မန်စီးတီးအသင်း၏နည်းပြဖြစ်သူ ဂွါဒီယိုလာက အဂွဲ ရိုးနှင့် စတင်လက်တွဲခဲ့ချိန်ကတည်းက အမြဲတမ်းကျေနပ်ခဲ့ရကြောင်းနှင့် အာဆင်နယ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် မိမိတို့အသင်း၏ ပုံစံအမှန်ကို ပြန်လည်ပြသနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။
အဂွဲရိုးသည် အာဆင်နယ်အသင်းကို (၃-၁)ဂိုးဖြင့်အ နိုင်ရရှိခဲ့သည့်ပွဲတွင် အသင်းအတွက် သွင်းဂိုး (၃)ဂိုးစလုံး ကို သွင်းယူပေးခဲ့သူဖြစ်ပြီး အဖွင့်ဂိုးကို ပွဲချိန် (၄၆)စက္ကန့် ကတည်းက သွင်းယူခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပွဲအစတစ်မိနစ်အတွင်း သွင်းဂိုးကို နယူးကာဆယ်အသင်းနှင့် ပွဲစဉ်တွင်လည်း သွင်းယူခဲ့ရာ နှစ်ပွဲဆက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ခြင်းအတွက်လည်း ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယား၏ ပရီးမီးယားလိဂ်ဟက် ထရစ်စံချိန်ကိုမီရန် တစ်ကြိမ်သာလိုတော့ကြောင်း သိရှိရသည်။
ဂွါဒီယိုလာက ''ဒီပွဲမှာ မန်စီးတီးအသင်းအတွက် သူ လုပ်ပေးနိုင်သမျှအရာရာကို လုပ်ပေးခဲ့ပါတယ်။ ပထမဆုံးရာသီတုန်းက ကျွန်တော် သူ့ကိုသိပ်မကြိုက်ဘူးလို့ လူတွေ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်က သူ့ ကို အမြဲတမ်းသဘောကျခဲ့တာပါ။ ကျွန်တော်က ကစားသမားတစ်ဦးရဲ့ ရည်ရွယ်ချက်နဲ့ ဆုံးဖြတ်တတ်ပြီး အဂွဲရိုးရဲ့ ရည်ရွယ်ချက်ဟာ အမြဲတမ်းပြီးပြည့်စုံပါတယ်။ ဒါကြောင့် သူနဲ့ စတင်လက်တွဲခဲ့ကတည်းက ကျွန်တော် ကျေနပ်ခဲ့ရပါတယ်''ဟု ပြောကြားခဲ့သည်။
ဂွါဒီယိုလာက အာဆင်နယ်အသင်းကို (၃-၁)ဂိုးဖြင့် အ နိုင်ရရှိခဲ့သည့် ခြေစွမ်းသည် မိမိတို့အသင်း၏ ခြေစွမ်းအ မှန်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပြီး ''နယူးကာဆယ်နဲ့ ပွဲတုန်းက ကျွန်တော်တို့အသင်းဟာ စုစည်းမှုကောင်းကောင်း လုပ်နိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါကို ကစားသမားတွေအားလုံးလည်း သိပါတယ်။ ဒီပွဲမှာတော့ ကျွန်တော့်ကစားသမားတွေက မန်စီးတီးအသင်းရဲ့ ပုံစံအမှန်ကို ပြသနို်င်ခဲ့ကြပါ တယ်''ဟု ပြောကြားခဲ့သည်။