မက်ဆီ ပေါင်ဒဏ်ရာရရှိခဲ့သော်လည်း ရီးယဲလ်အသင်းနှင့်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရန် ဗယ်လ်ဗာဒီ မျှော်မှန်းထား

မက်ဆီ ပေါင်ဒဏ်ရာရရှိခဲ့သော်လည်း ရီးယဲလ်အသင်းနှင့်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရန် ဗယ်လ်ဗာဒီ မျှော်မှန်းထား
Photos : AFP
Photos : AFP
Published 4 February 2019

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ဗလင်စီယာအသင်းနှင့်ပွဲ၌ ပေါင်ဒဏ်ရာရရှိခဲ့သော်လည်း ရီးယဲလ်အသင်းနှင့်ကစားရမည့် စပိန်ဘုရင့်ဖလားပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရန် မျှော်လင့်ကြောင်း နည်းပြ ဗယ်လ်ဗာဒီက ပြောကြားသည်။

မက်ဆီသည် ဖေဖော်ဝါရီ ၂ ရက်က ဗလင်စီယာအသင်းနှင့် နှစ်ဂိုးစီသရေကျသည့် ပွဲ၌ ချေပဂိုးနှစ်ဂိုးစလုံး သွင်းယူပေးခဲ့သလို ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သည်။

သို့သော် ၎င်းသည် ဒုတိယပိုင်းတွင် ပေါင်ဒဏ်ရာကြောင့် ကွင်းဘေးစည်း၌ ငါးမိနစ်ခန့် ဆေးကုသမှုခံယူခဲ့ရသဖြင့် ရီးယဲလ်အသင်းနှင့်ပွဲအမီ ကြံ့ ခိုင်မှုပြည့်ဝဖွယ်ရှိမရှိ စိုးရိမ်စရာဖြစ်နေသည်။

ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ မက်ဆီ ၏အခြေအနေအား သတင်းထောက်များက မေးမြန်းရာ ဗယ်လ်ဗာဒီက ဒဒစစ်ဆေးမှုတွေ လုပ်ဖို့အတွက် သူ့ရဲ့အခြေအနေ ဘယ်လိုရှိ မလဲဆိုတာ မနက်ဖြန် (တနင်္ဂနွေနေ့) အထိ စောင့်ရပါမယ်။ တခြားကစားသမားတွေလည်း အတူတူပါပဲ။ ကျွန်တော်လည်း အများကြီးမသိထားပါဘူး။ တခြားကစားသမားတွေလိုပဲ သူလည်း ကြံ့ခိုင်မှုပြည့်ဝလာမယ်လို့ မျှော်လင့်ပါတယ်။ သူ့ပြဿနာက ဘာလဲဆို တာ ကျွန်တော်မသိသေးပါဘူး။ ခင်ဗျားတို့ကို ဒီထက်ပိုပြီးပြောပြချင်ပေမဲ့ ကျွန်တော်လည်း သေသေချာချာ မသိရသေးပါဘူး။ တခြားသူ တွေလိုပဲ သူ့ဆီမှာလည်း ပြဿနာနည်းနည်း တော့ရှိနေတယ်။ ဆရာဝန်တွေက စမ်းသပ် စစ်ဆေးပြီးတော့ ဘာပြောလာမလဲဆိုတာ စောင့်ရပါမယ်။ အခြေအနေဘယ်လိုရှိလဲ ဆိုတာ မမှန်းတတ်ပေမဲ့ သိပ်မဆိုးဘူးလို့တော့ ထင်ပါတယ်ဒဒဟု ဖြေကြားသည်။

ဘာစီလိုနာအသင်းသည် စပိန်ဘုရင့် ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ဖေဖော်ဝါရီ ၆ ရက်တွင် နူးကမ့်ကွင်း ၌ ရီးယဲလ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

ဘာစီလိုနာအသင်းအနေဖြင့် ရက်သတ္တပတ် လေးပတ်အတွင်း ရီးယဲလ်အသင်းနှင့် သုံးပွဲအထိကစားရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက် တွင် ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့နှင့် မတ် ၂ ရက်တွင် လာလီဂါပြိုင်ပွဲ ဒုတိယအကျော့ကို ဘာနေဗျူးကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။

ယခုရာသီ ပထမအကျော့တွေ့ဆုံမှုတွင် ဘာစီလိုနာ အသင်းက (၅-၁) ဂိုးဖြင့် အနိုင်ရထားသည်။

Most Read

Most Recent