အာဆင်နယ်နောက်ခံလူဟောင်း ဂါးလက်စ်က အသင်းကွင်းလယ်ကစားသမား အိုဇေးလ်မှာ ဆန္ဒရှိမှသာလျှင် ကောင်းကောင်းကစားသည်ဟု ဝေဖန်ပြောကြားခဲ့သည်။
အိုဇေးလ်သည် နည်းပြအမ်မရီလက်အောက်တွင် ရာသီအစပိုင်းက ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်သည်။
ပြင်သစ်နောက်ခံလူဟောင်း ဂါးလက်စ်က အိုဇေးလ်မှာ ပါရမီရှင်ဖြစ်သော်လည်း ပုံမှန်ခြေစွမ်းမရှိခြင်းနှင့် ကြိုးစားလိုစိတ်မရှိခြင်းတို့ကြောင့် လက်ရှိအနေအထားမှာ ကစားသမားအတွက်ရော အသင်းအတွက်ပါ အလွန်ခက်ခဲကြောင်း The Sun သတင်းစာနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဂါးလက်စ်က '' အမ်မရီဟာ အိုဇေးလ်ဆီကနေ အကောင်းဆုံးခြေစွမ်းကို ထုတ်ယူနိုင်ဖို့အတွက် အတက်နိုင်ဆုံး ကြိုးစားခဲ့ပြီးပါပြီ။ ဒါပေမဲ့ အိုဇေးလ်ဘက်က ဘာတုံ့ပြန်မှုမှ မရှိပါဘူး။ လက်ရှိအခြေအနေက အိုဇေးလ်အတွက်ရော အာဆင်နယ်အတွက်ပါ အရမ်းခက်ခဲပါတယ်။ အိုဇေးလ်ဟာ ပါရမီရှင်ကစားသမားဖြစ်ပြီး သူ့မှာဘယ်လိုအစွမ်းအစတွေရှိတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမဲ့ သူ့မှာခြေစွမ်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ အိုဇေးလ်ဟာ သူဆန္ဒရှိမှ ကောင်းကောင်းကစားနေလို့ပါ။ အိုဇေးလ်အနေနဲ့ သူ့ရဲ့စွမ်းရည်တွေကို အသုံးချဖို့ ပိုကြိုးစားသင့်ပါတယ်။ အဲဒီလိုသာသူကြိုးစားခဲ့မယ်ဆိုရင် သူဟာအာဆင်နယ်သမိုင်းမှာတောင် အကောင်းဆုံးဖြစ်လာနိုင်သူပါ'' ဟုပြောကြားခဲ့သည်။
အသက် (၃၀) နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူအိုဇေးလ်သည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၇) ပွဲတွင် (၄) ဂိုးသွင်းယူထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့က အိုဇေးလ်အနေဖြင့် အာဆင်နယ်အသင်းကို စွန့်ခွာမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အမ်မရီက အိုဇေးလ်မှာ အသင်း၏ အနာဂတ်အစီအစဉ်များတွင် ပါဝင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဂါးလက်စ်က အသင်းတွင် အိုဇေးလ်ကို အသုံးမပြုခြင်းနှင့် ပတ်သက်ပြီး အာဆင်နယ်ပရိသတ်များက နည်းပြအမ်မရီအား မကျေမနပ်ဖြစ်နေခြင်းကို အိုဇေးလ်နှင့် အမ်မရီတို့ (၂) ယောက်စလုံးသိရှိကြကြောင်းလည်း ပြောကြားခဲ့သည်။