ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ယနေ့ယှဉ်ပြိုင်ကစားမည့် ဖိလစ်ပိုင်ကလပ် ဆီရက်စ်နီဂရိုးအသင်းနှင့်ပွဲတွင် ရသအပြည့်ပေးနိုင်မည့် ပွဲကောင်းတစ်ပွဲကို မြင်တွေ့ရလိမ့်မည်ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၉ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အကြိုခြေစစ်ပွဲ ပထမအဆင့်အဖြစ် ယနေ့ ညနေ ၆ နာရီတွင် ဆီရက်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယင်းပွဲကို အဝေးကွင်းအဖြစ် ဖိလစ်ပိုင်နိုင်ငံ ဘာကိုလော့မြို့ရှိ Panaad Park ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဦးမျိုးမင်းထွန်းက ''ဆီရက်စ်အသင်းနဲ့က မနှစ်ကလည်း တွေ့ဆုံထားပါတယ်။ သူတို့အသင်းအကြောင်းကို ကျွန်တော်တို့ ကောင်းကောင်းသိသလို ကျွန်တော်တို့အသင်းအကြောင်းကိုလည်း သူတို့အနေနဲ့ သေချာပေါက် သိရှိထားပါတယ်။ အခုပွဲက သူတို့အသင်းအတွက် ဒီရာသီ ပထမဆုံးပွဲဖြစ်တာကြောင့် သူတို့ အကောင်းဆုံးကြိုးစားမှာ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့အသင်းကို အနိုင်ရလိုစိတ်ပြင်းပြင်းထန်ထန်နဲ့ ရင်ဆိုင်သွားမှာပါ။ ဒီပွဲက ပရိသတ်တွေအတွက် ရသအပြည့်ပေးနိုင်မယ့် ပွဲကောင်းတစ်ပွဲအဖြစ် မြင်တွေ့ရမှာပါ''ဟု ပြောကြားသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈ AFC Cup ပြိုင်ပွဲ အာဆီယံဇုန် ဆီမီးဖိုင်နယ်တွင် ဆီရက်စ်အသင်းနှင့် တွေ့ဆုံခဲ့ဖူးသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ထိုစဉ်က အဝေးကွင်းသွားရောက်ကစားသည့် ပထမအကျော့တွင် (၂-၄) ဂိုးဖြင့် ရှုံးနိမ့်ပြီး ဒုတိယအကျော့တွင် (၃-၂) ဂိုးဖြင့် အနိုင်ရသော်လည်း နှစ်ကျော့ပေါင်းရလဒ် (၅-၆) ဂိုး ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည်။