လီဗာပူးလ်အသင်းဂန္ထဝင်နောက်ခံလူ ကာရေဂါက လီဗာပူးလ်အသင်းနေဖြင့် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်းကိုတွေးရန် စောလွန်းနေသေးကြောင်းနှင့် အမှားကျူးလွန်မည်ဆိုလျှင် ချန်ပီယံဆုအတွက် ခက်ခဲသွားနိုင်ကြောင်း သတိပေးပြောကြားသွားခဲ့သည်။
ကာရေဂါသည် လီဗာပူးလ်အသင်းတွင် (၁၇) နှစ်အတွင်း ပွဲပေါင်း (၇၀၀) ကျော်ကစားခဲ့သူဖြစ်ပြီး လက်ရှိတွင် လီဗာပူးလ်အသင်းအနေဖြင့် ချန်ပီယံဖြစ်မည်ဟု အပိုင်တွေးထားပါက မှားသွားနိုင်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။
ကာရေဂါက '' လီဗာပူးလ်ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ် ပွဲကျန် (၁၄) ပွဲမှာ လီဗာပူးလ်အသင်းက ပွဲတိုင်းနိုင်မယ်လို့ တွေးထားကောင်းတွေးထားပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်လာမှာမဟုတ်ပါဘူး။ လီဗာပူးလ်အသင်းအနေနဲ့ လက်ကျန်ပွဲစဉ်တိုင်းမှာ အကောင်းဆုံး ကစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချန်ပီယံဆုနဲ့ နီးလာလေ ဖိအားနဲ့ကြောက်စိတ်တွေပိုများလေဖြစ်လို့ပါပဲ။ ကျွန်တော်က လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံဆုကိုတွေးရမယ့် အချိန်မဟုတ်သေးဘူးလို့ ထင်ပါတယ်။ တကယ်လို့ ချန်ပီယံဆုအကြောင်းကိုတွေးမယ်ဆိုရင်လည်း မတ်လနဲ့ ဧပြီလအကုန်လောက်မှ တွေးလို့အဆင်ပြေပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ လီဗာပူးလ်အနေနဲ့ အမှားလုပ်မယ်ဆိုရင် ချန်ပီယံဆုအတွက် ခက်ခဲသွားနိုင်ပါတယ်'' ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ ရမှတ် (၆၁) မှတ်ဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး ဒုတိယနေရာမှ စပါးအသင်းကို (၄) မှတ်နှင့် တတိယနေရာမှ မန်စီးတီးအသင်းကို (၅)မှတ်အထိ ဖြတ်ထားသည်။
သို့သော် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချန်ပီယံလုပွဲမှာ မပြီးဆုံးသေးကြောင်းနှင့် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု နယူးကာဆယ်အသင်းအား ရှုံးနိမ့်သည့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။