စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်မီးလောင်မှုတွင် လူသုံးဦးသေဆုံးပြီး ဂက်စ်အိုးပေါက်ကွဲမှုကြောင့်ဟု မှတ်ချက်ပြု

စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်မီးလောင်မှုတွင် လူသုံးဦးသေဆုံးပြီး ဂက်စ်အိုးပေါက်ကွဲမှုကြောင့်ဟု မှတ်ချက်ပြု
မီးလောင်မှုဖြစ်ပွားခဲ့သည့် ဆိုင်အဆောက်အဦးအား တွေ့ရစဉ်
မီးလောင်မှုဖြစ်ပွားခဲ့သည့် ဆိုင်အဆောက်အဦးအား တွေ့ရစဉ်
Published 23 January 2019
ကြည်နိုင်၊မျိုးထွန်း

စမ်းချောင်းမြို့နယ်၊ လင်းလွန်တောင်ရပ်ကွက် ဗဟိုလမ်းပေါ်၊  ပန်းတနော်လမ်းနှင့် ကျိုက်လတ်လမ်းကြားရှိ  ငွေတောင်အမည်ရှိ လက်ဖက်ရည်ဆိုင်တွင် ဇန်နဝါရီ ၂၃ ရက် နံနက် ၅ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်အတွင်းနေထိုင်သော လူသုံးဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ လက်ဖက်ရည်ဆိုင်မီးလောင်မှုအကြောင်းအရင်းမှာ ဂက်စ်အိုးပေါက်ကွဲရာမှ စတင်လောင်ကျွမ်းဖြစ်သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမျိုးဝင်းက ကနေဦး မှတ်ချက်ပြုထားပြီး တိကျသောအဖြေရရှိရန် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက "  မီးကတော့ အားလုံးငြိမ်းသွားပြီ။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့သူတွေ ရှိအုံးမလားဆိုပြီး ကျွန်တော်တို့ ဆက်လက်ရှာနေပါတယ်။ ကျွန်တော်တို့ အကြမ်းဖျင်းသိရတာတော့ သူတို့ရဲ့ ဂက်စ်အိုးကနေ ပေါက်တယ်လို့ သိရတယ်။ ဒါပေမယ့် သေချာအောင်စုံစမ်းနေပါတယ်။ Dead Body က သုံးလောင်းတွေ့ပါတယ်။ ပျောက်ဆုံးနေတာက ခုနကပြောသလို အတိအကျတော့ မပြောနိုင်သေးပါဘူး " ဟု မီးလောင်မှုဖြစ်ပွားသည့်နေရာတွင် မီဒီယာများအား ဖြေကြားသည်။

မီးလောင်မှုကြောင့် ငွေတောင်လက်ဖက်ရည်ဆိုင်မှ အမျိုးသား၊အမျိုးသမီး စုစုပေါင်း လေးဦးအနက် သုံးဦးသေဆုံးပြီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊  သေဆုံးသူသုံးဦးအနက် တစ်ဦးမှာ ကျား/မခွဲခြား၍ မရကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်က ပြောကြားသည်။

စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်က " သေဆုံးတာက သုံးဦးရှိတယ်။ ဒါပေမယ့် ကျားတစ်ဦး၊ မတစ်ဦးကတော့ ကျိန်းသေတယ်။ နောက်တစ်လောင်းကတော့ ကျားလား၊မလားတော့ မကွဲသေးဘူးဖြစ်နေတယ်။ မနက်ဖြန် မှုခင်းဆရာဝန်ကြီးက စစ်ပြီးမှဘဲ ကျား/မကို သေချာသိရမယ်။ အဲ့တစ်ယောက်ကတော့ မီးလောင်ကျွမ်းမှုများသွားတယ်။ များသွားတော့ ခွဲခြားဖို့ မသေချာဘူးဖြစ်နေတယ် " ဟုပြောကြားသည်။

ထို့ကြောင့် မီးလောင်မှုတွင် သေဆုံးသွားသူများမှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကာ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနေကာ ကျန်းမာရေးမကောင်းသော အဖွားအိုတစ်ဦးနှင့် စားပွဲထိုး ယောကျ်ားလေးတို့ပါဝင်ကြောင်း ပတ်ဝန်ကျင်းတွင်နေထိုင်သူများ၏ ပြောကြားချက်အရ ကနေဦးသိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော လက်ဖက်ရည်ဆိုင်မှာ ပျဉ်ထောင်နှစ်ထပ် အဆောက်အဦးဖြစ်ပြီး မီးတောက်များမှာ အနီးရှိ ခြောက်ထပ်တိုက်ကိုလည်း ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊  မီးလောင်မှုကို မီးငြိှမ်းသတ်ယာဉ်စေလွှတ်မှု Level2 သတ်မှတ်ကာ ငြိှမ်းသတ်ခဲ့ရကြောင်းသိရသည်။

နံနက်အစောပိုင်းတွင် လောင်ကျွမ်းခဲ့သော အဆိုပါမီးမှာ အရှိန်အဟုန်ဖြင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၄၅ မိနစ်ခန့် အကြာတွင် မီးထိန်းနိုင်ခဲ့သဖြင့် နံနက် ၆ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် ပန်းတနော်လမ်းနေ အမျိုးသားတစ်ဦးက " မနက် ၅ နာရီခွဲလောက်မှာ အသံတွေကြားလို့နိုးလာတော့ မီးတောက်ကို အခန်းကနေ လှမ်းမြင်နေရတယ်။ သိပ်လည်းမဝေးတော့ အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းဆည်းပြီး အောက်ဆင်းလာတော့ ဒီနားရောက်တော့ ဆိုင်ကတစ်ဆိုင်လုံးကုန်နေပြီ။ အပေါ်ထပ်မှာ လူနေပြီး အောက်ထပ်မှာ ဆိုင်ဖွင့်ထားတာ။ ဂက်စ်အိုးက လောင်တာဆိုတော့ မီးတောက်က အရှိန်ကြီးတယ်။ ဟုန်းခနဲ ဟုန်းခနဲ့ လောင်သွားတာ မြန်တယ်  " ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရန် စမ်းချောင်းမြို့မရဲစခန်းတွင်  ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

Most Read

Most Recent