ဝန်ကြီးချုပ် ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် တော်ဝင်မင်းသမီး၏ ကြိုးပမ်းမှုကို ရွေးကောက်ပွဲကော်မရှင်က အရည်အချင်းမပြည့်မီဟု ဆိုကာ ပယ်ချခဲ့

ဝန်ကြီးချုပ် ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် တော်ဝင်မင်းသမီး၏ ကြိုးပမ်းမှုကို ရွေးကောက်ပွဲကော်မရှင်က အရည်အချင်းမပြည့်မီဟု ဆိုကာ ပယ်ချခဲ့
၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ဘန်ကောက်ရှိ ဂရင်းနန်းတော်အပြင်ဘက်၌ မင်းသမီး ဥဘောလက ပြည်သူများကို နှုတ်ဆက်နေစဉ် (Photo: AP)
၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ဘန်ကောက်ရှိ ဂရင်းနန်းတော်အပြင်ဘက်၌ မင်းသမီး ဥဘောလက ပြည်သူများကို နှုတ်ဆက်နေစဉ် (Photo: AP)
Published 11 February 2019
Ref: AFP

ဝန်ကြီးချုပ် ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သော ဘုရင့်အစ်မတော် မင်းသမီး ဥဘောလရတနာသည် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် အရည်အချင်းမပြည့်မီကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၁၁ ရက်တွင် ပယ်ချခဲ့သည်။ 

ဝန်ကြီးချုပ်ရာထူးအတွက် ပါတီများက လျှောက်ထားခဲ့သော တရားဝင်စာရင်းကို ရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ရာ မင်းသမီး၏အမည် ပါမလာခဲ့ပေ။ တော်ဝင်မိသားစုဝင်များသည် နိုင်ငံရေး၏ အထက်တွင် ရှိနေရမည်ဖြစ်သောကြောင့် နိုင်ငံရေးဆိုင်ရာ ရာထူးများကို ရယူနိုင်ခြင်းမရှိဟု ကော်မရှင်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်သည် ဖေဖော်ဝါရီ ၈ ရက်တွင် မဟာဝိဇယ လောင်ကွန်းက ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ပဲ့တင်ထပ်နေခဲ့သည်။ မင်းသမီး ဥဘောလရတနာသည် Thai Raksa Chart ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ဘုရင်ဝိဇယလောင်ကွန်းက ယင်းကြိုးပမ်းမှုသည် မသင့်တော်ကြောင်း ကြေညာခဲ့သည်။ 

ဘုရင်ဝိဇယလောင်ကွန်း ၆၆ နှစ်က အစ်မဖြစ်သူ မင်းသမီးအား တိုက်ရိုက်ဝေဖန်ခဲ့ခြင်း မရှိဘဲ ၎င်းအား အမည်စာရင်း တင်သွင်းခဲ့သော နိုင်ငံရေးပါတီ အဖွဲ့ဝင်များကို အဓိက အပြစ်တင်လိုဖွယ် ရှိသည်။ 

ဖြုတ်ချခံရသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများက ဖွဲ့စည်းထားသော Thai Raksa Chart ပါတီ က မတ် ၂၄ ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှုကို အသက် ၆၇ နှစ် မင်းသမီး က လက်ခံခဲ့ခြင်း ဖြစ်သည်။ တော်ဝင်ကို သစ္စာခံမှုဆိုင်ရာအတွက် နန်းတော်၏ အမိန့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Thai Raksa Chart ပါတီက ဖေဖော်ဝါရီ ၉ ရက်တွင် ကြေညာခဲ့ပြီး ဖြစ်သည်။ 

ထိုင်းနိုင်ငံသည် စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးပြီး ၁၉၃၂ ခုနှစ် နောက်ပိုင်းမှ စကာ တော်ဝင်တစ်ဦးသည် နိုင်ငံရေးရာထူးအတွက် ယှဉ်ပြိုင်ဆောင်ရွက်ခြင်း မရှိတော့ပေ။ 

တော်ဝင် မင်းသမီးနှင့် သက်ဆင်၏ မဟာမိတ်ပါတီတို့အကြား မျှော်လင့်မထားဘဲ နိုင်ငံရေး ပူးပေါင်းမှုကြောင့် ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းတော့မည်ဟူ၍ ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။ ထိုင်းစစ်အစိုးရ အဖွဲ့ခေါင်းဆောင် ပရာယွတ်ချန်အိုချာက အာဏာသိမ်းမှု ကောလာဟလများသည် သတင်းတုများ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်အစိုးရကို ဖြုတ်ချခဲ့မှုအား ဦးဆောင်ခဲ့သော ပရာယွတ်က ကောလာဟလများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း အစိုးရအိမ်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။