ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင် အထွေထွေရွေးကောက်ပွဲ ကျင်းပ

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင် အထွေထွေရွေးကောက်ပွဲ ကျင်းပ
 ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင် အထွေထွေရွေးကောက်ပွဲ မြင်ကွင်းကိုတွေ့ရစဉ်
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင် အထွေထွေရွေးကောက်ပွဲ မြင်ကွင်းကိုတွေ့ရစဉ်
Published 25 January 2019

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင် အထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ဒဂုံတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

ရွေးကောက်ပွဲကို ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် မဲရုံနေရာသုံးနေရာခွဲကာ ပြုလုပ်ခဲ့ပြီး ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား အများအပြား လာရောက် မဲပေးခဲ့ကြသည်။

အဆိုပါရွေးကောက်ပွဲတွင် Unity & Prpgress နှင့် Future The Dagon အဖွဲ့နှစ်ဖွဲ့မှ ကျောင်းသားကိုယ်စားလှယ် ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

၀ိဇ္ဇာဘာသာရပ်ကျောင်းသား၊ ကျောင်းသူများအတွက် မဲရုံအမှတ်(၁) အဖြစ် ဥပဒေပညာဌာနအနီးရှိ နားနေဆောင်(၂) ကိုလည်းကောင်း၊ သိပ္ပံဘာသာရပ်ကျောင်းသား၊ ကျောင်းသူများအတွက် မဲရုံအမှတ်(၂) ကို သပြေလမ်းမပေါ်ရှိ ဓာတုဗေဒဌာနအနီးတွင်လည်းကောင်း၊ အဝေးသင်ကျောင်းသား၊ ကျောင်းသူများအတွက် မဲရုံအမှတ်(၃) ကို ငုဝါလမ်းပေါ်ရှိ အဝေးသင်ဌာနအနီးတွင်လည်းကောင်း မဲရုံများထားရှိကာ ရွေးကောက်ပွဲကို ပြုလုပ်ခဲ့သည်။

“ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အထွေထွေရွေးကောက်ပွဲမှာ ကျောင်းသားအားလုံး မဲပေးခွင့်ရရှိအောင် လုပ်ထားပါတယ်။ မဲပေးတဲ့နေရာမှာ ၂၀၁၈ နောက်ဆုံးပညာသင်နှစ်မှာ ကျောင်းအပ်ထားသူဖြစ်ရမယ်။ အဝေးသင်ကျောင်းသားအပါအဝင် ကျောင်းသားခုနစ်သောင်းလောက်ရှိပါတယ်။ အဝေးသင်ကျောင်းသားတွေပါ ပါဝင်ခွင့်ပေးထားပါတယ်။ အဝေးသင်ကျောင်းသား ကိုယ်စားလှယ်သုံးဦးထိ ပါဝင်ခွင့်ပေးထားပါတယ်။ ရွေးကောက်ပွဲသဘာပတိအဖွဲ့မှာ ပါမောက္ခချုပ်က အဆိုပြုတာ သုံးယောက်၊ ကျောင်းသားသမဂ္ဂက အဆိုပြုတာ သုံးယောက်၊ ဆရာသမဂ္ဂက အဆိုပြုတာ သုံးယောက်၊ ကျန်တာက ကျောင်းသားသမဂ္ဂက အဆိုပြုတာ ခြောက်ယောက် စုစုပေါင်း ၁၅ ယောက်ရှိပါတယ်။ မဲရုံ သုံးရုံ ခွဲထားပါတယ်။ မဲရွေးမှာကတော့ EC ၁၅ ဦးပဲ ရွေးရမှာပါ။ ၁၅ ဦးထပ် ပိုရွေးထားရင် အဲ့ဒီမဲ ပယ်မဲပါ။ အရင်နှစ်ကထက် မဲပေးတဲ့သူ ကျောင်းသားဦးရေ ပိုများတယ်လို့ထင်ပါတယ်။ အဝေးသင်ဘက်ကတော့ မဲပေးမှုစိတ်ဝင်စားမှု နည်းပါသေးတယ်။ ကျောင်းသားသမဂ္ဂကတော့ ကျောင်းသားထုကို ကိုယ်စားပြုပြီး ကျောင်းအတွက်ရော ကျောင်းသားသမဂ္ဂအတွက်ပါ လုပ်မယ်ဆိုတော့ ကြိုဆိုပါတယ်။ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း ပူးပေါင်းပါဝင်တာပါ” ဟု ရွေးကောက်ပွဲ သဘာပတိအဖွဲ့ဝင် ပထဝီဝင်ဌာန ပါမောက္ခဌာနမှူး ဒေါက်တာကြည်လင့်က ပြောကြားသည်။

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင် အထွေထွေရွေးကောက်ပွဲမှာ တတိယအကြိမ်မြောက် ရွေးကောက်ပွဲဖြစ်ပြီး ယခင်နှစ်များထက် မဲလာပေးသည့် ကျောင်းသား၊ ကျောင်းသူ ပိုမိုများပြားကြောင်း သိရသည်။

“ရွေးကောက်ပွဲကို အားရပါတယ်။ ကျောင်းသားထုအကျိုး လုပ်ဆောင်ပေးနိုင်မယ့်သူတွေကို မဲပေးခဲ့ပါတယ်။ ယခင်နှစ်တွေကထပ် မဲလာပေးသူတွေပိုများတယ်။ အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာမယ်လို့ထင်ပါတယ်။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့လည်း မဲဆွယ်စည်းရုံးစဉ်က ပေးခဲ့တဲ့ကတိတွေကို အကောင်အထည်ဖော်ပေးဖို့ ပြောချင်ပါတယ်” ဟု မဲလာပေးသူ ကျောင်းသားတစ်ဦးက ပြောကြားသည်။

မျိုးထက်ပိုင်

Most Read

Most Recent