တရုတ်နိုင်ငံမှ သက်ကြီးရွယ်အိုများ

တရုတ်နိုင်ငံမှ သက်ကြီးရွယ်အိုများ
Photo- AFP
Photo- AFP
Published 26 January 2019
မြတ်သစ်

တရုတ်နိုင်ငံမှ အငြိမ်းစား တပ်မတော်သားများ ရုပ်ရှင်ဒါရိုက်တာများသည် တက္ကသိုလ်မှ ပါမောက္ခများအပါအဝင် သက်ကြီးရွယ်အိုများသည် သူတို့အတွက် ဖွင့်လှစ်ထားသည့် ရိပ်သာထဲတွင် ဘဲလေးသင်ခန်းစာများ အလေးမခြင်းများနှင့် ညစာအတူစားသောက်ခြင်းများကို ပြုလုပ်နေကြသည်။ ယခင်က တရုတ်နိုင်ငံတွင် တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကြောင့် မိဘများအနေဖြင့် အသက်အရွယ်ကြီးရင့်လာသောအခါ၌ စောင့်ရှောက်မဲ့သူ မရှိသည့်အဖြစ်မျိုးနှင့် ကြုံတွေ့နေရသည်။

လက်လုပ်လက်စား ပြည်သူများအဖို့ အိုမင်းမစွမ်း ဖြစ်လာသည့်အခါ၌ ပြဿနာများ ကြုံတွေ့နေရသော်လည်း အထက်တန်းလွှာမှ သက်ကြီးရွယ်အိုများအဖို့ သူတို့၏ နောက်ဆုံးနေရက်များကို သက်တောင့်သက်သာဖြင့် စခန်းသွားနေကြသည်။ ယမ်ယွန်ရှိ သက်ကြီးရွယ်အိုရိပ်သာ၌ စန္ဒယားတစ်လုံး ရှိနေသည်။ ထို့ပြင် အစ္စရေးပန်းချီဆရာ ဒေးဗစ်ဂါစတိုင်း၏ ပန်းချီကားများကိုလည်း ချိတ်ဆွဲထားသည်။

“ဒီနေရာဟာ ကျွန်တော်ရဲ့ နေအိမ်ပဲဖြစ်တယ်။ ကျွန်တော်ကွယ်လွန်သည်အထိ ဒီနေရာမှာပဲ နေမှာဖြစ်တယ်” ဟု အသက် ၇၁ နှစ်အရွယ်ရှိ လီယင်က ပြောကြားလိုက်သည်။ လီသည် စစ်တပ်မတော်တွင် နှစ်ပေါင်း ၃၀ တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ဖြစ်သည်။ ယန်ယွန်ရှိ သက်ကြီးရွယ်အို ရိပ်သာများ၌ ဆေးရုံများလည်း ရှိသည်။ ယင်းကဲ့သို့ ပြည့်စုံသည့် သက်ကြီးရွယ်အို ရပ်သာများ တရုတ်နိုင်ငံတွင် များများစားစား မရှိပေ။

ယန်ယွန်သည် စီးပွားရေး ဖွံ့ဖြိုးသည့်အရပ်ဒေသဖြစ်သည့်အတွက် သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၌ သက်ကြီးရွယ်အိုများ အရေအတွက်မှာ အဆမတန်မြင့်တက်လျက်ရှိသည်။ တရုတ်နိုင်ငံ၌ လူသုံးဦးလျှင် တစ်ဦးမှာ သက်ကြီးရွယ်အိုများဖြစ်ကြောင်း သူတို့၏ အသက်အရွယ်မှာ ၆၀ ကျော်ဖြစ်ကြောင်း နှင့် သက်ကြီးရွယ်အို အရေအတွက်မှာ အမေရိကန်ပြည်ထောင်စုရှိ လူဦးရေထက်ပင် များပြားနိုင်ကြောင်း ဝေဖန်လျက်ရှိသည်။

တရုတ်နိုင်ငံ၌ တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒသည် လူဦးရေတိုးပွားမှုနှုန်းကို ကန့်သတ်ရန်အတွက် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံရှိ အိမ်ထောင်သည်များအနေဖြင့် မိမိရင်သွေးကို စောင့်ရှောက်ရသည့် တာဝန်မှာ အင်မတန်ကြီးနေသောကြောင့် မိဘများကိုစောင့်ရှောက်ရမည့် ဝတ္တရားကို မဖြည့်ဆည်းနိုင်ကြပေ။

“မိအိုဖအိုတွေကို သားသမီးတွေက လုပ်ကျွေးစောင့်ရှောက်ရမယ်ဆိုတဲ့ အယူအဆဟာ နှစ်ထောင်ပေါင်းများစွာက ရှိခဲ့တဲ့ အယူအဆဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း ပြောင်းလဲလာတာနဲ့အမျှ သားသမီးနဲ့ မိဘ ဆက်ဆံရေးတွေဟာလည်း ပြောင်းလဲလာပါတယ်” ဟု လီက ပြောကြားခဲ့သည်။

သက်ကြီးရွယ်အိုမြင့်တက်လာမှု အကျပ်အတည်းကို ဖြေရှင်းရန်အလို့ငှာ တရုတ်အစိုးရက မူဝါဒများကို ရေးဆွဲလျက်ရှိသည်။ သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုနှင့်ပတ်သက်၍ သင့်လျော်သော အခွန်အကောက် မူဝါဒများကိုလည်း ထည့်သွင်းထားသည်။ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများ တည်ထောင်ခွင့်ကို ပေးထားသည်။ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် တိုက်ခန်းများ ဆောက်လုပ်ရာတွင် သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးစင်တာများ ထားရှိခွင့်ပြုထားသည်။ ထို့ပြင် ငွေကြေးတတ်နိုင်သူ သက်ကြီးရွယ်အိုများအနေဖြင့် ဟိုတယ်ကြီးများ၌  နေထိုင်ခွင့်နှင့် ဆေးဝါးကုသခွင့်တို့ကိုပါ ခွင့်ပြုထားသည်။

သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးလုပ်ငန်းသည် တရုတ်နိုင်ငံနှင့် ထွန်းသစ်စစီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်လာနိုင်ဖွယ်ရှိသည်။ သို့သော် ငွေကြေးမတတ်နိုင်သူများအတွက် ပုဂ္ဂလိကပိုင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစင်တာများတွင် နေထိုင်ခွင့်ရမည်မဟုတ်ပေ။

ယခင်က တရုတ်နိုင်ငံတွင် နေထိုင်သည့် မိသားစုများအဖို့ မိသားစုတစ်စုတည်း စည်းစည်းလုံးလုံး နေထိုင်နိုင်သည့် အခွင့်အရေးရှိသည်။ သို့သော် မြို့ပြများ ဖွံ့ဖြိုးတိုးတက်မှု ကြီးထွားလာမှုကြောင့် ကျေးလက်ဓလေ့စရိုက်များ ပျောက်ဆုံးခဲ့ရသည်။ တချို့ကျေးလက်ဒေသများသည် ခေတ်မီမြို့ပြအဖြစ်သို့ ပြောင်းလဲသွားကြကုန်သည်။ ကျေးလက်ဒေသနေ လူရွယ်များသည် တစ်ရပ်တစ်ကျေးသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်လျက် ရှိကြသည်။ သူတို့တစ်တွေသည် စီးပွားရေး အလားအလာကောင်းသည့် မြို့ပြများသို့ သွားရောက်ကြသဖြင့် သူတို့၏ မိဘများနှင့် ဘိုးဘွားများကို စောင့်ရှောက်နိုင်ခြင်းမရှိကြပေ။

ငွေကြေးချမ်းသာသည့် မိသားစုများကတော့ တရုတ်နိုင်ငံတွင်းရှိ မြို့ကြီးပြကြီးများ၌ သွားရောက်နေထိုင်ကြသည်။ အချို့မှာ နိုင်ငံခြားသို့ သွားရောက်နေထိုင်ကြသည်။ သူတို့တစ်တွေမှာလည်း ကိုယ့်အလုပ်နှင့်ကိုယ် မအားလပ်ကြပေ။ မိဘများနှင့် ဘိုးဘွားများကို လှည့်မကြည့်နိုင်ကြပေ။ ထိုအခါတွင် ဘိုးဘွားများမှာ ဆွေမျိုးသားချင်းတို့၏ စောင့်ရှောက်မှုကိုသာ ခံယူနေကြရသည်။

“ကျွန်တော့်အနေနဲ့ သားသမီးတွေကို မမှီခိုပါဘူး” ဟု အသက် ၈၂ နှစ်အရွယ်ရှိ ပါမောက္ခတစ်ဦးက ပြောကြားခဲ့သည်။ သူ့သမီးတစ်ယောက်မှာ ပေကျင်းတွင် နေထိုင်သည်။ သားတစ်ယောက်မှာ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည်။

တရုတ်နိုင်ငံ၌ တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒ ကျင့်သုံးမှုကို နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့သည်။ တစ်ချိန်တုန်းက လူဦးရေ တိုးပွားမည်ကို စိုးရိမ်သဖြင့် ယင်းမူဝါဒ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ယခုအခါ၌ တရုတ်လူဦးရေ တိုးတက်မှုနှုန်း နှေးကွေးနေမှုကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်မူဝါဒကို ၂၀၁၆ ခုနှစ်တွင် လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။

လူဦးရေ ၁.၄ ဘီလျံနီးပါးရှိသော တရုတ်နိုင်ငံ၌ မြို့ပြဆန်လာခြင်းနှင့် လူနေမှုစရိတ် မြင့်မားမှုကြောင့် မိသားစုများအနေဖြင့် ကလေးတစ်ဦးသာ ယူလိုပြီး နောက်ထပ်ကလေးယူရန် တွန့်ဆုတ်နေခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်၌ ကလေး ၁၅.၂ သန်းသာ မွေးဖွားခဲ့ခြင်းကြောင့် ယခင်နှစ်ကထက် နှစ်သန်းခန့် လျော့နည်းသွားခဲ့သည်။ တရုတ်နိုင်ငံ၏ လူဦးရေမှာ ၂၀၁၈ ခုနှစ်တွင် ၅.၃ သန်း တိုးမြင့်ခဲ့သည်။ သို့ဖြစ်၍ လူဦးရေမှာ ၁.၃၉၅ ဘီလျံရှိသောကြောင့် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်ခဲ့သည်။

ယင်းကဲ့သို့ မွေးဖွားမှုနှုန်း နိမ့်ကျမှုသည် သက်ကြီးရွယ်အိုများအတွက် သက်ရောက်မှုများ ပိုမိုကြီးမားလာခဲ့သည်။ မိသားစုဦးရေ အရေအတွက်နည်းပါးလာမှုက သက်ကြီးရွယ်အိုများကို စောင့်ရှောက်နိုင်မှု ကျဆင်းစေခဲ့သည်။ ထိုမျှသာမက သက်ကြီးရွယ်အိုအချို့သည် လုပ်ငန်းခွင်၌ ဝင်ရောက်လုပ်ကိုင်ရမှုများ ရှိလာခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံရှိ သက်ကြီးရွယ်အိုများအနေဖြင့် သားသမီးများ၏ စောင့်ရှောက်မှုမရရှိသဖြင့် သူတို့၏ဘဝသည် သက်ကြီးရွယ်အို ရိပ်သာများ၌ ဘဝနေဝင်ချိန်ကို ဖြတ်သန်းနေရသည်။

 

 

Most Read

Most Recent