဖြစ်လုနီးပါးအထိ အခြေအနေကို ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ကြမယ့် အားကစား အဖွဲ့တွေကလည်း အသင့်အနေအထား ဖြစ်နေပြီလို့ ယူဆလို့ရတဲ့ အခြေအနေကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။
၁၉၅၈ ခုနှစ်က ထိုင်းနိုင်ငံမှာ ကျွန်းဆွယ်ပြိုင်ပွဲအမည်နဲ့ ကျင်းပခဲ့တဲ့ Sea Games အားကစားပြိုင်ပွဲတွေဟာ အခု ၂၀၁၉ ခုနှစ်မှာ ဆိုရင်တော့ အကြိမ် (၃၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယခုအကြိမ်မှာတော့ ထူးထူးခြားခြားနဲ့ ပထမဆုံးအကြိမ်အဖြစ် နောက်ပိုင်း ဆယ်စုနှစ်တွေအတွင်း ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့ Electronic Sports အားကစားနည်းတွေကို ထည့်သွင်းယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ထည့်သွင်းထားတဲ့ E-Sports ပြိုင်ပွဲအမျိုးအစားက ငါးခုဖြစ်ပြီး PC Game တွေထဲက နှစ်ခုဖြစ်တဲ့ Dota 2 နဲ့ Starcraft 2၊ Console Game တွေအနေနဲ့ Tekken တို့ဖြစ်ပြီး Mobile Games တွေအနေနဲ့ Mobile Legends နဲ့ Arena of Valor တို့ ပါဝင်လာခဲ့ပါတယ်။
အဲဒီလိုပါဝင်လာတဲ့ ပြိုင်ပွဲတွေထဲကမှ မြန်မာနိုင်ငံက ပြည်သူတွေ ဆော့ကစားသူတွေကြားမှာ ရေပန်းစားပြီး ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ Dota 2 နဲ့ Mobile Legends လို E-Sports Game တွေ ပါဝင်လာနေတာကို တွေ့ရပြီး အခြားပြိုင်ပွဲမှာ ပါဝင်တဲ့ ကစားနည်းတွေကလည်း သိပ်ပြီးတော့ အစိမ်းသက်သက် ဖြစ်နေတဲ့ Game အမျိုးအစားတွေတော့ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကနေပြီးတော့ နိုင်ငံ့ကိုယ်စားပြု ယှဉ်ပြ်ိုင်ကစားဖို့ အဆင့်မီ ကစားသမားတွေ ရှိနေခဲ့ပေမယ့် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့အတွက်ကတော့ မရေရာတဲ့ အခြေအနေတွေ ရှိနေခဲ့တာကို စုံစမ်းသိရှိရပြီး ဒီအခြေအနေတွေကို လွန်မြောက်နိုင်မှသာလျှင် မြန်မာနိုင်ငံက E – Sports Players တွေအတွက် နိုင်ငံကိုယ်စားပြုပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မယ့် အခြေအနေတွေကို ရရှိနိုုင်မှာလည်း ဖြစ်ပါတယ်။
“ဖိလစ်ပိုင် Sea Games မှာ မြန်မာ့ E-Sports အားကစားအဖွဲ့ ယှဉ်ပြိုင်မှာလား”
ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ Sea Games ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင် အခြားနိုင်ငံက အားကစားသမားတွေနဲ့ ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်တဲ့ Pro E-Sports Players တွေကတော့ မြန်မာနိုင်ငံမှာ ဒုနဲ့ဒေးပါပဲ။ ကစားသမားတွေ အနေနဲ့က ပြဿနာ မရှိပေမယ့် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရ- မရ ကတော့ ပြဿနာ တစ်ရပ်အဖြစ် ပေါ်ထွက်လာပါတယ်။ အဲဒီပြဿနာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံကိုယ်စားပြုတဲ့ E-Sports အဖွဲ့ချုပ်တစ်ခု မရှိသေးတဲ့အတွက် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရတဲ့ ပြဿနာပါ။ အဲဒီလို E-Sports အဖွဲ့ချုပ်တစ်ခု မရှိသေးတဲ့အတွက် ဖိလစ်ပိုင်က ပြိုင်ပွဲကျင်းပရေး ကော်မတီရဲ့ သတ်မှတ်ချက်တွေအရ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံကိုယ်စားပြု အဖွဲ့ချုပ်တစ်ခု ဖွဲ့စည်းပြီး လာရောက်စာရင်းသွင်းမှာသာ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရှိမှာ ဖြစ်တဲ့အပြင် ဒီစာရင်းပေးသွင်းမှုကလည်း ဖေဖော်ဝါရီလကုန်မှာ နောက်ဆုံးစာရင်းသွင်းရမှာပါ။
ဒီလိုအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ယခင်က ယာယီ E-Sports အဖွဲ့ချုပ်တစ်ခုရှိပြီး ဖြစ်တယ်လို့ သိရပေမယ့် Sea Games အတွက် ပြိုင်ပွဲဝင်ဖို့ နီးကပ်လာချိန်မှာတော့ ဖိလစ်ပိုင်က မြန်မာနိုင်ငံမှာ အဖွဲ့ချုပ်မရှိလို့ ယှဉ်ပြိုင်ခွင့် မရဘူး ဆိုကာ ပယ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေတွေက မြန်မာနိုင်ငံရဲ့ E-Sports Players တွေကြားမှာ အငြင်းပွားဖွယ်ရာ တစ်ခုအဖြစ် ဖြစ်ပေါ်စေခဲ့ပြီဖြစ်ပြီး အခြားသော အားကစား အဖွဲ့ချုပ်များကဲ့သို့ ခိုင်မာတဲ့ E-Sports အဖွဲ့ချုပ်တစ်ခု ပေါ်ထွက်လာနိုင်ဖို့ ကြိုးပမ်းမှုတွေလည်း ရှိလာခဲ့ပါတယ်။
“ကျွန်တော်တို့ဆီမှာ ယာယီ E-Sports အဖွဲ့ချုပ်ဆိုပြီးရှိတယ်။ အရင်ကပေါ့။ ဆိုင်းဘုတ်တွေလည်း တင်ထားပြီးသား။ ဒါပေမဲ့ ဖိလစ်ပိုင် ပြိုင်ပွဲအတွက် ပြိုင်မယ်လုပ်ကြတော့ ကျွန်တော်တို့ဆီမှာ နိုင်ငံ့ကိုယ်စားပြု အဖွဲ့ချုပ် မရှိလို့ဆိုပြီး ဟိုဘက်က (ဖိလစ်ပိုင်) ပယ်ချလိုက်တယ်။ အဖွဲ့ချုပ်ဖွဲ့ပါပေါ့။ ဖွဲ့ပြီးမှ ပြိုင်လို့ရမယ်ပေါ့။ ဒီကနေစပြီးတော့ ကျွန်တော်တို့ဆီမှာ လက်ရှိရှိနေတဲ့ E-Sports အဖွဲ့ချုပ်က ဘာမှမဟုတ်ဘူးလားပေါ့။ အဲဒီမှာ ကျွန်တော်တို့တွေ အဖွဲ့ချုပ်တစ်ခု ဖြစ်ပေါ်လာဖို့ကို နယ်ပယ်စုံကသူတွေနဲ့ စုပေါင်းပြီးတော့ စလုပ်ခဲ့တယ်” ဟု မြန်မာနိုင်ငံ E-Sports အဖွဲ့ချုပ် ဖြစ်မြောက်ရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုအောင်ရဲမော်က ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်ခဲ့တဲ့ E-Sports အဖွဲ့ချုပ်ဖြစ်မြောက်ရေးအတွက် ပြုလုပ်တဲ့ ရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။
ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံ ယာယီ E-Sports အဖွဲ့ချုပ်ရုံးရှိရာလည်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း E-Sports Center တစ်ခုဖြစ်တဲ့ HOG ဘက်က ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ချက် တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ HOG ဘက်က ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနဆီကနေ သိရတဲ့ သတင်းအချက်အလက်အရ ဟုဆိုကာ ဖိလစ်ပိုင် Sea Games မှာ မြန်မာနိုင်ငံက E-Sports အဖွဲ့တွေက ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အကြောင်း တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ခဲ့ပြီး ပြိုင်ပွဲမှာ ပြိုင်ခွင့်မရဘူး ဆိုတာက ကောလာဟလတွေ ဖြစ်ကြောင်း ပါဝင်ခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ HOG ဘက်ကို အတည်ပြုပေးနိုင်ဖို့အတွက် ဆက်သွယ်ခဲ့ရာမှာတော့ ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက HOG က တာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင် Sea Games မှာ ပြိုင်ခွင့်မရဘူးဆိုတာ ကောလာဟလ သတင်းသာ ဖြစ်ကြောင်းနဲ့ အစိုးရဘက်က ပါဝင်ယှဉ်ပြိုင်မယ့် ကစားနည်းတွေကို တစ်ဖက်ကို မပေးပို့ရသေးတဲ့ အခြေအနေတွေသာ ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါတယ်။
“ဖိလစ်ပိုင် Sea Games မှာ မြန်မာနိုင်ငံက E-Sports အဖွဲ့တွေ ပြိုင်ခွင့်မရဘူးဆိုတာ ကောလာဟလသာ ဖြစ်ပါတယ်။ မဟုတ်ပါဘူး။ ပြိုင်လို့ရပါတယ်။ မြန်မာနိုင်ငံက မည်သည့်အားကစားနည်းတွေ ယှဉ်ပြိုင်မယ် ဆိုတာကို အဖွဲ့ချုပ်တွေ ဆွေးနွေးပြီးတဲ့ အချိန်မှာ အစိုးရဘက်က ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီလို မပေးပို့ရသေးတာ သက်သက်သာ ဖြစ်ပါတယ်။ မယှဉ်ပြိုင်ရဘူး ဆိုတာကတော့ Rumor လို့ခေါ်တဲ့ ကောလာဟလ သက်သက်ပဲ” ဟု HOG မှ တာဝန်ရှိသူ တစ်ဦးတစ်ဦးက ရှင်းလင်းခဲ့ပါတယ်။
HOG ရဲ့ ရှင်းလင်းပြောကြားမှု တွေထဲမှာ အစိုးရနဲ့ အဖွဲ့ချုပ်တွေ ဆွေးနွေးပြီးမှ ယှဉ်ပြိုင်မယ့် အားကစားနည်းတွေကို ဖိလစ်ပိုင်ဘက်ကို ပေးပို့မယ်။ နှစ်ဖက်အကြောင်း မကြားရသေးခြင်းကြောင့်သာ ကောလာဟလတွေ ထွက်လာတာလို့ ပါပါတယ်။ ဒီနေရာမှာ အဖွဲ့ချုပ်တွေဆိုတဲ့ စကားအရ မြန်မာနိုင်ငံမှာ E-Sports အဖွဲ့ချုပ်တစ်ခု ရှိနေပြီးသား အခြေအနေ ရှိနေတာကို ဆိုလိုနိုင်တာ ဖြစ်တဲ့အပြင် အဲဒီအဖွဲ့ချုပ်ကလည်း ပတ်သက်လို့ MESF လို့ အမည်ရှိတဲ့ မြန်မာနိုင်ငံ E-Sports အဖွဲ့ချုပ် (ယာယီ) ဖြစ် ကြောင်းလည်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံ E-Sports အဖွဲ့ချုပ် (ယာယီ) (MESF) က ဘာတွေပြောလဲ
မြန်မာနိုင်ငံ E-Sports အဖွဲ့ချုပ် (ယာယီ) (MESF) က ဖိလစ်ပိုင် Sea Games မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖွဲ့တွေ ပါမပါဆိုတာက ဖိလစ်ပိုင်ရဲ့ ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ကြောင်း၊ အဖွဲ့ချုပ်အနေနဲ့ မဟုတ်ဘဲ နိုင်ငံတကာ အသိအမှတ်ပြု လိုင်စင်ကျထားတဲ့ Association တစ်ခုဆိုရင်လည်း ပြိုင်လို့ရကြောင်းနဲ့ စင်ကာပူနိုင်ငံက အဖွဲ့ကလည်း ဒီလိုအခြေအနေတွေနဲ့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒီလို အတည်ပြုမှုဟာ ဖိလစ်ပိုင် Sea Games မှာ မြန်မာ့ E-Sports အဖွဲ့တွေ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် တရားဝင်အစိုးရ အသိမှတ်ပြု အားကစားအဖွဲ့ချုပ်တစ်ခု ရှိမနေခဲ့ရင်တောင် နိုင်ငံတကာ အသိအမှတ်ပြု လိုင်စင်ရရှိထားတဲ့ E-Sports အဖွဲ့အနေနဲ့ ပါဝင်ယှဉ်ပြိုင်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာလည်း ဖြစ်ပါတယ်။ ဒီအတည်ပြု ပြောကြားမှုကို MESF ရဲ့ လက်ရှိ ဥက္ကဋ္ဌတာဝန်ယူထားသူ ဦးလှမြတ်သိန်းက ဖေဖော်ဝါရီ ၉ ရက် ညပိုင်းမှာ The Daily Eleven ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားအတည်ပြုခဲ့တာဖြစ်ပြီး သူ့ရဲ့ပြောကြားမှုတွေအရ MESF က ပြန်လည်ဖွဲ့စည်းဖို့ ပြင်ဆင်ခဲ့တဲ့အတွက် ၂၀၁၉ ဆီးဂိမ်းကိုတော့ ယှဉ်ပြိုင်ရန် မျှော်လင့်ချက် ကြီးကြီးမားမား မရှိကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ပြုလုပ်မယ့် ဂျပန်နိုင်ငံ၊ တိုကျိုအိုလံပစ် ပြိုင်ပွဲအတွက်ကိုသာ ရည်မှန်းချက် ကြီးကြီးမားမားထားပြီး ပြင်ဆင်နေကြောင်း သိရပါတယ်။
“ကျွန်တော်တို့ အနေနဲ့က MESF က ယာယီအဖွဲ့အနေနဲ့လေ လက်ရှိကတော့။ အဲဒီတော့ ပြင်ဆင်ဖို့ အများကြီး အချိန်ယူရဦးမယ်။ အနယ်နယ် အရပ်အရပ်က အလွှာစုံက သူတွေပါမယ်။ အဲဒီလိုဆိုတော့ အချိန်ယူရဦးမယ်။ ဖိလစ်ပိုင်ပြိုင်ပွဲ အတွက်တော့ အစီအစဉ်က သိပ်မရှိဘူး။ ကျွန်တော်တို့က ၂၀၂၀ တိုကျိုအိုလံပစ်ကို ရည်ရွယ်ထားတာ” ဟု MESF ရဲ့ လက်ရှိဥက္ကဋ္ဌ ဦးလှမြတ်သိန်းက ဆိုပါတယ်။
“ဖိလစ်ပိုင်ဆီးဂိမ်းအတွက် အငြင်းပွားဖွယ် ပြဿနာတွေက ဘာတွေလဲ”
ဒီလိုမျိုး ဖိလစ်ပိုင်ဆီးဂိမ်းအတွက် လက်ရှိ မြန်မာနိုင်ငံ E-Sports အဖွဲ့ချုပ် (ယာယီ) (MESF) က မျှော်လင့်ချက် ကြီးကြီးမားမား မရှိတဲ့အချိန်မှာ တစ်ဖက်က E-Sports ကစားသမားတွေဘက်တော့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြု ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားမှုတွေ ရှိလာခဲ့ပါတယ်။ ဒီလိုကြိုးစားမှုတွေ ရှိလာခဲ့တာလည်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနဘက်က အစိုးရ တာဝန်ရှိသူတွေနဲ့ မန္တလေးတိုင်းဒေသကြီးက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးညီမင်းဟန်၊ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက အတွင်းဝန်၊ ဒုတိယဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိတို့ရဲ့ ၂၀၁၈ ခုနှစ်အတွင်း တွေ့ဆုံခဲ့တဲ့ တွေ့ဆုံမှုကနေ ဖြစ်ပေါ်လာခဲ့တာပါ။
ဒီတွေ့ဆုံမှုတွေမှာ အစိုးရဘက်က သူတို့ကိုယ်တိုင် ကန့်ကွက်မှု မရှိကြောင်း ချမှတ်ထားခဲ့တဲ့ (MESF) ကို ပြဿနာအချို့ ရှိခြင်းကြောင့် ရုပ်သိမ်း၊ ရပ်ဆိုင်းထားတယ်လို့ ဦးညီမင်းဟန်ကို ပြောကြားခဲ့တယ်လို့ သူ့ရဲ့ပြောကြားမှုအရ သိရပြီး ဒီလိုမျိုး အဖွဲ့ချုပ်တစ်ခု မရှိခြင်းကြောင့် လက်ရှိ E-Sports အားကစားသမား တွေ၊ E-Sports ဂိမ်းဆိုင်ပိုင်ရှင်တွေ စတဲ့အလွှာစုံလို့ ဆိုနိုင်တဲ့သူတွေ ပါဝင်မယ့် မြန်မာနိုင်ငံ E-Sports အားကစား အဖွဲ့ချုပ်တစ်ခုကို အမြန်ဆုံး တည်ထောင်ရန်နှင့် ဖိလစ်ပိုင်ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် စတင်ကြိုးပမ်းလာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုကြိုးပမ်းလာခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိ ဦးစည်သူထွန်းရဲ့ ဆက်သွယ်ပေးမှုနဲ့အတူ လွှတ်တော်ကိုယ်စားလှယ် ဦးညီမင်းဟန်နဲ့ E-Sports နယ်ပယ်စုံက ပါဝင်သူ စုစုပေါင်းခြောက်ဦး၊ MESF ရုံးစိုက်ရာ HOG E-Sports Center က ခုနစ်ဦးတို့ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ E-Sports အားကစားအဖွဲ့ချုပ် တည်ထောင်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံမှုမှာ အစိုးရဘက်က မြန်မာနိုင်ငံ E-Sports အားကစား အဖွဲ့ချုပ်တည်ထောင်ရန် ကြိုးပမ်းသူတွေမှာ လက်ရှိ MESF၊ HOG E-Sports Center တို့ကဲ့သို့ နိုင်ငံတကာ E-Sports အဖွဲ့ချုပ် (IESF) ဘက်က အသိအမှတ်ပြုလက်မှတ် ရှိရဲ့လားဆိုတဲ့ မေးခွန်းကို ပြန်လည်မေးမြန်းခဲ့ပြီး HOG ဘက်ကတော့ ဖိလစ်ပိုင်ဆီးဂိမ်းအတွက် မြေပြင်အခြေအနေတွေကို အစိုးရကိုယ်စားပြုအနေနဲ့ မဟုတ်ဘဲ သွားရောက် လေ့လာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး “အစ်ကိုတို့တွေ ဒီဇင်ဘာ ၁၈ ရက်က အားကာမှန်ဆောင်မှာ HOG ကခုနစ်ဦး၊ အစ်ကိုတို့ဘက်က ခြောက်ဦးပြီးတော့ အစိုးရဘက်က အတွင်းဝန်တွေပါပြီး တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်။ အဲဒီမှာ ဒုဝန်ကြီးက မေးခိုင်းလို့ဆိုပြီး အစ်ကိုတို့ဆီမှာ (IESF) အသိအမှတ်ပြုလက်မှတ် ရှိလားဆိုပြီးပေါ့။ ပြီးတော့ HOG က သူတို့မြေပြင်အခြေအနေတွေကို သွားကြည့်မယ်။ လိုက်ချင်ရင်လိုက်ခဲ့ပေါ့။ လိုက်ခဲ့နိုင်တယ်။ အစိုးရအနေနဲ့ မဟုတ်ကြောင်း ပြောခဲ့တယ်။ ဒါပေမဲ့ သူတို့ပြောခဲ့တာ အဲဒီနေ့က သောကြာနေ့၊ သွားမယ့်နေ့က တနင်္လာနေ့လေ။ ဒီနေရာမှာ သူတို့ဘယ်လိုမျိုးလဲ တွေးကြည့်နိုင်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးညီမင်းဟန်က ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းမှာ ပြောခဲ့ပါတယ်။
MEF ဖြစ်မြောက်ရေးအတွက် ဘာတွေဆက်ဖြစ်ခဲ့လဲ
ဒီနောက်ပိုင်းမှာတော့ ဦးညီမင်းဟန်နဲ့ အစိုးရဘက် တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး ညွှန်ကြားမှုတွေအတိုင်း MEF လို့ ခေါ်တဲ့ မြန်မာနိုင်ငံ E-Sports အဖွဲ့ချုပ်တစ်ခု ဖြစ်လာနိုင်ဖို့ကို အစီအစဉ်တွေ ရေးဆွဲခဲ့ကြပြီး အစိုးရဘက်ကတော့ Constitution တစ်ခုရေးဆွဲရန်နဲ့ ရေးဆွဲပြီးပါက ရွေးကောက်ပွဲကော်မရှင်၊ နောက်ရွေးကောက်ပွဲ ပြုလုပ်ပြီး အဖွဲ့ချုပ်တစ်ခု တည်ထောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဦးညီမင်းဟန်က ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေအပြီး ဇန်နဝါရီ ၁၉ ရက်မှာတော့ ရန်ကုန်မြို့ ယုဇနဟိုတယ်၌ E-Sports နဲ့ပတ်သက်တဲ့ နယ်ပယ်စုံက အဖွဲ့ ၂၄ ဖွဲ့ ပါဝင်တက်ရောက်ခဲ့တဲ့ အောက်မြန်မာပြည် ကိုယ်စားပြု MEF ဖြစ်မြောက်ရေး ကော်မရှင် အဖွဲ့ဝင်သုံးဦး ရွေးချယ်ခဲ့ပြီး အထက်မြန်မာပြည် ကိုယ်စားပြု ရွေးချယ်မှုတွေကိုတော့ ဇန်နဝါရီ ၂၉ ရက်မှာ မန္တလေးမြို့၌ ပြုလုပ်ခဲ့ပြီး အဖွဲ့ ၂၇ ဖွဲ့ရှေ့မှာ ကော်မရှင်အဖွဲ့ဝင်နှစ်ဦး ထပ်မံရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပွဲကို The Daily Eleven သတင်းစာက ပြည်တွင်းမီဒီယာ တစ်ခုအနေနဲ့ သတင်းသွားရောက် ယူခဲ့ပါသေးတယ်။
MEF ဖြစ်မြောက်ရေး ပြုလုပ်ခဲ့တဲ့ ကော်မရှင်ရွေးပွဲတွေမှာ ဘယ်သူတွေပါခဲ့သလဲ
MEF ဖြစ်မြောက်ရေးအတွက် ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ကပွဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် ဦးညီမင်းဟန် ဦးဆောင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံက Dota 2 ပြိုင်ပွဲ အပါအဝင် မြန်မာနိုင်ငံရဲ့ E-Sports ထိပ်တန်းကစားသမား တစ်ဦးဖြစ်တဲ့ Kenji လည်းလာရောက်ခဲ့တာကို The Daily Eleven သတင်းစာရဲ့ သတင်းရယူမှုအရ မြင်တွေ့ခဲ့ရပြီး အထက်မြန်မာပြည် ကိုယ်စားပြု ရွေးချယ်ပွဲကိုတော့ လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးနဲ့အတူ အခြားသော E-Sports နယ်ပယ်မှသူတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒီပွဲတွေကိုတော့ MESF၊ HOG E-Sports Center တို့ဘက်က လာရောက်ခဲ့ခြင်း မရှိပေမယ့် MEF ဖြစ်မြောက်ရေး ကြိုးပမ်းသူတွေ ဘက်ကတော့ ၎င်းတို့ကို ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုဖိတ်ကြားမှုတွေကို မတက်ရောက်ဖြစ်တဲ့ အကြောင်းကိုတော့ HOG E-Sports Center ဘက်က တာဝန်ရှိသူ တစ်ဦးက ဖြေကြားရာမှာ တရားဝင်အဖွဲ့အစည်း တစ်ခုက တရားဝင် ဖိတ်ကြားမှုမျိုးဆိုရင် တက်ရောက်မှာ ဖြစ်ပေမယ့် တရားဝင်ဖိတ်ကြားမှုမျိုး မဟုတ်ရင်တော့ တက်ရောက်မည် မဟုတ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် HOG E-Sports Center ကတော့ မြန်မာနိုင်ငံ E-Sports အဖွဲ့ချုပ် (ယာယီ) (MESF) နဲ့ ပတ်သက်တဲ့ အရာတွေကိုတော့ မသက်ဆိုင်တဲ့အတွက် မဖြေကြားခဲ့ပါဘူး။
MEF ဖြစ်မြောက်ရေးဘက်မှာ ဘယ်သူတွေ ပါဝင်နေလဲ
MEF ဖြစ်မြောက်ရေးဘက်မှာတော့ မြန်မာနိုင်ငံရဲ့ Dota 2 ထိပ်တန်းကစားသမား တစ်ဦးဖြစ်တဲ့ Kenji၊ နောက် Console Game ဘက်က ကစားသမားတွေနဲ့ Mobile Game ဘက်က Moblie Legends ထိပ်တန်း အသင်းတချို့ ပါဝင်နေတယ်လို့ ကြားသိထားရပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်ကတော့ ဒီလိုမျိုး ပြောကြားမှုတွေနဲ့ ပတ်သက်ပြီး အတည်ပြုပေးဖို့ဆိုတာ သိပ်ပြီးတော့ လွယ်ကူတာမျိုး မဟုတ်ကြောင်း တုံ့ပြန်ပြောကြားမှုတွေလည်း ရှိနေပါတယ်။
MEF ဖြစ်မြောက်ရေးရဲ့ အခြားဘက်တစ်ဖက်လို့ ဆိုရမယ့် HOG ဘက်က တာဝန်ရှိသူ တစ်ဦးကတော့ “Kenji လို ကစားသမားတွေက ဘယ်ဘက်မှာ ရှိနိုင်မလဲဆိုတော့ သူတို့က ကစားသမားတွေပါ။ ကစားသမားတွေက ပြိုင်ပွဲဝင်ဖို့အတွက် စိတ်ရှိနိုင်ပါတယ်။ ဒီတော့ သူတို့၊ ကစားသမားတွေ ဘယ်လိုဆိုတာကတော့ ပြောလို့မရတဲ့ အနေအထားပါ။ ဘယ်ဘက်မှာဆိုတာက ခက်ပါတယ်” လို့ ဆိုပါတယ်။
နှစ်ဖက်စလုံးက ဘာတွေကို လိုလားလဲ၊ ဘာတွေဖြစ်လာနိုင်လဲ
MEF ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသူတွေ ဘက်ကတော့ အလွှာစုံက ပါဝင်တဲ့ မြန်မာနိုင်ငံ E-Sports အားကစားအဖွဲ့ချုပ်တစ်ခု ပေါ်ထွက်လာဖို့ဖြစ်ပြီး အခြားတစ်ဖက်ဖြစ်တဲ့ မြန်မာနိုင်ငံ E-Sports အဖွဲ့ချုပ် (ယာယီ) ( MESF)၊ HOG E-Sports Center တို့ကတော့ နိုင်ငံတကာမှာ မြန်မာနိုင်ငံ ကိုယ်စားပြု E-Sports ကစားသမားတွေ ပေါ်ထွက်လာစေရေးအတွက် ဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်ဖက်ကြားမှာ အငြင်းပွားဖွယ် ပြဿနာတွေ ရှိနေပေမယ့် HOG E-Sports Center ဘက်ကလည်း ပူးပေါင်းပါက အဆင်သင့် ကြိုဆိုမည် ဟုဆိုခဲ့ပြီး MEF ဖြစ်မြောက်ရေး ကြိုးပမ်းသူတွေ ဘက်ကလည်း သူတို့ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေတိုင်းမှာ HOG E-Sports Center ဘက်ကို ဖိတ်ကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ပြုလုပ်မယ့် ဖိလစ်ပိုင်ဆီးဂိမ်းကာလက သိပ်မဝေးတော့ပါဘူး။ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံဘက်က နိုင်ငံ့ကိုယ်စားပြု E-Sports ကစားသမားတွေကတော့ အဆင်သင့် ဖြစ်မနေကြသေးဘဲ အဖွဲ့ချုပ် တည်ထောင်ရန်၊ ပြိုင်ပွဲဝင်ခွင့်ရရန် အတွက်သာ ကြိုးပမ်းနေကြရတုန်းပါ။ ဒီအခြေအနေတွေက ကောင်းတဲ့ဘက်ကို မျှော်လင့်နိုင်တဲ့ အခြေအနေ မဟုတ်တာတော့ အသေအချာပါပဲ။
နောက်ပြီး အစဉ်တစိုက် နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ပြိုင်ပွဲတွေ လုပ်နေတဲ့ ထိပ်တန်း E-Sports ကုမ္ပဏီဘက်က သူ့အစီအစဉ်နဲ့သူသာ နိုင်ငံတကာပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖို့ရှိနေပြီး အဲဒီလိုသာ ဖြစ်လာခဲ့ရင် MEF ဖြစ်မြောက်ရေးမှာ ပါဝင်နေတဲ့ မြန်မာ့ E-Sports ထိပ်တန်းကစားသမားတွေ၊ အခြားသော E-Sports နယ်ပယ်ကသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံ အငြင်းပွားမှုတွေ ဆက်လက်ဖြစ်ပွားလာနိုင်ပြီး ဒီအခြေအနေက နိုင်ငံအတွက် ကောင်းနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာဖို့တော့ မရှိပါဘူး။
ဒီအတွက် ထိပ်တန်းကစားသမားတွေ ပါဝင်တဲ့ MEF ဖြစ်မြောက်ရေးအဖွဲ့နဲ့ နိုင်ငံတကာ အဆက်အသွယ် ကောင်းတွေရှိတဲ့ ထိပ်တန်း E-Sports ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မှုတွေ ပြုလုပ်မှသာလျှင် ဖိလစ်ပိုင်ဆီးဂိမ်း အပါအဝင် နိုင်ငံတကာမှာ ပြုလုပ်လာပြီဖြစ်တဲ့ E-Sports ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် ကစားသမားတွေ ပေါ်ထွက်လာနိုင်မှာပါ။
မကြာမီ ရက်ပိုင်းအတွင်းမှာ ဖိလစ်ပိုင် ဆီးဂိမ်းအတွက် E-Sports ပြိုင်ပွဲစာရင်းသွင်းမှု နောက်ဆုံးအချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလကုန်တော့မှာဖြစ်ပြီး မြန်မာနိုင်ငံက E-Sports ကစားသမားတွေ အနေနဲ့ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုရင် နိုင်ငံ့ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ကြရမှာဖြစ်လို့ လက်ရွေးစင်အဆင့် ကစားသမားတွေ ကျန်ခဲ့တာမျိုး မဖြစ်မှသာလျှင် ဒေသတွင်း နိုင်ငံတွေအကြားက ပြိုင်ပွဲဝင်တွေနဲ့ တန်းတူပြိုင်ပွဲဝင်နိုင်မှာ ဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်ဖြစ်ခဲ့မယ်ဆိုရင် ၀ိ၀ါဒကွဲပြားမှုတွေကို နိုင်ငံအတွက် မေ့ထားရင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ မျှော်လင့်ရင်း တိုက်တွန်းလိုက်ရပါတယ်။