တာချီလိတ်မြို့ 1G1 ဟိုတယ်ရှေ့၌ ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရမှုဖြစ်ပွား၊ ယခုနှစ် နှစ်စတွင် သေနတ်ပစ်ခံရမှု သုံးကြိမ်ဖြစ်ပွားပြီး နှစ်ဦးသေဆုံး

တာချီလိတ်မြို့ 1G1 ဟိုတယ်ရှေ့၌ ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရမှုဖြစ်ပွား၊ ယခုနှစ် နှစ်စတွင် သေနတ်ပစ်ခံရမှု သုံးကြိမ်ဖြစ်ပွားပြီး နှစ်ဦးသေဆုံး
Published 9 February 2019
 စည်သာ(တောင်ကြီး) 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သေနတ်ပစ်ခံရမှု နောက်တစ်မှုဖြစ်ပွားခဲ့ပြီး နှစ်လအတွင်း သေနတ်ပစ်ခတ်မှု သုံးမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့တွင် ဖေဖော်ဝါရီ ၈ ရက် ည ၉ နာရီကျော်က ထိုင်းနိုင်ငံ သားလေး(ခ)Mr.Wuttichai Gobua  သည် ငွေလာယူရန် ဖုန်းဆက်ခေါ်သဖြင့် သွားရာမှ 1G1 ဟိုတယ်ရှေ့တွင် သေနတ်ဖြင့် အသတ်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တာဝန်ကျ ရဲအရာရှိ ပြောကြားချက်အရ သေဆုံးသူသည် နေအိမ်တွင်ရှိနေစဉ် ငွေကြေးပေးမည်ဟု ဖုန်းဆက်ခေါ်သဖြင့် ည ၉နာရီဝန်းကျင်၌ နေအိမ်မှကားဖြင့် ထွက်သွားခဲ့ပြီးနောက် ပြန်မလာတော့ခြင်းဖြစ်ကြောင်း ၊ ခင်ပွန်းဖြစ်သူထွက်သွားပြီး မကြာမီ ဖုန်းဆက်ကြည့်ရာ ဖုန်းမကိုင်တော့သဖြင့် ဇနီးဖြစ်သူက လိုက်သွားရာ 1G1 ဟိုတယ်ရှေ့လမ်းမပေါ်တွင် ခင်ပွန်းဖြစ်သူ၏ကားကို တွေ့ရပြီး ကားနံဘေးတွင် ခင်ပွန်းဖြစ်သူမှာ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကာ၊ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးရာ ကျည်ခွံသုံးခု၊ အမျိုးသမီးစီးဖိနပ်တစ်ရန်နှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိထားပြီး အမှုအား ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၆၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ ကျူးလွန်သူကို စခန်းမှူးဦးစီးသော အဖွဲ့သည် အပူတပြင်း စုံစမ်းနေကြောင်း သိရသည်။

“လူသေမှုက နှစ်မှုပဲရှိသေးတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ ပြည်သူတွေနဲ့ပူးပေါင်းပြီး ကျွန်တော်တို့ အခုရှောင်တခင် စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ မြို့ဝင်မြို့ထွက်တွေ တံတားပေါ်တွေ၊ ရပ်ကွက်တွေထဲမှာ စစ်တာတွေလုပ်နေတယ်” ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောကြားသည်။

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ် အစပိုင်းမှ စတင်ကာ နှစ်လအတွင်း သေနတ်ပစ်ခတ်မှုသုံးကြိမ် ဖြစ်ပွားခဲ့ခြင်းကြောင့် သူဌေးကြီးဦးအားဖာနှင့် ထိုင်းနိုင်ငံသားတစ်ဦး စုစုပေါင်း နှစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ကျူးလွန်သူများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်ပြီး နောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိရပ်မိရပ်ဖများနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ တာချီလိတ်မြို့၌ နေရာ ၁၀ ခု ခန့်တွင် ရှောင်တခင်စစ်ဆေးခြင်းများ၊ ပိတ်ဆို့ရှာဖွေခြင်းများ ပြုလုပ်နေကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

 

Most Read

Most Recent