(၁)
ကျွန်တော် နှစ်သက်သဘောကျသော ကဗျာဆိုင်ရာ အယူအဆတစ်ခု ရှိပါသည်။ ထိုအယူအဆကို ဆရာဇော်ဇော်အောင်၏ စာပေဆောင်းပါးတစ်ခုထဲတွင် ဖတ်မိခဲ့ခြင်း ဖြစ်ပါသည်။ “ဒါတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲကိုးကွ” ဟု ဆိုလျှင်လည်းခံပါမည်။ ကျွန်တော် နှစ်သက်သဘောကျမိသော နေရာလေးမှာ ကဗျာနှင့် စကားပြေကို ခြားနားပိုင်း ဖြတ်ထားသော နံရံသည် ပါးပါးကလေး ဖြစ်သွားပြီ။ နယ်နိမိတ်သည် တစ်ဆက်တစ်စပ်တည်းလို ဖြစ်နေပြီ စသည့် အဓိပ္ပာယ်ပါရှိသော နေရာကလေး ဖြစ်ပါသည်။
(၂)
ကျွန်တော်သည် လွန်ခဲ့သော လေး၊ ငါး၊ ခြောက်နှစ်ခန့်က စကားပြေကဗျာအနည်းငယ် ရေးခဲ့ဖူးသည်။ အကြောင်းအရာတစ်ခု၊ Subject တစ်ခုကို မူတည်၍ ရေးခဲ့ခြင်းလည်းဖြစ်သည်။ ကျွန်တော့်ဘဝ၏ အပြောင်းအလဲတစ်ခုကို ကြုံတွေ့ရချိန်တွင် ရေးခဲ့ခြင်းဖြစ်ကြောင်း ယခု ပြန်သတိပြုမိပါသည်။ ခက်ခဲပင်ပန်းသော အကြောင်းအရာများထဲမှ ရှောရှောရှူရှူပင် ကျွန်တော် ရေးနိုင်ခဲ့သည်။ ယင်းတို့သည် ယခုထက်တိုင် ကျွန်တော်၏ ကော်ပီစာအုပ်ကလေးထဲမှာ ရှိနေသည်။ ကျွန်တော်ဖော်ပြချင်သည်။ ဖတ်ရှုကြည့်မည် မဟုတ်လား။
နေပူစာထဲက ခွေး
နေပူစာထဲမှာ ခွေးတစ်ကောင်။ ဆောင်းတစ်ရက် နံနက်မြူနှင်းတို့ ပြယ်စအချိန်။ နေရောင်ခြည် ထိုးဆင်းလာခိုက် မြေကြီးနွေးနွေး နေပူစာထဲမှာ ခွေးတစ်ကောင်။ သူ့ဦးခေါင်းကို မြေကြီးထက်တင်လို့ သူ့ခြေ၊ သူ့လက် ကိုယ်ခန္ဓာထဲ သိမ်းဝှက် ငြိမ်ငြိမ်သက်သက် ဝပ်လို့။ ခွေးတစ်ကောင် နေပူစာထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေလိုက်ပုံ။ ဒီဇင်ဘာဆောင်းလေက တိုးဝှေ့လို့။ နေရောင်ခြည်က ဟိုးအမြင့်ကြီးဆီကနေ ဖြာကျလို့၊ မြေကြီးက နွေးလို့၊ ခွေးတစ်ကောင်။ ကမ္ဘာမြေကို စိတ်ချလက်ချနဲ့ အိပ်မောကျနေလေရဲ့။ ကတ္တရာလမ်းပေါ်မှာ လူတွေ ဖြတ်သန်းသွား၊ မော်တော်ကားများ မောင်းနှင်ရွေ့လျား၊ တွန်းလှည်းက တကျွီကျွီမြည်။ ထွေလာဂျီက တဒီးဒီး၊ လူသံသူသံ ဆူဆူညံတွေနဲ့ ကတ္တရာလမ်းမဘေး နွေးနေတဲ့ မြေကြီးထက်၊ နေပူစာထဲမှာ ခွေးတစ်ကောင်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာ။
၂၄-၁၂-၂၀၁၂
မြီးတို
ကျွန်တော် ပန်းချီကျောင်းသားဘဝ အဆောင်မှာနေစဉ် အဆောင်အောက် စိမ့်မြေအေးအေးထဲမှာ ဝပ်နေတတ်တဲ့ ခွေးမကြီးတစ်ကောင်ရှိလေရဲ့။ အဲဒီခွေးမကြီးက ငြိမ်သက်တယ်၊ တိတ်ဆိတ်တယ်။ သူရှိနေ တယ်လို့တောင် မထင်မှတ်ရဘူး။ “မြီးတို”တဲ့။ သူ့ရဲ့အမြီးက တိုတိုလေးမို့ သူ့ကို မြီးတိုလို့ ခေါ်ကြတယ်။ မြီးတိုဟာ ကျွန်တော်တို့ အဆောင်အောက်ကို ဘယ်အချိန်ကတည်းက ရောက်ရှိနေခဲ့တာလဲ၊ သူ ဘယ်ကနေ ဒီကို ရောက်လာတာလဲ၊ သူဟာ ပိုင်ရှင်မဲ့ခွေး တစ်ကောင်လား၊ မွေးမြူထားတဲ့ ခွေးတစ်ကောင်လားဆိုတာ ဘယ်သူမှ ကောင်းစွာ မသိကြပါဘူး။ ကျွန်တော် အဆောင်နေကျောင်းသားဖြစ်လာတော့ မြီးတိုက အဆောင်အောက်မှာ ရောက်ရှိနေနှင့်ပြီလေ။
အဆောင်မှာ မနက်မနက်ဆို ထမင်းနဲ့ ကုလားပဲဟင်း ကျွေးတယ်။ မြီးတိုဟာ ကျောင်းသားတွေရဲ့ စားကြွင်းစားကျန် ထမင်းနဲ့ ကုလားပဲဟင်းကို စားရတယ်။ အဆောင်ရှေ့ ကွန်ကရစ်အုတ်ခုံပေါ်မှာ စားကြွင်းစားကျန်တချို့ကို ကျောင်းသားတွေက ပုံထားရင် မြီးတိုဟာ သူဝပ်နေတဲ့ အဆောင်အောက်က စိမ့်မြေအေးအေးထဲကနေ ထလာပြီး တပျပ်ပျပ်စားတယ်။ ဒီလို သူအစာစားရလို့ ကျေနပ်တဲ့အကြောင်း မြီးတိုဟာ သူ့အမြီးကို နှံ့ပြတယ်။ သူ့အမြီးတိုတိုလေးဟာ လှုပ်လို့။
အဆောင်မှာ ကျွန်တော် စာသင်နှစ်ကုန်တဲ့အထိနေခဲ့စဉ် မြီးတိုရဲ့ ဟောင်သံကို မကြားရသလောက်ပဲ။ မြီးတိုဟာ ညနေကျောင်းဆင်းချိန် ကျွန်တော်တို့ အဆောင်ကို ပြန်လာပြီဆိုရင် အဆောင်ဘေးမြေကွက်လပ်မှာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေတာကို တွေ့ရတယ်။ တစ်ခါတလေ မြေကြီးကို အနံ့ခံတယ်။ မြေကြီးပေါ်မှာ မြက်ရိုင်းပင်နဲ့ မိုးတွင်းတုန်းက တင်ကျန်ရစ်ခဲ့တဲ့ ရေမှော်ပင်ပေါက်ကလေးတွေသာ။ မြီးတိုဟာ ညအခါ နိုးနိုးကြားကြားရှိတယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။ အဆောင်ကို ညနက်နက်ထဲမှာ ပြန်ရောက်လာတဲ့တစ်ည အဆောင်လှေကားထစ်ကို တက်လိုက်တာနဲ့ ‘ဆတ်’ ခနဲ မြီးတိုက ဦးခေါင်းကို ထောင်ပြီးလှမ်းကြည့်တယ်။ ပြီးမှ စိတ်ချသွားဟန်နဲ့ မူလပုံစံအတိုင်း လဲလျောင်းနေလိုက်တယ်။ ခရစ္စမတ်ညဆိုရင် အဆောင်မှာ ဂစ်တာသံကြားရတယ်။ ဘက္ကရီးအီးဒ်နေ့ဆိုရင် အဆောင်မှာ အမဲသားဟင်း စားရတယ်။ အာစရိယပူဇော်ပွဲ ကျင်းပတဲ့နေ့ဆိုရင် အဆောင်မှာ အစားကောင်း အသောက်ကောင်း စားရတယ်။
မြီးတိုဟာ ခရစ္စမတ်ညက ဂစ်တာသံကို နားထောင်ခဲ့မှာပေ့ါ။ မြီးတိုဟာ ဘက္ကရီးအီးဒ်နေ့က အမဲသားဟင်းကို စားခဲ့မှာပေ့ါ။ မြီးတိုဟာ အာစရိယပူဇော်ပွဲနေ့က စားကြွင်းစားကျန်တွေကို စားခဲ့မှာပေ့ါ။ နွေကျောင်းပိတ်ချိန်ဆို မြီးတိုတစ်ယောက် ဘယ်လိုရှင်သန် နေထိုင်စားသောက်ခဲ့ပါလိမ့်။ ပညာသင်နှစ်ကုန်ဆိုတော့ ကျွန်တော်ဟာ အဆောင်ကနေ ထွက်ခွာလာခဲ့ပါတယ်။ နှစ်တွေကြာခဲ့ပေ့ါ။ မထင်မှတ်ဘဲ အဆောင်ကို နောက်တစ်ခေါက် ပြန်ရောက်သွားတဲ့အခါ ‘မြီးတို’ ကို မတွေ့ရတော့ပါဘူး။ သူဘယ်ကိုများရောက် သွားပါလိမ့်။ ကျွန်တော်ဟာ မြီးတိုအကြောင်းကို အဆောင်ကျောင်းသားသစ်တွေကို မေးကြည့်ခဲ့တယ်။ ဘယ်သူမှ မသိကြတော့ဘူး။ ‘မြီးတို’ ဆိုတဲ့ ခွေးမကြီးတစ်ကောင် ဒီအဆောင်အောက်မှာ အသက်ရှင်နေခဲ့ဖူးတယ်ဆိုတာ ဘယ်သူမှ မသိကြတော့ဘူးလေ။
၆-၃-၂၀၁၅
ငယ်ငယ်တုန်းက ခွေးကြီး
ဒီနေ့ တနင်္ဂနွေနေ့၊ အားလပ်ရက် ကျွနု်ပ်ဘာအလုပ်မှ လုပ်ဖို့မလို၊ ကျွန်ုပ်မှာ ဘာတာဝန်မှ မရှိ။ အေးအေးလူလူ နားနားနေနေ နေရုံသာ။ ရုပ်သံသီချင်းခွေကို ဖွင့်၍ နားထောင်လိုက နားထောင်၊ ခေါင်းရင်းဘက် ပြတင်း ပေါက်ကိုဖွင့်၍ နွေဦးလေ တဟူးဟူးထဲ၌ အိပ်စက်လိုက အိပ်စက်၊ ကျွနု်ပ် အားလပ်သော နေ့ရက်များ၌ ဖတ်ရှုရန်ဝယ်ယူထားသော အီလျာအာရင်ဘတ်၏ စာအုပ်ထူကြီး နှစ်တွဲကိုဖတ်လိုက ဖတ် သို့မဟုတ် သတင်းစာတိုက်တွင် အလုပ်လုပ်နေသော သမီးထံသို့ ဖုန်းဆက်လိုကဆက်၊ သမီးထံသို့ ဖုန်းဆက်ခြင်းမှာ အကြောင်းထူးမရှိ၊ အာလာပ္ပသလာပ ပြောရုံသာ။ သို့ရာတွင် ကျွနု်ပ်က သမီးထံ ဖုန်းဆက်ခြင်းသည် သူ့ဘက်တွင် ကျွနု်ပ်အမြဲရှိနေကြောင်းကို ပြသမှုတစ်ခုသာ ဖြစ်ပေသည်။ ကျွနု်ပ်သည် စာရေးစားပွဲမှာ ထိုင်လျက် တိတ်ဆိတ်နေသော ကျွနု်ပ်တို့ အိမ်ကလေး၏ အသံကို နားစွင့်နေမိသည်။ ထိုအချိန်တွင် ကျွနု်ပ်၏ မှတ်ဉာဏ်ထဲသို့ သတိရမှုတစ်ခု ဝင်လာသည်။ ကျွနု်ပ်ငယ်စဉ် ၁၀ နှစ်သား အရွယ်ခန့်က ကြုံတွေ့ခဲ့ရဖူးပုံကို ဖြစ်သည်။ ထိုစဉ်က ကျွနု်ပ်ကလေးဘဝဖြစ်ပြီး တစ်နေရာကိုအသွား ခွေးကြီးတစ်ကောင် ကျွနု်ပ်၏ ခြေသလုံးကို ဝင်ကိုက်ခဲ့ပုံပင် ဖြစ်သည်။ ကျွနု်ပ်သည် အိမ်ကို ပြန်ရောက်ရန် ခက်ခဲစွာပြန်လာခဲ့ရပေသည်။ နှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကျွနု်ပ်သည် ငယ်စဉ်က ကျွနု်ပ်ကို လာရောက်ကိုက်ခဲ့သော ခွေးကြီးကို ယခုထက်တိုင် အမှတ်ရနေဆဲဖြစ်ပါသည်။
၈-၃-၃၀၂၅
ခွေးပေါက်စလေး
ကျုပ်အိမ်ရှေ့မှာ တမာပင်ရှိတယ်။ တမာပင်က လူတစ်ရပ်မက မြင့်နေပြီ။ တမာပင်အောက်မှာ ကွန်ကရစ်ကျောက်ပြားတစ်ပြားရှိတယ်။ အဲဒီ ကွန်ကရစ်ကျောက်ပြားထက်မှာ ရေအင်တုံရှိတယ်။ ရေအင်တုံထဲမှာ ရေရှိတယ်။ အဲဒီရေထဲမှာ တမာရွက်ကြွေတွေ ရှိတယ်။ ပြီးတော့ ကွန်ကရစ်ကျောက်ပြားထက်မှာ ခြောက်ကပ်နေတဲ့ ထမင်းခဲရှိတယ်။ ကျုပ်ပြောချင်တာက အဲဒီကွန်ကရစ်ကျောက်ပြားနံဘေး တမာပင်အရိပ်ထဲမှာ ခွေခွေက လေးအိပ်နေတဲ့ ခွေးပေါက်စကလေးတစ်ကောင်အကြောင်းပါ။ ခွေးပေါက်စကလေးက နို့ခွဲပြီးစအရွယ်။ သူ့ဘာသာ အစာရှာစားဖို့ စတင်သွားလာနေတဲ့အရွယ်ပါ။ အဲဒီခွေးပေါက်စကလေးဟာ ကျုပ်အိမ်ရှေ့ တမာပင်ရိပ် ကွန်ကရစ်ကျောက်ပြားဘေးမှာ အိပ်စက်နေတာပါ။ ကျုပ် သူ့ကို သေသေချာချာ ကြည့်မိတယ်။ အဲဒီတော့မှ သူဟာ ကျုပ်ထင်တာထက်ပိုပြီး ငယ်ရွယ်တဲ့ ခွေးလေးတစ်ကောင် ဖြစ်နေတာကို တွေ့ရတယ်။ နောက်ထပ် သေသေချာချာ ကြည့်မိပြန်လေတော့မှ မြေပြင်နဲ့ထိပြီး လဲလျောင်းအိပ်စက်နေတဲ့ ဦးခေါင်းရဲ့နောက်ဘက် သူ့ရဲ့လည်ကုပ်နေရာမှာ အပေါက်တစ်ပေါက်ကို တွေ့ရလေတယ်။ ဒါပေမဲ့ သူဟာ နာကျင်ဟန်မရှိ။ ဒါမှမဟုတ် နာကျင်ရကောင်းမှန်း မသိတော့တာလား။ သူ့လည်ပင်းဂုပ်ပိုးက အပေါက်ဟာ သူ့ထက်အရွယ်ကြီးတဲ့ ခွေးတစ်ကောင်က ကိုက်လို့ ရထားတဲ့ သွားရာ ဖြစ်ကောင်းဖြစ်မယ်။ ဒါမှ မဟုတ် ချွန်ထက်တဲ့အရာ တစ်ခုခုနဲ့ တစ်ယောက်ယောက်က ရိုက်နှက်ထားတာလည်း ဖြစ်နိုင်တာပဲ။ သူ့လည်ကုပ်မှာ အပေါက်တစ်ပေါက်ဖြစ်နေတဲ့ ဒဏ်ရာကို သူခံစားရပုံ မရှိဘဲ သူ့ဘာသာ လဲလျောင်း အိပ်စက်နေတာပါ။ သူ့ဘေးက ကွန်ကရစ် ကျောက်ပြားထက်မှာ ရေအင်တုံရှိတယ်။ နို့ပေမဲ့ သူက အင်တုံထဲကရေကို မသောက်ဘူး။ ရေကလည်း အနည်တွေနဲ့ တမာရွက်ကြွေတွေနဲ့ ကိုး။ ကွန်ကရစ်ကျောက်ပြားထက် ကျုပ်စွန့်ပစ်ထားတဲ့ ထမင်းခဲရှိတယ်။ သုံးလေးရက်ကြာပြီမို့ ထမင်းခဲက ခြောက်နေပြီ။ သူ အဲဒီခြောက်သွေ့နေတဲ့ ထမင်းခဲကို မစားဘူး။ အဲ ဒီခြောက်သွေ့နေတဲ့ ထမင်းခဲကို ၀ါးဖို့ကလည်း မလွယ်ဘူးလေ။
ကွန်ကရစ်ကျောက်ပြားဘေးမှာ တမာပင်ရဲ့ အရိပ်နဲ့ နေပြောက်တွေ၊ ကျုပ် အဲဒီခွေးပေါက်ကလေးကိုကြည့်မိပြီး ဘာလုပ်ရမလဲလို့ စဉ်းစားမိရဲ့။ ငေါက်ငမ်းပြီး မောင်းထုတ်လိုက်ရမလား။ ဒါမှမဟုတ် ကျုပ်အတွက် နံနက်စာထဲက ဟင်းတုံးတစ်တုံးချကျွေး လိုက်ရမလား။
၈.၃.၂၀၁၅
(၃)
ဂွန်တာဂရပ်ရဲ့ လဲနေတဲ့သစ်ပင်ဆိုတဲ့ စကားပြေကဗျာကို ကျွန်တော်ဖတ်ခဲ့တယ်။ အဲဒီမှာ ဂွန်တာဂရပ် ရေးထားတာက သစ်ပင်ကို ခုတ်လှဲလိုက်လို့ လဲနေပေမဲ့ အဲဒီသစ်ပင်က သစ်ရွက်တွေ၊ ရွက်နုကလေးတွေ ထွက်နေတုန်းပဲတဲ့။ ဘယ်လိုသဘောရပါသလဲ။ စကားပြေနဲ့ကဗျာကို တားထားတဲ့စည်းဟာမရှိ တော့သလောက်ပါပဲဆိုတဲ့ အယူကို ဘာကြောင့် ကျွန်တော် နှစ်သက်မိတယ်ဆိုတာလည်း နည်းနည်းတော့ ရိပ်စားမိနိုင်မယ်လို့ မျှော်လင့်ပါတယ်။
နေမျိုး
၁၇-၁-၂၀၁၈