( ၁ )
ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဘယ်စီမံကိန်းနဲ့ ချိတ်ဆက်လဲ ပြန်ကြည့်မယ်ဆိုရင် သူဟာ တရုတ်နိုင်ငံရဲ့ မဟာဗျုဟာစီမံကိန်းကြီးဖြစ်တဲ့ One Belt One Road (OBOR) စီမံကိန်းနဲ့ တိုက်ရိုက်ချိတ်ဆက်ပါတယ်။ ပင်လယ်ထွက်ပေါက်ကို သွားနိုင်တဲ့နေရာမှာတည်မယ့် မြို့သစ်ဖြစ်လို့ တရုတ်နိုင်ငံရဲ့ OBOR လို့ခေါ်တဲ့ Belt and Road Initiative စီမံကိန်းအတွက် အရေးအပါဆုံးလမ်းကြောင်း တစ်ခုလည်း ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတာကြောင့် ရန်ကုန်မြို့သစ်စီမံကိန်း စတင်မယ်ဆိုကတည်းက စီမံကိန်းမှာ ငွေမည်းတွေ စီးဝင်လာနိုင်တဲ့ အခြေအနေ၊ အချုပ်အခြာအာဏာထိပါးနိုင်မှုနဲ့ သူများနိုင်ငံထွန်းလင်းဖို့ ကိုယ့်နိုင်ငံက ဖယောင်းတိုင်ဖြစ်ပေးလိုက်ရတာမျိုး မဖြစ်အောင်၊ တရုတ်ကြွေးမြီမှာ နစ်မွန်းမသွားအောင် ကြိုတင်ပြင်ဆင် တွက်ဆဖို့နဲ့ ကိုယ်နိုင်ငံအကျိုးရှိဖို့အတွက် ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေ ရှိနေပေမဲ့လည်း စီမံကိန်းအတွက် လုပ်ငန်းခြောက်ခုကို တရုတ်အစိုးရရဲ့ China Communications and Construction Company (CCCC) ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးတော့မယ့်အခြေအနေမှာ မြန်မာနိုင်ငံပြန်ရမယ့် အကျိုးအမြတ်ရလဒ်ဟာ ထင်မှတ်ထားတာထက်ကို နည်းပါးနေပြီး တရုတ် ၉၅၊ မြန်မာငါးရာခိုင်နှုန်းနဲ့ အချိန်များစွာကြာမှ မြန်မာနိုင်ငံက ၂၅ ရာခိုင်နှုန်းကို တက်ရပြီး စီမံကိန်း ပထမအဆင့်မှာ ဧက ၂၀၀၀၀ လောက်ရင်းရမယ့် မြန်မာနိုင်ငံဟာ စုစုပေါင်းမှဒေါ်လာ သန်း ၄၅၀ လောက်ပဲ အကျိုးအမြတ်ရနိုင်တဲ့ အခြေအနေဟာ မြန်မာပြည်သူတွေအတွက်တော့ စိတ်ပျက်စရာအခြေအနေဖြစ်နေပြီး တရုတ်လက်ကို ရန်ကုန်မြို့သစ်စီမံကိန်းကြီး ထိုးအပ်လိုက်သလိုဖြစ်နေတဲ့ အခြေအနေလို့ပဲ ဆိုရတော့မယ့် အခြေအနေပါ။
( ၂ )
ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ရင် မြေယာခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုကလည်း မလွဲမသွေဖြစ်လာမယ့် အခြေအနေပါ။ ဘာကြောင့်လဲဆိုတော့ New Yangon Development ကုမ္ပနီက CEO ဦးသိမ်းဝေက ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ မြေစျေးကို အစိုးရအဖွဲ့ သဘောတူညီချက်အရ သီလဝါစီမံကိန်းမှာ ဂျပန်နိုင်ငံကို ပေးခဲ့သလို 1 square meter ကို ငါးဒေါ်လာသတ်မှတ်ပေးခဲ့တယ်ဆိုတဲ့ အခြေအနေကြောင့်ပါ။ တစ်ဧကမှာ ၄၀၄၆ ဒသမ ၈၆ 1 square meter ပဲ ရှိတာကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ တရုတ်ကို မြေတစ်ဧက ဒေါ်လာ ၂၀၂၃၄ ဒေါ်လာနဲ့ ရောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေပြီး အဲဒီပမာဏကို လက်ရှိဖေဖော်ဝါရီ ၁၅ ရက်မှာဖြစ်ခဲ့တဲ့ ဗဟိုဘဏ်စျေး ၁၅၃၂ ကျပ်နဲ့တွက်မယ်ဆိုရင် မြေတစ်ဧကကို ကျပ်သိန်း ၃၁၀ နဲ့ပဲ တရုတ်လက် ထိုးအပ်လိုက်တဲ့ အဓိပ္ပာယ်ပါ။
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်မယ်ဆိုတဲ့ အခြေအနေကြောင့် လက်ရှိမှာကို ကျပ်သိန်းထောင်ချီပေါက်စျေးရှိနေတဲ့ ရန်ကုန်မြို့သစ်ရဲ့ မြေ ၁၆၈၀၀၀ ဧကကို တရုတ်လက်ထဲ စျေးပေါပေါနဲ့ ထိုးထည့်မယ့်အပြင် မူလလယ်ပိုင်ရှင်တွေ မြေပိုင်ရှင်တွေဟာလည်း လက်ရှိသတ်မှတ်ထားတဲ့ ၂၀၊ ၈၀ အချိုးအရ ၁၀ ဧကပိုင်မှ နှစ်ဧကပဲပြန်ရမှာဖြစ်ပြီး လက်ရှိအစိုးရသတ်မှတ်တဲ့ တန်ဖိုးကလည်း အဆမတန်နည်းတဲ့ နှုန်းဖြစ်နေတဲ့အတွက်ကြောင့် ဒီပမာဏနဲ့ ဖြတ်ကြည့်မယ်ဆိုရင် အလွန်နည်းတဲ့နှုန်းဖြစ်နေတာကို မြင်ရမှာဖြစ်ပြီး မြို့မြေဖြစ်လာချိန်ကို ထိုင်စောင့်ရမယ့် အခြေအနေပါ။
( ၃ )
ဖေဖော်ဝါရီ ၁၅ ရက်မှာကျင်းပတဲ့ ရန်ကုန်မြို့သစ် အပြီးသတ်အဆင့် Master Plan ဆွေးနွေးတင်ပြခြင်းပွဲမှာ NYDC CEO ဦးသိမ်းဝေက စီမံကိန်းအကျိုးအမြတ် ခွဲဝေမှုနဲ့ပတ်သက်ပြီး အောက်ပါအတိုင်းပြောခဲ့ပါတယ်။
“ကျွန်တော်တို့ CCCC ကိုပေးတာ လုပ်ငန်းခြောက်မျိုး။ တံတားနှစ်စင်းရှိတယ်။ လမ်း ၂၆ ကီလိုမီတာရှိတယ်။ ရွာမြို့က ငါးခုရှိတယ်။ စက်မှုဇုန်က 23 Square Kilometer ရှိတယ်။ 13 Square Kilometer ရှိတယ်။ ပြီးတော့ ရေ၊ ရေဆိုး အဲဒီလို ခြောက်မျိုးရှိတယ်။ ခြောက်မျိုးရှိတာကို လိုအပ်တဲ့ငွေက ဒေါ်လာသန်းပေါင်း ၁၆၈၀ လောက်ကျတယ်။ အဲဒီငွေအကုန်လုံး တစ်ရာရာခိုင်နှုန်းကို သူတို့က ထုတ်ရမယ်။ ပြီးတော့ တာဝန်ယူရမယ်။ ကျွန်တော်တို့က တစ်ပြားမှ မထုတ်ဘူး။ သို့သော် ကျွန်တော်တို့က သူ CCCC ဆောက်လုပ်ရေးလုပ်ရမယ့် နေရာတွေ၊ လမ်းတွေ၊ တံတားတွေ၊ ရေစက်တွေအတွက် မြေတွေထုတ်ပေးမယ်။ မြေတွေထုတ်ပေးတဲ့အခါမှာ ဒီမြေတွေကို စျေးတွက်တာကို ကျွန်တော်တို့က ဂျပန်နဲ့ဖက်စပ်လုပ်တဲ့ သီလဝါစက်မှုဇုန်လိုမျိုး နိုင်ငံတော်အစိုးရ ခွင့်ပြုချက်အရ။ အဲဒီစျေးက 1 Square Meter ကို ၅ ဒေါ်လာနဲ့။ အဲဒီစျေးနဲ့ တွက်လို့ရှိရင် စောစောကပြောတဲ့ လုပ်ငန်းတွေ အကုန်လုံးလုပ်ဖို့ လိုအပ်တဲ့ မြေအကုန်လုံးတွက်လိုက်ရင် ကျွန်တော်တို့ထုတ်တဲ့တန်ဖိုးက ဒေါ်လာ ၁၄၄ သန်း ပဲရှိတယ်။ သူတို့ထုတ်တာက ၁၆၈၀ ရှိတယ်။ သူထုတ်တာနဲ့ ကျွန်တော်တို့ထုတ်တာ ငွေသားမထုတ်သော်လည်း တန်ဖိုးတစ်ခုရှိတဲ့ မြေထုတ်တော့ ကျွန်တော်တို့ထုတ်တာက ရှစ်ရာခိုင်နှုန်း။ သူထုတ်တာက ၉၂ ရာခိုင်နှုန်း။ သူတို့က ငွေသား၊ ကျွန်တော်တို့က မြေ။ ဖက်စပ် Joint Venture လုပ်လို့ရှိရင် ကျွန်တော်တို့က ရှစ်ရာခိုင်နှုန်း၊ သူတို့က ၉၂ ရာခိုင်နှုန်းပြန်ရမယ်။ သို့သော် အစိုးရအနေနဲ့ ၈ ရာခိုင်နှုန်းနဲ့ မလုံလောက်ဘူး။ ကျွန်တော်တို့က စျေးကွက်ပေးမယ့်သူ။ ကျွန်တော်တို့က ၂၅ ရာခိုင်နှုန်းလိုချင်တယ်။ အဲဒီတော့ CCCC က ၉၂ ရာခိုင်နှုန်း ငွေထုတ်ပေမယ့် ၇၅ ရာခိုင်နှုန်းပဲ ပိုင်တယ်။ အဲဒီလိုဆိုတော့ မမျှတဘူး။ ကျွန်တော်တို့မျှတအောင်လုပ်တယ်။ ဘယ်လို လုပ်မလဲဆိုရင် လုပ်ငန်းခြောက်မျိုးကနေ သုံးမျိုးက ပိုက်ဆံရမယ်။ ကျွန်တော်တို့ သဘောတူထားတာက သူရဲ့ရင်းနှီးငွေရယ်။ အတိုးနှုန်း (Internal Rate of Return) ၁၃ ရာခိုင်နှုန်းရယ် အတိုးနှုန်း အမြတ်ငွေ ပြန်မရခင်မှာ ၁၀၀ ဝင်လို့ရှိရင် သူတို့က ၉၅ ရာခိုင်နှုန်းယူ။ ကျွန်တော်တို့က ငါးရာခိုင်နှုန်းပဲယူမယ်။ အဲဒီလိုယူလို့ သူတိုရဲ့ သန်းပေါင်း ၁၆၈၀ ပြန်ရပြီ အတိုးလည်းပြန်ရပြီဆိုရင် ကျွန်တော်တို့ရဲ့မြေ။ အစောကြီးကတည်းက ငါးရာခိုင်နှုန်းယူထားတော့ ရနေပြီ။ ကျွန်တော်တို့က ၁၄၄ သန်းပဲရှိတာ။ သူတို့ရင်းနှီးမြှုပ်နှံငွေနဲ့ အတိုးပြန်ရပြီးမှ ၇၅ ရာခိုင်နှုန်း နဲ့ ၂၅ ရာခိုင်နှုန်းခွဲမယ်။ အဲဒီတော့ သူက သဘောတူတယ်။ ကျွန်တော်တို့မနစ်နာတဲ့အပြင် သာတယ်လို့ကျွန်တော်ထင်တယ်။ ပိုက်ဆံမရှိဘူး။ ထုတ်ဖို့လည်းမရှိဘူး။ ထုတ်လည်း မထုတ်ချင်ဘူး။ မြေပဲရှိတယ်။ မြေတန်ဖိုးသတ်မှတ်ပြီး သွင်းတယ်။ မြေတန်ဖိုးထက် ပိုရတဲ့နှုန်း ဘယ်လောက်ပိုရလဲဆို မြေတန်ဖိုးက ရှစ်ရာခိုင်နှုန်းပဲရှိတယ်။ ကျွန်တော်တို့က ၂၅ ရာခိုင်နှုန်းရမယ်။ သုံးဆပိုရတယ်။ ပိုအရေးကြီးတာက ဘာလဲဆို ဒီ CCCC နဲ့ ဘယ်သူနိုင်နိုင် ဒီပုဂ္ဂိုလ်နဲ့ JV လုပ်သွားလို့ရှိ ရင် အခုသူ့ကိုပေးတဲ့ Concession ရေ၊ ရေဆိုး Water Treatment Plan နဲ့ တခြားဟာတွေ ပေးထားတာက အနှစ် ၃၀။ အနှစ် ၃၀ မှာ အနောက်မှာ ၁၅ နှစ်က အမြတ်ငွေ။ ရှေ့မှာက အရင်းတွေကျေဖို့။ ကျွန်တော်တို့က ၂၅ ရာခိုင်နှုန်းပိုင်တယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းက ဘယ်လောက်ပမာဏရှိလဲဆိုရင် ဒေါ်လာ သန်းပေါင်း ၄၅၀ ရှိတယ်။ အဲဒီ သန်း ၄၅၀ သည် ကျွန်တော်တို့ရမှာ။ တိုင်းအစိုးရရမှာ။ ဒါမြို့သစ်ကြီးကို ရှေ့လျှောက်ထိန်းသိမ်းသွားမယ့် စရိတ်။ အဲဒီစရိတ်ကို ကျွန်တော်တို့ ဖော်နေတယ်။ တစ်ခါတည်း အပြတ်ပေးလိုက်ရပြီးတော့ ဘာမှလည်းမရဘူး။ သူပဲအကုန်လုံးရပြီးတော့ အိမ်သယ်သွားတာ မဟုတ်ဘူး။ အဲဒါကို ကျွန်တော်ရှင်းပြချင်ပါတယ်” လို့ ဦးသိမ်းဝေက ဆိုပါတယ်။
ဦးသိမ်းဝေစကားကို ပြန်ကြည့်မယ်ဆိုရင် CCCC ဒါမှမဟုတ် NYDC Challenge မှာ CCCC ကိုပြိုင်ပြီး နိုင်တဲ့ကုမ္ပဏီနဲ့ Joint Venture လုပ်မယ်။ ကုမ္ပဏီဘက်က ဒေါ်လာ သန်း ၁၆၈၀ စိုက်ထုတ်မယ်။ အဲဒီစိုက်ထုတ်တဲ့ ဒေါ်လာသန်း ၁၆၈၀ ကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ အတိုးတွက်ပြီး အနှစ် ၃၀ သတ်မှတ်ထားတယ်။ အနှစ် ၃၀ အတွင်းမှာ CCCC က သန်း ၁၆၈၀ နဲ့ အတိုးနဲ့ တွက်ယူနေပြီး အရင်းနဲ့အတိုး မရသေးတဲ့အခြေအနေမျိုးမှာ CCCC က ရတဲ့ငွေရဲ့ ၉၂ ရာခိုင်နှုန်းအထိယူပြီး အတိုးရောအရင်းပါကျေမှ မြန်မာက ၂၅ ရာခိုင်နှုန်းရမယ်ဆိုတဲ့ အခြေအနေကို မြင်ရပါတယ်။ ဒီနေရာမှာ ဦးသိမ်းဝေပြောခဲ့တဲ့စကားမှာ မရှင်းလင်းတဲ့အချက်တွေ အများကြီးမြင်နေရသလို ဒေါ်လာသန်း ၁၆၈၀ ကို ဘာကြောင့် အတိုး ၁၃ ရာခိုင်နှုန်းနဲ့ အတိုးတွက်ပေးသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
နောက်တစ်ခု ထပ်တွေးစရာက ရန်ကုန်မြို့သစ်စီမံကိန်းတစ်ခုလုံးဟာ အပိုင်း (၁) မှာပဲ ဧက ၂၀၀၀၀ လောက်အပေါ်မှာ အကောင်အထည်ဖော်မှာဖြစ်ပြီး အပိုင်း(၂) မှာတော့ ဧက ၁၄၈၀၀၀ အပေါ် အကောင်အထည်ဖော်မှာဖြစ်သလို စုစုပေါင်းဒေါ်လာ ငါးဘီလျံလောက် အနည်းဆုံးကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ စီမံကိန်းဖြစ်ပါတယ်။ ဒီလို ရန်ကုန်မြို့သစ် စီမံကိန်းတစ်ခုလုံးအတွက် ကုန်ကျမယ့် ဒေါ်လာငါးဘီလျံကို အတိုး ၁၃ ရာ ခိုင်နှုန်းနဲ့ အတိုးတွက်ပေးမှာလား။ CCCC က ဒေါ်လာသန်း ၅၀၀၀ အပေါ် အတိုးနဲ့တွက်ယူနေပြီး အရင်းနဲ့အတိုး မရသေးတဲ့အခြေအနေမျိုးမှာ CCCC က ရတဲ့ငွေရဲ့ ၉၂ ရာခိုင်နှုန်းအထိယူပြီး အတိုးရောအရင်းပါကျေမှ မြန်မာက ၇၅ ရာခိုင်နှုန်းရမယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ ဆက်သွားမှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့သလို ကိုယ့်ဘက်က ငွေမထုတ်နိုင်လို့ တရုတ်ကိုပဲ အကျိုးအမြတ်အသာစီးပေးနေတယ်ဆိုတဲ့ အခြေအနေဟာ ရန်ကုန်မြို့သစ်တစ်ခုလုံးကို တရုတ်လက် ဝကွက်အပ်လိုက်ပါတယ်ဆိုတဲ့ အခြေအနေမျိုးပဲ ဖြစ်စေမှာပါ။
( ၄ )
တရုတ်နိုင်ငံရဲ့ OBOR လို့ခေါ်တဲ့ Belt an Road Initiative စီမံကိန်းဟာ သူ့စီမံကိန်းဖြတ်သန်းရာနိုင်ငံတိုင်းမှာ သူကပဲအသာ စီးရယူတယ်လို့ ဝေဖန်မှုတွေ အပြင်းအထန်ခံနေရပြီး တချို့နိုင်ငံတွေက စီမံကိန်းဖျက်သိမ်းမှုတွေ လုပ်ခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ မြန်မာနိုင်ငံဆိုလို့ရှိရင်လည်း သီရိလင်္ကာနိုင်ငံနဲ့ခိုင်းနှိုင်းပြီး တရုတ်ရဲ့ ကြွေးမြီထောင်ချောက်အောက် ရောက်သွားနိုင်တဲ့ နိုင်ငံအဖြစ် ရှုမြင်မှုတွေ ရှိနေပြီး သီရိလင်္ကာလို ထပ်တူဖြစ်စဉ်အဖြစ် အကြွေးနဲ့ထိုးအပ်ရနိုင်တဲ့Han-bantota ဆိပ်ကမ်းလိုမျိုး ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းရှိနေသလို ထပ်တူဖြစ်စဉ် အဖြစ်လည်း တရုတ်က အသာစီးရယူထားတဲ့ မြို့သစ်စီမံကိန်းတစ်ခုလည်း သီရိလင်္ကာမှာ ရှိနေပါတယ်။
ပိုပြီးထူးခြားတာက အဲဒီသီရိလင်္ကာရဲ့ မြို့သစ်စီမံကိန်းကို လုပ်ဆောင်တာကလည်း CCCC ကုမ္ပဏီပဲဖြစ်နေပါတယ်။ ကိုလံဘို ဆိပ်ကမ်းမြို့တော်စီမံကိန်း (Colombo Port City) အတွက် CCCC လက်အောက်ခံ China Harbor Engineering Company (CHEC) က စီမံကိန်းကုမ္ပဏီ (Project Company -PC) ကိုထူထောင်ပြီး အကောင်အထည်ဖော်တာပါ။ CHEC ကုမ္ပဏီဟာ ဆိပ်ကမ်းမြို့တော်တည်ဆောက်ဖို့ အိန္ဒိယသမုဒ္ဒရာထဲက ကုန်းမြေကိုသယ်ယူပြီး သီရိလင်္ကာပင်လယ်ကမ်းစပ်ကို မြေဖို့တဲ့ မြေသစ်ဖော်ထုတ်မှု (land reclamation ) ရဲ့ ကုန်ကျ စရိတ်တွေကို ကျခံမှာဖြစ်ပြီး ဒီလိုကျခံမှုအတွက် အသစ်ဖော်ထုတ်လိုက်တဲ့ မြေဧရိယာစုစုပေါင်း ၂၃၃ ဟက်တာကနေ စျေးကွက်တင်ရောင်းချနိုင်တဲ့ မြေဧရိယာ ၁၀၈ ဟက်တာကို စီမံကိန်းကုမ္ပဏီ (PC) က ရယူမှာပါ။ ကျန်တဲ့ အချက်အချာမကျတဲ့ မြေနေရာအများစုကိုပဲ သီရိလင်္ကာက ရမှာပါ။ ဒီဆိပ်ကမ်းမြို့တော် စီမံကိန်းမြေသစ်မှာ ၂၀ ဟက်တာကို စီမံကိန်းကုမ္ပဏီ (PC)က ဘိုးဘွားပိုင်မြေ (freehold land) အဖြစ်အပြီးအပိုင်ရရှိမှာဖြစ်ပြီး ကျန် ၈၈ ဟက်တာကို PC ကပဲ စုစုပေါင်း ၁၃၄ နှစ် ငှားရမ်းစာချုပ်နဲ့ ပိုင်ဆိုင်ခွင့်ရရှိသွားမှာဖြစ်ပြီး ဆိပ်ကမ်းမြို့သစ်ပိုင် မြေအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို CHEC လက်အောက်ခံ စီမံကိန်းကုမ္ပဏီက အပြီးအပိုင်ရရှိမယ့်သဘောပါ။ ဒီကိုလံဘိုဆိပ်ကမ်းမြို့တော်ဟာ ရန်ကုန်မြို့သစ်စီမံကိန်းဟာ တရုတ်နိုင်ငံက အဆိုပြုတင်သွင်းတဲ့ ခေတ်သစ်ပိုးလမ်းမကြီး BRI အစပျိုး ဖော်ဆောင်မှုမှာ ပါဝင်တဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စတင်ဆောက်လုပ်ခဲ့တဲ့ ဒီမြို့သစ်အတွက် လက်ရှိမှာမြေနေရာ တည်ဆောက်ပုံတွေ၊ အခြေခံအဆောက်အအုံဆိုင်ရာ အုတ်မြစ်ချမှုတွေ လုပ်ထားနိုင်ပြီး စီမံကိန်းတစ်ခုလုံးပြီးစီးဖို့ ကြာချိန်က ၂၅ နှစ်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေက ဒေါ်လာ ၁၅ ဘီလျံပါ။ သီရိလင်္ကာရဲ့ Hanbantota ဆိပ်ကမ်းကို တရုတ်လက်ထိုးအပ်လိုက်ရသလိုမျိုး သီရိလင်္ကာနိုင်ငံသားတွေက ပူပန်နေရတဲ့အပြင် CCCC နဲ့ CHEC ဟာ တရုတ်အစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေဖြစ်လို့ သီရိလင်္ကာနိုင်ငံသားတွေဟာ သူတို့ရဲ့ အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးရမှာကို စိုးရိမ်ပူပန်နေရတဲ့ အခြေအနေပါ။
သီရိလင်္ကာလို ဖြစ်ရပ်ဆိုးမျိုးရှိနေပေမဲ့ အတုမယူနိုင်တဲ့အပြင် ပိုပြီးနစ်နာနိုင်တာက မြန်မာနိုင်ငံပါ။ ဒေါ်လာ ၁၅ ဘီလျံ မြှုပ်နှံမယ့် ကိုလံဘိုဆိပ်ကမ်း မြို့တော်စီမံကိန်းအတွက်တောင် သီရိလင်္ကာက ၅၀ ရာခိုင်နှုန်းလောက် မြေပြန်ရနိုင်တဲ့အခြေအနေမှာ မြန်မာကတော့ မြေဧက ၁၆၈၀၀၀ ကို တရုတ်လက် ဝကွက်အပ်ပြီး ရလာမယ့်အကျိုးအမြတ် နည်းနည်းလေးကိုပဲ အမြတ်ရလှပြီ ထင်နေတဲ့ အခြေအနေပါ။
( ၅ )
ဦးသိမ်းဝေ ပြောတဲ့အထဲမှာ သီလဝါစီမံကိန်းမြေစျေးနဲ့ နှိုင်းယှဉ်ပြတဲ့အချက်ပါပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ သီလဝါစီမံကိန်းနဲ့ နှိုင်းယှဉ်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သီလဝါစီမံကိန်းမှာ ဂျပန်က တရုတ်လို တစ်ဖက်သတ်အကျိုးအမြတ်ရယူခဲ့တာ မဟုတ်ဘဲ သူဟာ ၄၉ ရာခိုင် နှုန်းပဲရခဲ့တာပါ။ မြန်မာဘက်က အများပိုင် ကုမ္ပဏီကြီး ကိုးခုနဲ့ ပြည်သူတွေ မြန်မာအစိုးရက စုစုပေါင်း ၅၁ ရာခိုင်နှုန်းအထိ ရတာဖြစ်လို့ အစိုးရစျေး ကျပ်သိန်း ၃၀၀ လောက်နဲ့ နိုင်ငံပိုင်မြေတွေ ပေးလိုက်တာက နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ အခြေအနေပါ။ မြေကွက်တွေ ဖော်ထုတ်ပြီး စက်မှုဇုန်လုပ်ဆောင်လို့ နိုင်ငံတကာက ကုမ္ပဏီတွေကို တစ်ဧက သိန်း ၃၀၀၀ လောက်နဲ့ ရောင်းချပြီး ဂျပန်အစိုးရ-ဂျပန်လုပ်ငန်းရှင်၊ မြန်မာအစိုးရ-မြန်မာလုပ် ငန်းရှင်- မြန်မာပြည်သူတွေအားလုံး အကျိုးအမြတ်ရခဲ့တဲ့အခြေအနေပါ။
ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်ကြည့်မယ်ဆိုရင် စီမံကိန်းမြေအားလုံးကို တရုတ်လက်ထဲ တစ်ဧက သိန်း ၃၁၀ နဲ့ စျေးပေါပေါနဲ့ ထိုးအပ်လိုက်ရမယ့် အခြေအနေဖြစ်နေပြီဖြစ်ပါတယ်။ ဧက ၁၆၈၀၀၀ မှာ မူလပိုင်ဆိုင်သူတွေကို ၂၀ ရာခိုင်နှုန်း ပြန်ပေးမယ်ဆိုရင် ဧက ၁၃၄၄၀၀ ဟာ တရုတ် CCCC က ပေါက်စျေးထက် ဆယ်ဆလောက်တန်ဖိုးနည်းတဲ့ စျေးနဲ့ ထိန်းချုပ်သွားမယ့် သဘောဖြစ်နေပါတယ်။ ဒီဧက ၁၃၄၄၀၀ ကို သီလဝါမှာ ကုမ္ပဏီတွေ လုပ်ငန်းတွေကို ရောင်းခဲ့တဲ့စျေး တစ်ဧက ကျပ်သိန်း ၃၀၀၀ နဲ့ ပြန်တွက်မယ်ဆိုရင် ကနဦးမှာတင် မြန်မာနိုင်ငံက ကျပ် ၃၆၁၅၀ ဘီလျံလောက် နစ်နာမယ် အခြေအနေဖြစ်နေပါပြီ။
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ငွေမချေးဘူး။ အကြွေးတင်မခံဘူးဆိုတဲ့ မူဝါဒနဲ့ NYDC Challenge ကို လုပ်နေတဲ့ CCCC ကို တင်ဒါမခေါ်ဘဲ ပေးခဲ့တဲ့ ဒေါ်လာသန်း ၁၆၈၀ ကို တရုတ်က စိုက်ထုတ်ပြီး အနှစ် ၃၀ အတွင်းမှာ အကျိုးအမြတ် ဒေါ်လာသန်း ၄၅၀ ရမယ်လို့ မစားရဝခမန်း တွက်ပြနေတဲ့ ဦးသိမ်းဝေကို ပြန်ကြည့်မယ်ဆိုရင် သူဟာ သူ့ FMI ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတောင် မြင့်တက်အောင် စွမ်းဆောင်နိုင်သူ မဟုတ်ပါဘူး။ ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ အထိ ဖြစ်ခဲ့တဲ့ သူ့ FMI ရှယ်ယာတွေဟာ အခုအချိန်မှာ ကျပ် ၈၈၀၀ နဲ့ ငါးဆလောက် စျေးထိုးကျနေတဲ့ အခြေအနေပါ။ ကိုယ့်ကုမ္ပဏီရှယ်ယာတောင် တန်ဖိုးတက်အောင် မစွမ်းဆောင်နိုင်သူက တိုင်းပြည်မြေတွေ တရုတ်ထိုးအပ်ပြီး ဘယ်လောက်ကြီးတောင် အကျိုးအမြတ်ရတယ် ပြောနေတာ လွဲမှားနေပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းမှာ မြေပေးရတဲ့ မြန်မာနိုင်ငံက ဦးသိမ်းဝေတွက်ပြသလို မြေစိုက်ထုတ်ပြီး အမြတ်မရဘဲ သီရိလင်္ကာလို တရုတ်ငွေတွေ ပြန်ထိုင်ဆပ်၊ မဆပ်နိုင်တော့ ကိုယ့်နိုင်ငံ၊ ကိုယ့်စီမံကိန်း ထိုးအပ်လိုက်ရတဲ့ အခြေအနေမျိုး ရန်ကုန်မြို့သစ်မှာ ဖြစ်လာရင် ဘယ်သူတာဝန်ယူမလဲ။ မြေတွေပေးလိုက်ရပြီး အကျိုးအမြတ် ပြန်မရတဲ့အပြင် အချုပ်အခြာအာဏာကိုပါ ထိပါးမှာ ထိုင်စိုးရိမ်နေရရင် ဦးသိမ်းဝေက ဘယ်လိုတာဝန်ယူပေးနိုင်မလဲဆိုတာ သိဖို့လိုအပ်တဲ့အပြင် တရုတ် CCCC လက် ထိုးအပ်သလိုဖြစ်နေတဲ့ ဒီအကျိုးအမြတ် ခွဲဝေမှုကို တာဝန်ရှိသူအားလုံးအနေနဲ့ အသေအချာ ပြန်လည်သုံးသပ်ပါဦးလို့ပဲ ပြောချင်ပါတယ်။