လုံခြုံရေးကောင်စီ၊ သံခင်းတမန်ခင်းနှင့် ၂၀၁၉ စိန်ခေါ်ချက်

လုံခြုံရေးကောင်စီ၊ သံခင်းတမန်ခင်းနှင့် ၂၀၁၉ စိန်ခေါ်ချက်
၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ တွေ့ဆုံစဉ်
၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ တွေ့ဆုံစဉ်
Published 22 January 2019
ဒေါက်တာရန်မျိုးသိမ်း

နေပြည်တော်အနေဖြင့် ၂၀၁၈ ခုနှစ် သံခင်းတမန်ခင်း၏ အားနည်းချက်များ၊ လိုအပ်ချက်များကို စနစ်တကျ ဆန်းစစ်၊ သုံးသပ်၍ ၂၀၁၉ ခုနှစ် သံခင်းတမန်ခင်းကို ထိရောက်အလုပ်ဖြစ်ဆုံး ပုံဖော်နိုင်ရေး ပြင်ဆင်သင့်သည်။ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီတို့နှင့် သံတမန်ဆက်ဆံရေးကို အမြော်အမြင်ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ဗျူဟာမြောက်ပုံဖော်နိုင်ရေး ရည်မှန်းချက်ချမှတ်လျက် ၂၀၁၉ ခုနှစ် နေ့ရက်များကို ဖြတ်ကျော်နိုင်ရေး မျက်မှောက်ပြုသင့်သည်။ အကျပ်အတည်းက ကျောက်ချနေဦးမည်ဖြစ်ပြီး ပျောက်လိုက်ပေါ်လိုက် ဖြစ်နေဆဲလမ်းမများထက် နိုင်ငံတကာ သံခင်းတမန်ခင်းနှင့်ဆက်စပ်သော ခြေလှမ်းတိုင်းကို သတိကြီးကြီးထား လှမ်းကြရမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘယ်လ်ဂျီယန်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နိုင်ငံများအဖြစ် နှစ်နှစ်သက်တမ်းအတွက် စတင်တာဝန်ထမ်းဆောင်လျက်ရှိသည်။ အိုင်ဗိုရီကို့စ်နိုင်ငံ၊ အီကွေတိုးရီးယားဂီနီနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ ပီရူးနိုင်ငံနှင့် ပိုလန်နိုင်ငံတို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အလှည့်ကျ အဖွဲ့ဝင်နိုင်ငံသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်အတောအတွင်း ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီတို့နှင့် ထိတွေ့ဆက်ဆံရေးကို စီမံချက်ချမှတ်၍ ဗျူဟာမြောက် ဖော်ဆောင်လာနိုင်မည်ဆိုလျှင် ရှိရင်းစွဲ ဖိအားများလျှော့ချပြီး အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ကို မြှင့်တင်နိုင်မည့်လမ်း စသည်ပိုမိုအားကောင်းလာနိုင်ဖွယ်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံတို့နှင့် သံခင်းတမန်ခင်းကို ၂၀၁၉ ခုနှစ် အတောအတွင်း သီးသန့်ဗျူဟာ၊ သီးသန့်နည်းနာတို့ ချမှတ်ဖော်ဆောင်နိုင်ရေး ရှေးရှုသင့်သည်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်ပြီး ခေတ်အဆက်ဆက် မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ဘက်မှ ရပ်တည်ခဲ့သည့် ရုရှားဖက်ဒရေးရှင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် ဆက်ဆံရေးတွင် မတူခြားနားသည့် ဗျူဟာ၊ နည်းနာတို့နှင့် ချဉ်းကပ်ဖော်ဆောင်နိုင်ရေး မျက်မှောက်ပြုသင့်သည်။ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်အရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံအရေးအရာတို့သည် လုံခြုံရေးကောင်စီ၌ ရှေ့တန်းရောက်နေဦး မည်ဖြစ်သဖြင့် ဗီတိုအာဏာအပေါ် မှီခိုရမှု၊ မော်စကိုနှင့် ပေကျင်းတို့အပေါ် အားကိုးအားထား ပြုနေရမှုတို့သည် မြင့်မားနေလိမ့်ဦးမည်ဟု သုံးသပ်နိုင်သည်။

နေပြည်တော်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖိအားကို အကြောင်းပြုလျက် ဗီတိုအာဏာအပေါ် မှီခိုရမှုမြင့်မားလာလေလေ မော်စကို၊ ပေကျင်းတို့နှင့် သံခင်းတမန်ခင်းသည် ပိုအကဲဆတ်လေလေပင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် နေပြည်တော်အနေဖြင့် ၀ါရှင်တန်၊ လန်ဒန်၊ ပါရီတို့နှင့် ထိတွေ့၊ ညှိနှိုင်း၊ ပေါင်းစပ်ဆောင်ရွက်နိုင်ပြီး ယုံကြည်မှုချဲ့ထွင်လာနိုင်မည်ဆိုလျှင် လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာအသုံးပြုရနိုင်ခြေနှင့် ဖိအားတို့ကို လျှော့ချနိုင်မည်ဖြစ်သည်။ သို့မှသာ မြန်မာအနေဖြင့် ဗီတိုအာဏာနှင့် ဖိအားတို့ကြောင့် မော်စကိုနှင့် ပေကျင်းတို့ကို မျက်နှာချိုသွေးရသည့်ဘေးမှ အထိုက်အလျောက် သက်သာရာရနိုင်မည်ဖြစ်သည်။

အင်ဒိုနီးရှားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအကြား ဆက်သွယ်ပေါင်းကူးပေးနိုင်မည့် နိုင်ငံဖြစ်နိုင်ခြေရှိသည်ကို မျက်စိမမှောက်သင့်ပေ။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် (အာဆီယံ) အင်ဒိုနီးရှားနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နိုင်ငံ အဖြစ်ရှိနေမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ကာလအတောအတွင်း မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှတစ်ဆင့် လုံခြုံရေးကောင်စီနှင့် ပိုမိုထိတွေ့ဆက်ဆံနိုင်ရန် အခွင့်အလမ်းများ ရှိနေလိမ့်မည်ဟု သုံးသပ်မိသည်။ ရခိုင်ပြည်နယ်ပြဿနာတွင် အာဆီယံနှင့် ဗျူဟာမြောက် ညှိနှိုင်း၊ ပေါင်းစပ်ထိတွေ့ဆောင်ရွက် နိုင်ရေးသည် အရေးကြီးသည့်နည်းတူ ဂျကာတာနှင့် အလွတ်သဘောသာမက အလုပ်သဘော သံခင်းတမန်ခင်း ချဲ့ထွင်နိုင်မည့် အလားအလာများကို ဆန်းစစ်၊ ဖော်ဆောင်နိုင်ရေး ရည်မှန်းချက်ထားသင့်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် သံခင်းတမန်ခင်းကို ဗျူဟာမြောက်ချဲ့ထွင်ရာတွင် ဥက္ကဋ္ဌနိုင်ငံအခင်းအကျင်းကို မဖြစ်မနေဆန်းစစ်နိုင်ရန် အရေးကြီးမည်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် လုံခြုံရေးကောင်စီဥက္ကဋ္ဌနေရာကို တာဝန်ရယူရန် အလှည့်ကျ ခြင်းမရှိပေ။ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ဥက္ကဋ္ဌနေရာကို တာဝန်ယူကြမည်ဖြစ်သဖြင့် တစ်နှစ်တာလုံခြုံရေးကောင်စီနှင့် ဆက်ဆံရေးကို ခြုံငုံထင်ဟပ်မည့်ကာလဟု ဆိုနိုင်မည်ဖြစ်သည်။ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အနေဖြင့် ဥက္ကဋ္ဌနေရာတာဝန်ယူမည့် မေလနှင့် ဇွန်လသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ ပြင်သစ်နိုင်ငံ ဥက္ကဋ္ဌနေရာ တာဝန်ယူမည့် မတ်လတွင်လည်း စိန်ခေါ်မှုမြင့်မားကောင်း မြင့်မားနိုင်ခြေရှိနေသည်။ ဇန်နဝါရီလ လျာထားချက်အရ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ အနီးကပ်စောင့်ကြည့်ပြီး လိုအပ်သလို အစည်းအဝေး ခေါ်ယူကျင်းပနိုင်ခြေရှိနေသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်တို့အနေဖြင့် အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံအပါအဝင် မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်ထားသည့် အင်ဒိုနီးရှားနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ ပိုလန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့၏ သံအမတ်ကြီးများကို ပုံမှန်တွေ့ဆုံ၊ အမြင်ဖလှယ်ဆွေးနွေးနိုင်မည်ဆိုလျှင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ဆက်ဆံရေးက ပိုမိုထိရောက်အလုပ်ဖြစ်နိုင်ဖွယ်ရှိသည်။ ထို့အတူ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်ကြီးများ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီး ယားသမ္မတနိုင်ငံ(တောင်ကိုရီးယား) တို့၏ သံအမတ်ကြီးများနှင့် တွေ့ဆုံအမြင်ဖလှယ်မှုများ၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများကို လစဉ်ပုံမှန်၊ စဉ်ဆက်မပြတ် သီးခြားစီ ဖော်ဆောင်လာနိုင်မည်ဆိုလျှင် သံခင်းတမန်ခင်းကို ပိုမိုသွက်လက်လာစေနိုင်ဖွယ် ရှိသည်။

၂၀၁၉ ခုနှစ် နေ့ရက်များတွင် လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီများအနေဖြင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေး ပိုမိုအားကောင်းသထက် အားကောင်းဖို့ ထိထိရောက်ရောက် ၀ိုင်းကြဝန်းကြရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့်လည်း နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံရေးကို ဟန်ချက်ညီညီ ရှေ့တိုးဖော်ဆောင်နိုင်ရန် မဖြစ်မနေလိုအပ်မည်ဖြစ်သည်။ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့အနေဖြင့် ပြည်သူကို မျက်နှာမူလျက် သံခင်းတမန်ခင်း ပိုမိုထိရောက်အလုပ်ဖြစ်ဖို့ ပြိုင်တူတွန်းနိုင်မှသာ နိုင်ငံတကာဆက်ဆံရေးသည် ယခုနှစ်တွင် အတန်အသင့် အသက်ရှူချောင်မည် ဖြစ်သည်။

အချုပ်ဆိုရသော် နိုင်ငံတကာသံကြီးတမန်ကြီးများအနေဖြင့် မြန်မာ့အခက်သည် မည်သည့်နိုင်ငံအတွက် အချက်ဖြစ်မည်ကို လည်းကောင်း၊ မြန်မာနိုင်ငံမျက်ဖြူဆိုက်လေ မည်သည့်နိုင်ငံက အကြိုက်ဖြစ်မည်ကိုလည်းကောင်း အမြော်အမြင်ရှိရှိ အနုလုံပဋိလုံ ဆင်ခြင်သုံးသပ်ဖို့ မပျက်ကွက်သင့်ကြောင်း တိုက်တွန်းဆော်သြလိုပါသည်။ နေပြည်တော်အနေဖြင့်လည်း အခက်မကျရေး၊ မျက်ဖြူမဆိုက်ရေးကို ရှေးရှုလျက် ကုလသမဂ္ဂ၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံများအပါအဝင်  နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သံခင်းတမန်ခင်းကို ဗျူဟာမြောက်ချဲ့ထွင်သင့်ကြောင်း အကြံပြုလိုပါသည်။ နိုင်ငံတကာဖိအားကို  ထိတွေ့ဆက်ဆံခြင်းဖြင့် မကုစားဘဲ ဖယ်ခွာနေမည်ဆိုလျှင် ရှေးတုန်းကအတိုင်း အထီးကျန်၊ အကျည်းတန်လာနိုင်ပြီး အဆိုးသံသရာမှ လွတ်မြောက်ဖို့၊ ဒီမိုကရေစီပြုရေး ခရီးပေါက်ဖို့ ခက်သထက်ခက်ခဲလာနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Most Read

Most Recent