ဝက်စ်ဟမ်းအသင်း၏နည်းပြ ပယ်လီဂရီနီသည် လက်ရှိကိုင်တွယ်နေသည့် ဝက်စ်ဟမ်းအသင်းအတွက်သာမက ယခင်က ကိုင်တွယ်ခဲ့ဖူးသည့် မန်စီးတီးအသင်းအတွက်ပါ လီဗာပူးလ်အသင်းကို အနိုင်ရရှိရန် လိုလားနေကြောင်း သိရှိရသည်။
ဝက်စ်ဟမ်းအသင်းသည် ယနေ့ည မြန်မာစံတော်ချိန် ၂း၃၀ နာရီတွင် အိမ်ကွင်း၌ လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
လီဗာပူးလ်အသင်းမှာလည်း လက်ရှိအချိန်တွင် တစ်ပွဲလျော့အနေအထား၌ ဒုတိယနေရာမှ မန်စီးတီးအသင်းနှင့် (၂)မှတ်သာ ကွာဟတော့၍ အမှတ်ထပ်မလျော့ရန် ကြိုးပမ်းသွားရမည်ဖြစ်သည်။
ထို့ကြောင့် နှစ်သင်းစလုံးအတွက် နိုင်ပွဲရယူနိုင်ရန် အရေးကြီးနေရာ ယင်းအခြေအနေနှင့်ပတ်သက်၍ ပယ်လီဂရီနီက ''ဒီပွဲမှာ အနိုင်ရရှိခဲ့ရင် ကျွန်တော့် ဝက်စ်ဟမ်းအသင်းအတွက် အလွန်ပျော်ရွှင်မိမှာပါ။ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့အသင်းကို အနိုင်ရဖို့ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့တော့ လိုအပ်ပါတယ်။ ပြီးတော့ ဒီပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့ရင် မန်စီးတီးအသင်းအတွက် အခွင့်အရေးကောင်း ဖြစ်သွားမှာပါ။ ဒါက ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က မန်စီးတီးနည်းပြဟောင်းဖြစ်ပြီး မန်စီးတီးပရိသတ်တစ်ဦးအဖြစ်လည်း ဆက်ရှိနေတာကြောင့်ပါ'' ဟုပြောကြားခဲ့သည်။
ပယ်လီဂရီနီသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၃-၁၄ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့သူလည်းဖြစ်သည်။
သူသည် ဝက်စ်ဟမ်းအသင်းကို ယခုရာသီမှ စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး(၃)ပွဲဆက် ရှုံးပွဲကြုံတွေ့ထားသော်လည်း ဝက်စ်ဟမ်းအသင်းသည် ယခုရာသီ အိမ်ကွင်းပွဲစဉ်များတွင် ချယ်လ်ဆီးကို သရေ၊ မန်ယူနှင့် အာဆင်နယ်တို့ကို အနိုင်ရရှိထားကြောင်း သိရှိရသည်။
လက်ရှိအသင်းအတွက်သာမက အသင်းဟောင်းအတွက်ပါ လီဗာပူးလ်ကို အနိုင်ရရှိရန် ပယ်လီဂရီနီ လိုလားနေ
Photo : Getty Images