အိမ်ကွင်းမှာ ဆွန်ဟောင်မင်ရဲ့ဂိုးနဲ့နိုင်ပွဲဆက်ခဲ့တဲ့ စပါး

အိမ်ကွင်းမှာ ဆွန်ဟောင်မင်ရဲ့ဂိုးနဲ့နိုင်ပွဲဆက်ခဲ့တဲ့ စပါး
Photos: Reuters
Photos: Reuters
Published 2 February 2019

■ စပါး ၁-၀ နယူးကာဆယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ ပွဲစဉ်မှာတော့ စပါးအသင်းက (၁-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အရေးကြီးပြီး ပွဲဆက်တွေများနေချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ စပါးအသင်းဟာ အကောင်းဆုံးရုန်းကန်ခဲ့ပြီး ထိုက်ထိုက်တန်တန်နိုင်ပွဲရယူသွားနိုင်ခဲ့တာပါ။

နယူးကာဆယ်အသင်းကလည်း ပြီးခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းကို အနိုင်ရရှိထားတာကြောင့် စိတ်ဓာတ်ပိုင်းအားတက်နေပြီး ဒီပွဲမှာလည်း စပါးအသင်းကို အကောင်းဆုံးတုံ့ပြန်ကစားသွားခဲ့ပါတယ်။

စပါးအသင်းနည်းပြ ပိုချက်တီနိုဟာ ဟာရီကိန်းမပါဝင်နိုင်တဲ့ တိုက်စစ်ပိုင်းမှာ လူးကပ်စ်မော်ရာ၊ အဲရစ်ဆင်၊ ဆွန်ဟောင်မင်၊ လာမယ်လာတို့နဲ့စုဖွဲ့ခဲ့ပြီး၊ (၃) ယောက်တန်းခံစစ်နဲ့အတူ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ကြိုးစားခဲ့ပါတယ်။

နယူးကာဆယ်အသင်းကလည်း မန်စီးတီးအသင်းကို အနိုင်ရထားတဲ့ အသင်းရဲ့အထိုင်ကို အပြောင်းအလဲမလုပ်ခဲ့ဘဲ အတောင့်တင်းဆုံးလူအင်အားနဲ့ အဝေးကွင်းမှာ ရလဒ်ကောင်းဖို့ကြိုးစားခဲတာပါ။

ပွဲစကတည်းက စပါးအသင်းဂိုးရဖို့ကြိုးစားခဲ့ပေမယ့် နယူးကာဆယ်အသင်းရဲ့ကစားအားနဲ့ ခံစစ်ပိုင်းက မာမာထန်ထန်တုံ့ပြန်ခဲ့လို့ အခက်တွေ့နေခဲ့ပါတယ်။

နှစ်သင်းစလုံးကစားအားကောင်းကောင်းနဲ့ကစားခဲ့တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး နယူးကာဆယ်အသင်းရဲ့တန်ပြန်တိုက်စစ်ကလည်း စပါးအသင်းကို တစ်ချက်တစ်ချက် အလုပ်ရှုပ်စေခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးဂိုးရဖို့ကြိုးစားခဲ့လို့ ပွဲရဲ့အရှိန်ကပိုမြင့်လာခဲ့ပါတယ်။

စပါးအသင်းရဲ့ ဂိုးရဖို့ကြိုးစားမှုတွေဟာ ကံခေနေခဲ့ပြီး၊ ဂိုးဝင်ခါနီးအခွင့်အရေးတွေကိုလည်း နယူးကာဆယ်ခံစစ်ပိုင်းက အကြိမ်ကြိမ်ဟန့်တားနိုင်ခဲ့လို့ စပါးအသင်း အိမ်ကွင်းမှာနိုင်ပွဲပျောက်လုနီးပါးဖြစ်ခဲ့ပါသေးတယ်။

စပါးအသင်းကံကောင်းခဲ့တာက ပွဲချိန် (၈၃) မိနစ်မှာ မထင်မှတ်ဘဲ ဂိုးရသွားခဲ့တာပါ။ နယူးကာဆယ်နောက်ခံလူ (၂) ဦးကိုလှည့်စားပြီး စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ရဲ့အဝေးကန်ချက်ကို နယူးကာဆယ်ဂိုးသမား ဒူဗရာကာဖမ်းရာမှာ မသေသပ်ခဲ့တာကြောင့် စပါးအသင်း ဂိုးရသွားခဲ့တာပါ။

ဒီဂိုးဟာ ဆွန်ဟောင်မင်အတွက် စပါးအသင်းနဲ့ပြိုင်ပွဲစုံနောက်ဆုံး (၁၀)ပွဲမှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၁၄) ဂိုး ( ၉ ဂိုးသွင်း၊ ၅ ဂိုးဖန်တီး) အထိရှိသွားစေခဲ့ပါတယ်။

လက်ကျန်မိနစ်မှာတော့ စပါးအသင်းပွဲကိုထိန်းကစားသွားခဲ့လို့ (၁-၀) ဂိုးရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပါးအသင်းဟာ မန်စီးတီးကိုကျော်ကာ အဆင့် (၂)နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

Most Read

Most Recent