စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ နောက်ခံလူ မာဆယ်လိုအား ယူရို (၄၅) သန်းဖြင့်ခေါ်ယူရန်စီစဉ်နေကြောင်းသိရသည်။
အသက် (၃၀) နှစ်အရွယ်ရှိ ဘရာဇီးလ်ဘယ်နောက်ခံလူ မာဆယ်လိုသည် ရီးယဲလ်မက်ဒရစ်အသင်း၏ အဓိကကစားသမားဖြစ်သော်လည်း ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရပြီး လာလီဂါပွဲစဉ် (၁၂) ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့သည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် ဥရောပထိပ်တန်းကလပ်များစိတ်ဝင်စားခြင်းခံနေရသည့် အဲလက်စ်ဆန်ဒရို၏နေရာတွင် အစားထိုးရန်အတွက် မာဆယ်လိုအား လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ကမ်းလှမ်းသွားရန်စီစဉ်နေခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် ရီးယဲလ်အသင်း၏ အဓိက ကစားသမားစီရော်နယ်လ်ဒိုအား ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကခေါ်ယူနိုင်ခဲ့ပြီးနောက် ၄င်း၏အရင်းနှီးဆုံးအသင်းဖော်ဖြစ်သည် မာဆယ်လိုအား ခေါ်ယူရန် ကာလရှည်ချိန်ရွယ်ခဲ့ခြင်းလည်းဖြစ်သည်။
မာဆယ်လိုသည် ရီးယဲလ်အသင်းတွင် ၂၀၀၆-၀၇ ဘောလုံးရာသီမှစတင်ကာ (၁၃) ရာသီအထိကစားထားပေးပြီး ပြိုင်ပွဲစုံ (၄၇၄) ပွဲတွင် (၃၆) ဂိုးသွင်းယူပေးထားသည်။