မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်သူ ၃၀၀၀၀ ကျော်ရှိဟုသိရ

မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်သူ ၃၀၀၀၀ ကျော်ရှိဟုသိရ
Published 15 February 2019
ဘိုဘိုမြင့်

၂၀၁၈-၂၀၁၉ ပညာသင်နှစ် မွန်ပြည် နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၃၀၅၆၄ ဦးရှိ ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူူ ၂၇၆၅၇ ဦး ရှိခဲ့ပြီး ယခုနှစ်တွင် ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူဦးရေမှာ ၃၀၅၆၄ ဦးရှိသဖြင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၂၉၀၇ ဦးထိ တိုးလာကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာဌာန) ဒေါ်အေးမြင့်သန်းက ပြောကြားသည်။

“ဒီနှစ်ကတော့ တိုးလာတာပေါ့။ အခုက အပြင်ဖြေနဲ့ အတွင်းဖြေတွေက စာရင်းမခွဲရသေးဘူး။ အခုက လုံးနေတာပေါ့။ စာရင်းခွဲပြီးရင်တော့ အပြင်ဖြေတွေ များလာတာလား၊ အတွင်းဖြေတွေ တိုးလာတာလားဆိုတာ သေချာသိရမှာပါ” ဟု ဒေါ်အေးမြင့်သန်းက ပြောကြားသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အချိန်နီးကပ်လာသည့်အတွက် မွန်ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများမှ အခြေခံပညာ အထက်တန်းကျောင်းများ၌ မေးခွန်းဟောင်းများ လေ့ကျင့်ပေးခြင်း၊ ပြန်လည်သင်ကြား ပို့ချပေးခြင်းများကို ဆောင်ရွက်ပေးနေကြောင်း ဒေါ်အေးမြင့်သန်းက ဆက်လက်ပြောကြားသည်။

ယခင်နှစ်တွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲစာစစ်ဌာန ၅၆ ခုရှိခဲ့သော်လည်း ယခုနှစ်တွင် ၆၂ ခုထိ တိုးလာမည်ဖြစ်ကြောင်း၊ မော်လမြိုင် အ.ထ.က (၁၂)၊ သံဖြူဇရပ် အ.ထ.က(ဝဲခနိ)၊ ပေါင် အ.ထ.က သဲကုန်း၊ သထုံ အ.ထ.က မရမ်းကုန်း၊ သထုံ အ.ထ.က ပုတိန်ရိုးဖော်ဖနှင့် ဘီးလင်း အ.ထ.က ဇုတ်သုတ်တို့ ပါဝင်လာမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၆ ရက်တွင် မြန်မာစာ၊ ၇ ရက်တွင် အင်္ဂလိပ်စာ၊ ၈ ရက်တွင်သချင်္ာ၊ ၉ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ ၁၁ ရက်တွင် ဓာတုဗေဒ၊ ၁၂ ရက်တွင် ရူပဗေဒ၊ ၁၃ ရက်တွင် ဇီဝဗေဒ(သို့) ဘောဂဗေဒ၊ ၁၄ ရက်တွင် ပထဝီဝင်နှင့် ၁၅ ရက်တွင် သမိုင်းဘာသာရပ် အသီးသီးဖြေဆိုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

 

Most Read

Most Recent