နဝတအစိုးရလက်ထက် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစားဗိုလ်မှူးချုပ်အေဘဲလ်၏စျာပန ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်တွင် ပြုလုပ်

နဝတအစိုးရလက်ထက် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစားဗိုလ်မှူးချုပ်အေဘဲလ်၏စျာပန ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်တွင် ပြုလုပ်
အငြိမ်းစား ဗိုလ်မှူးချုပ်အေဘဲလ်၏ စျာပနအား တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
အငြိမ်းစား ဗိုလ်မှူးချုပ်အေဘဲလ်၏ စျာပနအား တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 22 January 2019
သီဟအောင်

နဝတအစိုးရလက်ထက် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစား ဗိုလ်မှူးချုပ်အေဘဲလ်၏ စျာပနအား ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်တွင် ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်ရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ကက်တလစ်သာသနာဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်လ်ချားစ်ဘို တက်ရောက်ကာ ဆုတောင်းပွဲအခမ်းအနားအား ဦးဆောင်ပြုလုပ်ခဲ့သည်။

ထို့ပြင် အဆိုပါစျာပနသို့ ခရစ်ယာန်ဆရာတော်များ၊ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးချုပ် အေဘဲလ်၏ မိတ်ဆွေများနှင့် မိသားစုဝင်များ လာရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေးတို့လည်း တက်ရောက်ခဲ့သည်။

စျာပနအစီအစဉ်အစတွင် ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးချုပ်အေဘဲလ်၏  ကိုယ်ရေးအကျဉ်းအား ဖတ်ကြားခြင်း၊ ယင်းနောက် မစ္ဆာတရားတော်မြတ်အခမ်းအနား၊ ဆုတောင်းမေတ္တာပို့သခြင်း၊ စျာပနအခမ်းအနား လာရောက်သူများအား ခရစ်ယာန်ဆရာတော်တစ်ပါးမှ ကျေးဇူးတင်စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးချုပ်အေဘဲလ်၏ ရုပ်အလောင်းအား ၎င်း၏ မိသားစုဝင်များမှ နောက်ဆုံးနှုတ်ဆက်ခြင်း၊ ဧည့်သည်များနှင့် မိသားစုဝင်များအား ခရစ်ယာန်ဆရာတော်များမှ မေတ္တာရေဖြင့် ပက်ဖျန်းနှုတ်ဆက်ခြင်း၊ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးချုပ်အေဘဲလ်အတွက် ဝမ်းနည်းခြင်းအနေဖြင့် တစ်မိနစ်ငြိမ်သက်ခြင်းနှင့် နောက်ဆုံးတွင် ဂူသွင်းအခမ်းအနား ပြုလုပ်ခဲ့သည်။

အငြိမ်းစားဗိုလ်မှူးချုပ် အေဘဲလ်သည် ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ဆောင်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ကွယ်လွန်သူ အငြိမ်းစား ဗိုလ်မှူးချုပ်အေဘဲလ်သည် နဝတအစိုးရလက်ထက်တွင် ကုန်သွယ်ရေးဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးများအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင်လည်း ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။      

 

Most Read

Most Recent