အဂတိလိုက်စားမှုနှင့် ဆင်းရဲမွဲတေမှု

အဂတိလိုက်စားမှုနှင့် ဆင်းရဲမွဲတေမှု
Published 16 February 2019

အဂတိ လိုက်စားမှုဟု ဆိုလိုက်သည်နှင့် မျက်လှည့် ပြလိုက်သကဲ့သို့ ရုတ်ခြည်း မထင်မှတ်ဘဲ ချမ်းသာ ကြွယ်ဝ လာကြသူများကိုသာ မြင်ယောင် တတ်ကြသည်။ အမှန်တကယ်၌ အဂတိ လိုက်စားမှုသည် ဆင်းရဲ မွဲတေမှုနှင့်သာ အရေအတွက်အရရော သက်ရောက်မှုအရပါ များစွာပို၍ ပတ်သက်၍နေသည်။ အဂတိလိုက်စားမှုသည် စီးပွားရေးကြီးထွားမှုကို ကြန့်ကြာစေခြင်း၊ အချိုးပျက်စေခြင်းနှင့် လွဲချော်စေခြင်းတို့ ဖြစ်စေ၏။ အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးနှင့် လာတတ်သည်ဖြစ်ရာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထပ်တူကျခြင်းမျိုးကား မရှိပေ။ အဂတိ လိုက်စားမှုနှင့် ဆင်းရဲမွဲတေမှု ဆက်နွှယ်ချက်များသည် လူပုဂ္ဂိုလ် တစ်ဦးချင်းကိုသာမက လုပ်ငန်းများ အလိုက်ပါ သက်ရောက်မှုရှိပြီး ယင်းတို့နှစ်ရပ်အကြား လားရာသည်လည်း အပြန်အလှန် ဖြစ်နေသည်။ ဆင်းရဲမွဲတေမှုသည် အဂတိလိုက်စားမှုကို ဖိတ်ခေါ်သကဲ့သို့ အဂတိ လိုက်စားမှုသည်လည်း ဆင်းရဲမွဲတေမှုကို ပိုမိုနက်ရှိုင်း၍ သွားစေသည်။ အဓိက စီးပွာရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အင်စတီကျူးရှင်းများ၌ အဂတိ လိုက်စားမှုသည် အားနည်းချက်များ ဖြစ်စေရုံမက အားနည်းချက်များကိုလည်း ပိုမိုကြီးထွားလာစေသည်။ ဆင်းရဲမွဲတေပြီး အဂတိ လိုက်စားမှု များပြားသော လူ့ အဖွဲ့အစည်းများ၌ ထိရောက်သော အစိုးရအဖွဲ့ကို တည်ဆောက်နိုင်ရန် ခက်ခဲလှ၏။

ဆင်းရဲသားများနှင့် စီးပွားရေးအရ ဘေးကျပ်နံကျပ်ဖြစ်နေသော လုပ်ငန်းများအနေဖြင့် စီးပွားရေးအရ အခြားရွေးချယ်စရာများ နည်းပါးလွန်းလှပြီး ဆိုးရွားလှသော အဂတိလိုက်စားမှုများက ဓလေ့ ထုံးတမ်းတစ်ရပ်ကဲ့သို့ပင် ထွန်းကားနေသောနေရာ၌ ၎င်းတို့ အနေဖြင့် ခေါင်းပုံဖြတ်ခံရနိုင်ခြေ ပို၍ပင် များနေလေသည်။ ဥပမာအားဖြင့် ရဲများက စျေးများ၌ အနိုင်ကျင့် ငွေညှစ်ခြင်း သို့မဟုတ် မိမိတို့၏ ထွက်ကုန်များကို တောမှနေ၍ မြို့သို့ သယ်ဆောင်လာမည့် လယ်သမားများကို လမ်းများ၌ ဂိတ်ကြေးအဆင့်ဆင့် ကောက်ခံခြင်း အစရှိသည်တို့သည် ဆင်းရဲသားများကို ပို၍ပို၍ ဆင်းရဲလာအောင် လည်ပင်းညှစ်နေခြင်းဖြစ်သည်။ ဆင်းရဲသည့် လူ့အဖွဲ့အစည်းများတွင် ရာထူးနိမ့် ဝန်ထမ်းများကိုယ်တိုင်သည် ရိုးသားစွာ အသက်မွေးမှုမှ ရရှိသည့် ငွေကြေးဖြင့် ရပ်တည်ရန် ခက်ခဲ၍နေသည်။  ယင်းကဲ့သို့သော အနေအထားတွင် လာဘ်ယူခြင်း၊ ငွေညှစ်ခြင်းနှင့် နိုင်ငံ့ဘဏ္ဍာကို ခိုးယူခြင်းတို့ ဖြစ်ပေါ်လေသည်။

လုပ်ငန်းက ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ (အထူးသဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက်) ဆိုးရွားသော အဂတိလိုက်စားမှုများက ပုံမှန် ကုန်ကျစရိတ်တစ်ရပ် ဖြစ်လာသည်။ လာဘ်ပေးခြင်းသည် ဗျူရိုကရေစီ ယန္တရားအတွက် ချောဆီတစ်ရပ် ဖြစ်၍ လာသည်။ မှန်ကန်သည့်လူကို မှန်ကန်သည့်အချိန်၌ လာဘ်ပေးခြင်းက ကုမ္ပဏီတစ်ခုအတွက် များစွာအထောက်အကူပြုနိုင်ပြီး ပါမစ်တစ်စောင် သို့မဟုတ် လိုင်စင်တစ်ခုကိုလည်း ပို၍လျင်မြန်စွာ ရရှိနိုင်သည်။ တရားဝင်နည်းလမ်းအားဖြင့် ရရှိနိုင်သည့် အခွင့် အလမ်းများ နည်းသည်ထက် နည်းလာပြီး ယင်းက အဂတိလိုက်စားမှုကို ပို၍ပင် ကြီးထွား၍ လာစေသည်။ အဂတိ လိုက်စားမှုရှိသော စျေးကွက်များနှင့် အစိုးရနှင့်ဆိုင်သော တင်ဒါလျှောက်ထားမှုများ၌ အရည်အချင်း မပြည့်မီသည့် ကုမ္ပဏီများနှင့် မရိုးသားသော လျှောက်ထားသူများသည် ရိုးသားစွာ ယှဉ်ပြိုင်ကြသူများအပေါ် အကြီးအကျယ် အသာစီး ရရှိနိုင်ကြသည်။ အရည်အသွေးကောင်းမွန်မှုနှင့် ဆန်းသစ်မွမ်းမံမှု အစရှိသည်တို့ထက် အဆက်အသွယ် ကောင်းမှုနှင့် လာဘ်ငွေတို့က ကန်ထရိုက် အောင်မြင်ရန် နည်းလမ်းများ ဖြစ်၍လာသည်။ လာမည့်မျိုးဆက်အတွက် လူသားရင်းမြစ် ဖွံ့ဖြိုးရေးနှင့် နည်းပညာ အရည်အသွေးတို့သည် လာဘ်ငွေထက် များစွာပို၍ ဆွဲဆောင်မှု နည်းလာသည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်းနည်းဖွယ်ကောင်းသည်မှာ အဂတိ လိုက်စားမှု၏ အကျိုးရလဒ်အနေဖြင့် ဖြစ်ပေါ်လာသည့် ဆင်းရဲမွဲတေမှုနှင့် ဆင်းရဲချမ်းသာ မညီမျှမှုများသည် အဂတိလိုက်စားမှုများ ပို၍ပို၍ ဖြစ်ပေါ်လာရန်အတွက် မက်လုံးများ ဖြစ်၍လာခြင်းပင် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဖေဖော်ဝါရီ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent