ပခုက္ကူ နှမ်းစျေးကွက်အတွင်း နှမ်းနက်(စမုန်)ကို တရုတ်ဝယ်လက်များ ပြန်လည်ဝယ်ယူနေသည့်အတွက် စျေးနှုန်းမြင့်တက်နေပြီး တစ်တင်းလျှင် ကျပ် ၈၃၀၀၀ အထိ ပေါက်စျေးရှိ

ပခုက္ကူ နှမ်းစျေးကွက်အတွင်း နှမ်းနက်(စမုန်)ကို တရုတ်ဝယ်လက်များ ပြန်လည်ဝယ်ယူနေသည့်အတွက် စျေးနှုန်းမြင့်တက်နေပြီး တစ်တင်းလျှင် ကျပ် ၈၃၀၀၀ အထိ ပေါက်စျေးရှိ
နှမ်းစိုက်ခင်းလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
နှမ်းစိုက်ခင်းလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
Published 16 February 2019
သက်ထိန်ဝင်း

ပခုက္ကူနှမ်းစျေးကွက်အတွင်း ယခုဖေဖော်ဝါရီ လလယ်ပိုင်းတွင် နှမ်းနက်(စမုန်)များ တရုတ်ဝယ်လက်များ ပြန်လည်ဝယ်ယူ နေသည့်အတွက် စျေးနှုန်းမြင့်တက်နေပြီး တစ်တင်းလျှင် ကျပ် ၈၃၀၀၀ အထိ ပေါက်စျေးရှိကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။

နှမ်းနက်(စမုန်)မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်း တရုတ်နှစ်သစ်ကူး ကာလတွင်  အရောင်းအဝယ် အေးသွားခဲ့ပြီး အမြင့်ဆုံး တစ်တင်းကျပ် ၇၈၀၀၀ သာ ပေါက်စျေးရှိခဲ့ပြီး ဝယ်လိုအား ပြန်လည်များပြားလာသည့် ယခု ဖေဖော်ဝါရီ လလယ်ပိုင်းတွင် တစ်တင်း ကျပ် ၅၀၀၀ ခန့်အထိ စျေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

“တရုတ်ပြန်ဝယ်တဲ့အတွက် စျေးက ပြန်တက်လာတယ်။ စျေးမြင့်ပေမဲ့ အရောင်းအဝယ် အေးမသွားဘူး။ အရောင်းအဝယ်သွက်တယ်။ စမှုန်နက်တွေက ပိုအရောင်းအဝယ်ဖြစ်တယ်။ အမျိုးအစားလိုက် တစ်တင်း ၈၂၀၀၀/၈၃၀၀၀ အထိစျေးရှိတယ်။ ဒီနှစ်နှမ်းစျေးကတော့ ထူးထူးခြားခြားကောင်းတဲ့ နှစ်ဖြစ်ပြီး တောင်သူရော ကုန်သည်ရော လုပ်ရကိုင်ရ အဆင်ပြေတယ်။ လက်ရှိတော့ တစ်နေ့ကို အိတ်အပိုင်း ၁၀၀/၁၅၀ လောက်ပဲ ဝင်တော့တယ်။ တောင်သူဆီမှာတော့ နှမ်းလက်ကျန်နည်းနေပြီ” ဟု ပခုက္ကူမြို့၊ ရတနာဝင်းပွဲရုံမှ ကိုထွန်းထွန်းအောင်က ပြောကြားသည်။

ယခုဖေဖော်ဝါရီ ၁၆ ရက် ပခုက္ကူသီးနှံစျေးကွက်တွင် နှမ်းနက်(စမုန်ရှယ်)တစ်တင်း ကျပ် ၈၃၀၀၀ ၊ နှမ်းနက် (စမုန်ပုံမှန်) ၆၅၀၀၀ - ၈၂၀၀၀ ကျပ်အထိ ပေါက်စျေးရှိပြီး နှမ်းနက် (ဂွ) မှာ တစ်တင်း ကျပ် ၅၆၀၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

ပခုက္ကူ သီးနှံစျေးကွက်အတွင်း နှမ်းနက် (စမုန်) သစ်များမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှ စတင်ဝင်ရောက်လာပြီး ဝယ်လက်များပြားခြင်းကြောင့် တစ်တင်းလျှင် ကျပ် ၈၇၀၀၀ အထိ ပေါက်စျေးရှိခဲ့ကြောင်း သိရသည်။

နှမ်းစိုက်ပြီးတဲ့နောက်မှာ မိုးကအသင့်အတင့် ရတဲ့အတွက် အထွက်ကောင်းတယ်။ တစ်ဧက ခုနစ်တင်းကနေ ၁၀ တင်းအထိ ထွက်ကြတယ်။ နှမ်းစျေးကလည်း တစ်ခါမှ မဖြစ်ဘူးတဲ့စျေးဆိုတော့ တောင်သူတွေ အဆင်ပြေပါတယ်။ နှမ်းစျေးကောင်းလို့လည်း ပဲစင်းငုံမှာ ရှုံးသမျှ ကာမိသွားတယ်။ လာမယ့်နှစ်လည်း တောင်သူကတော့ နှမ်းပဲအားထား စိုက်ကြမှာပါ” ဟု ပခုက္ကူမြို့နယ် ကိုင်းကျေးရွာမှ တောင်သူကိုသက်ခိုင်က ပြောကြားသည်။

သီးနှံရောင်းဝယ်ရေး လုပ်ကိုင်သူများမှ နှမ်းသီးနှံအတွင်း အက်စစ်ဓာတ်ပါဝင်မှု ပမာဏအား တိုင်းတာ၍ နှမ်းဝယ်ယူလာခြင်းကြောင့် တောင်သူများ အနေနှင့် နှမ်းခြွေလှေ့ရာတွင် အက်စစ်ဓာတ်ပါဝင်မှု နည်းပါးရန် လုပ်ဆောင်လာရကြောင်း သိရသည်။

ပခုက္ကူ သီးနှံစျေးကွက်အတွင်း ယခုဖေဖော်ဝါရီလမှစ၍ မန်ကျည်းသီးတောင့်အသစ်များ စတင်ဝင်ရောက်လာရာ တစ်ပိဿာ ၁၀၅၀ ကျပ်ပေါက်စျေးရှိပြီး သီရိလင်္ကာနှင့် ဘင်္ဂလားရှ်ဒ်နိုင်ငံများမှ အဓိကဝယ်ယူနေကြောင်း မန်ကျည်းသီးတောင့် ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

ပခုက္ကူနယ်တစ်ဝိုက်မှ ထွက်ရှိသည့် မန်ကျည်းသီးတောင့်များအား သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမျာ းသာမက တရုတ်နှင့် ထိုင်းနိုင်ငံများမှသာ ဝယ်ယူပြီး လက်ရှိတွင် တရုတ်နှင့် ထိုင်းနိုင်ငံမှ ဝယ်ယူမှု မပြုသေးကြောင်း သိရသည်။                   

Most Read

Most Recent