မန်စီးတီးအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (၃-၁) အာဆင်နယ်ပွဲတွင် အသင်းအတွက် (၃)ဂိုးစလုံးကို သွင်းယူနိုင်ခဲ့ရာ သူ၏ ပရီးမီးယားလိဂ်ဟက်ထရစ်အကြိမ်အရေအတွက်မှာ (၁၀)ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်သည်။
သို့ဖြစ်ရာ အဂွဲရိုးသည် ပရီးမီးယားလိဂ်တွင် ဟက်ထရစ်အများဆုံးသွင်းယူထားသူအဖြစ် စံချိန်တင်ထား သော နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှှီးယား၏စံချိန်ကို လိုက်မီရန် တစ် ကြိမ်သာလိုအပ်တော့ကြောင်း သိရှိရသည်။
၁၉၉၉ စက်တင်ဘာလအတွင်းက နောက်ဆုံးဟက်ထရစ်ကို သွင်းယူခဲ့သော အလန်ရှီးယားသည် ပရီးမီးယားလိဂ်တွင် ဟက်ထရစ် (၁၁)ကြိမ်သွင်းယူထားပြီး ယင်းစံချိန်မှာနှစ် ပေါင်း(၂၀)နီးပါး ကြာမြင့်ခဲ့သည်။
အဂွဲရိုးသည် သူ၏ပထမဆုံး ဟက်ထရစ်ကို ၂၀၁၁၊ စက်တင်ဘာ လတွင် မန်စီးတီး (၃-၀) ဝီဂန်ပွဲ၌ သွင်းယူခဲ့ခြင်းဖြစ်သည်။
အဂွဲရိုးသည် အချို့သောပွဲစဉ်များ၌ ဟက်ထရစ် သာမက (၄)ဂိုးသွင်းယူခဲ့ပြီး ၂၀၁၅၊ အောက်တိုဘာလအတွင်းက ကစားခဲ့ သော မန်စီးတီး (၆-၁) နယူးကာဆယ် ပွဲတွင် (၅)ဂိုးအထိ သွင်းယူခဲ့သည်။
■ ပရီးမီးယားလိဂ်တွင် ဟက်ထရစ်အကြိမ်အများဆုံးသွင်းယူထားသူများ
ကစားသမား အကြိမ်
အလန်ရှီးယား (၁၁) ကြိမ်
အဂွဲရိုး (၁၀) ကြိမ်
ဖောင်လာ (၉) ကြိမ်
အွန်နရီ (၈) ကြိမ်
ဟာရီကိန်း (၈) ကြိမ်
မိုက်ကယ်အိုဝင် (၈) ကြိမ်