အချိန်ကာလဟူသည် ရပ်တန့်၍ မရသည့် အရာတစ်ခု ဖြစ်၏။ ရွေ့လျားနေသော အချိန်များနှင့်အတူ လူသားတို့၏ နေထိုင်ရှင်သန်မှု ပုံစံများကလည်း တဖြည်းဖြည်းချင်း လိုက်ပါပြောင်းလဲလေ့ရှိပြီး ထိုသို့ပြောင်းလဲခြင်းကို ခေတ် ဟုခေါ်ဆိုကြခြင်းဖြစ်သည်။ ကမ္ဘာကျော်ဘောလုံးသူရဲကောင်း ပီလီ၏ ခေတ်သည် လွန်ခဲ့သောနှစ် ၅၀ ဝန်းကျင်ခန့် က ဖြစ်မည်ဖြစ်ပြီး ယနေ့ခေတ်တွင်တော့ ခရစ္စတီယာနိုရော်နယ်ဒိုခေတ် (သို့မဟုတ်) လီယွန်နယ်မက်ဆီ၏ ခေတ်ဟု မော်ဒန်ဘောလုံးလောကတွင် သတ်မှတ်ခေါ်ဝေါ်နိုင်သည့် အချိန်ဖြစ်မည်ဖြစ်သည်။
လူသန်းပေါင်းများစွာ အားပေးသည့် ဘောလုံးအားကစားနည်းနယ်ပယ်တွင် ပီလီ မတိုင်မီတွင်လည်း ခေတ်တစ်ခေတ်ကို တည်ထောင်နိုင်သည့် ဘောလုံးသူရဲကောင်းများ ရှိခဲ့သလို ထပ်မံ၍ ဘောလုံးသူရဲကောင်းများစွာ ထွက်ပေါ်နေဆဲလည်းဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၁၀၀ ကျော်မက သက်တမ်းကြာမြင့်နေပြီဖြစ်သည့် ဘောလုံးအားကစားနည်းသည် ၎င်းအား လူသားများ စတင်တီထွင်ကာ ကစားခဲ့သည့် အချိန်ကနှင့် ယနေ့ခေတ်ကာလ နှိုင်းယှဉ်ပါက များစွာကွာခြားခဲ့ပြီဖြစ်ပြီး ယနေ့ခေတ်တွင် ဘောလုံးအားကစားနည်းသည် အသက်မွေးဝမ်းကျောင်းပြုစရာ အလုပ်တစ်ခုအဖြစ် ဖြစ်တည်နေသည်မှာလည်း ဆယ်စုနှစ်များစွာ ရှိနေပြီးဖြစ်သည်။
ကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်းကို မကြာခဏဆိုသလို ကြုံတွေ့ရတတ်သည့် မြန်မာနိုင်ငံမှ ပြည်သူများသည် ယခင်နှစ်များစွာက ကမ္ဘာကြီးတွင်ဖြစ်ပေါ်နေသည့် ခေတ်များကို အမီလိုက်ရန်အတွက် အချိန်ကာလအတိုင်းအတာ တစ်ခုမျှ နောက်ကျနေတတ်သည်က ဖြစ်ခဲ့ပြီးသော အကြောင်းတရားများ ဖြစ်သည်။ သို့ပေမဲ့ ကမ္ဘာကြီးမှ နည်းပညာများကို မြန်မာနိုင်ငံသည် မျက်ခြည်ပြတ်ခြင်း မရှိစေရန်အတွက် ပြည်သူများက အတတ်နိုင်ဆုံး အခြေအနေများ ဖန်တီးရင်း ကြိုးစားနေထိုင်ခဲ့ကြသည်။
၂၀၀၆ ခုနှစ်နှင့် ဝန်းကျင်ကာလများက ရန်ကုန်မြို့တွင် ဖြစ်သည်။ မြို့နယ်များတွင် Playstation Game များ ဆော့ကစားနိုင်သည့် ဂိမ်းဆိုင်များ ခေတ်စားနေဆဲကာလဖြစ်ပြီး Network ဂိမ်းများ ဆော့ကစားနိုင်သည့် ဂိမ်းဆိုင်များ ကြိုးကြားကြိုးကြားပေါ် ထွက်လာခဲ့သည့် ကာလလည်းဖြစ်သည်။ ထိုအချိန်က လူနှစ်ဦးဖြင့်သာ ချိတ်ဆက်ကစားနိုင်သည့် Play Station များ အကြားတွင် ပေါ်ထွက်လာသည့် လူဦးရေများများဖြင့် ချိတ်ဆက်ကစားနိုင်သည့် Counmter Strike ကဲ့သို့သော Networks Game များက လူငယ်များနှင့် ကလေးများအတွက် အသစ်အဆန်းတစ်ခုထက်ပင် ပိုခဲ့ပြီး သူတို့အတွက် တစ်နေ့တာ၏ အချိန်တော်တော်များများကို စိုးမိုးထားနိုင်ခဲ့သည့် အရာများဖြစ်ခဲ့သည်။
“ထိုအချိန်က Network ဆော့ကစားသူ လူငယ်များအနေဖြင့် သူတို့သည် လက်ရှိမျက်မှောက်ခေတ်ကာလ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာတော့မည့် အားကစားနည်း နယ်ပယ်တစ်ရပ်၏ ခေတ်ဦးပိုင်းတွင် ရှိနေခဲ့ခြင်းဖြစ်ကြောင်း တွေးမိခဲ့ခြင်း ရှိချင်မှ ရှိခဲ့ပေလိမ့်မည်။ ထိုစဉ်က Counter Strike Game နှင့်အပြိုင် ထွက်ပေါ်ခဲ့သည့် Networks Game တစ်ခုက လူငယ်များစွာတို့၏ အချိန်များကို သိမ်းပိုက်ခဲ့ပြီး ထို Game သည် မျက်မှောက်ခေတ်ကာလတွင် မြန်မာနိုင်ငံတွင် ဖြစ်တည်လာတော့မည့် အသက်မွေးဝမ်းကျောင်း နယ်ပယ်တစ်ခု၏ အစပင်ဖြစ်သည်။
လူဦးရေ ၁၁ ယောက်စီဖြင့် ယှဉ်ပြိုင် ကစားရသည့် ဘောလုံးအားကစားနည်းသည် အသင်းအဖွဲ့ဖြင့် ညီညွတ်စွာ စုစည်းကစားရခြင်းဖြင့် လူအများ နှစ်ခြိုက်ခြင်းနည်းတူ World of Warcraft ၏ အကိုင်းအခက်တစ်ခုဖြစ်ခဲ့သည့် Dota Onf Team တစ်ခုလျှင် လူငါးဦး စုစည်းညီညွတ်စွာ ကစားရခြင်းကြောင့် လူငယ်များအတွက် Counter Strike ကဲ့သို့ နှစ်သက်ခဲ့သည့် Networks Game တစ်ခုဖြစ်လာခဲ့သည်။ သိပ်မကြာရှည်သည့် အချိန်ကာလတစ်ခုအ တွင်း Dota Game သည် ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့ကဲ့သို့သော နိုင်ငံ၏ မြို့ကြီးများတွင် ရေပန်းစားလာခဲ့သည့် Networks Game တစ်ခု အသွင်သို့ ရောက်ရှိလာခဲ့သည်။ Internet ကို ကောင်းမွန်စွာ အသုံးပြုနိုင်ခွင့် မရှိခဲ့သည့် ၂၀၀၆ မှ ၂၀၁၀ ပြည့် နှစ်ကျော် ကာလလောက်အထိ အလုံပိတ်ခေတ်ကာလတွင် လူငယ်များသည် တစ်ဆိုင်မှ တစ်ဆိုင်၊ တစ်မြို့မှ တစ်မြို့ လှည့်ပတ်ကာ Dota Game ကို ခုံမင်စွာဖြင့် ယှဉ်ပြိုင်ကစားရင်း မိဘလူကြီးများ၏ အပြစ်တင်ငြိုငြင်မှုများ ခံခဲ့ကြရ၏။
အုပ်ထိန်းသူများ၏ အမြင်တွင် မျက်မှောက်ခေတ်အထိတိုင် Ga,e ဆော့သည့် ကလေးအား ဆိုးသည်ဟု သတ်မှတ်နေဆဲဖြစ်ပြီး Game ဆိုင်များသည် ပျက်စီးခြင်းလမ်းကြောင်း၏ အစဟု ထင်မြင်မိသူများစွာ ရှိနေဆဲလည်း ဖြစ်သည်။ သို့ပေမဲ့ အဆိုပါ Networks Game သည် ကမ္ဘာပေါ်တွင် အသက်မွေးဝမ်းကျောင်းပြုစရာ နယ်ပယ်တစ်ခုအဖြစ် ဖြစ်လာခဲ့သလို အခြားသော Online Game များစွာတို့ဖြင့် E-Sports ဟူသော အားကစားနယ်ပယ် တစ်ရပ်အဖြစ် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်ခံလာခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက Dota Game ကို အဆင့်မြှင့်တင်ခဲ့သည့် Dota 2 သည် ကမ္ဘာနှင့်အဝန်း ဆော့ကစားသူ သန်းနှင့်ချီ၍ ရှိလာခဲ့ပြီး ကမ္ဘာ့ဒေသအလိုက်အပါအဝင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပြုလုပ်သည့် ပြိုင်ပွဲများစွာတို့ကို ပြုလုပ်ခဲ့ပြီးလည်း ဖြစ်သည်။ ထို့ပြင် Proffessional Dota 2 Players များအတွက် ဝင်ငွေသည် ဒေါ်လာသန်းနှင့် သိန်းနှင့်ချီ ရှိနေခဲ့ပြီးဖြစ်သည်။
Dota 2 ကဲ့သို့ပင် E- Sports တန်းဝင်ဖြစ်လာမည့် Game များစွာသည် ပွင့်လင်းမြင်သာမှုရှိလာခဲ့သည့် နောက်ပိုင်းနှစ်များအတွင်း မြန်မာလူငယ်များအကြားတွင် စီးဝင်လာခဲ့သည်။ Mobile Legends ကဲ့သို့သော Mobile ဖုန်းဖြင့် ဆော့ကစားနိုင်သည့် ဂိမ်းများသည်လည်း လက်ရှိမြန်မာနိုင်ငံတွင် လူကြိုက်များသည့် ဂိမ်းများဖြစ်လာခဲ့သလို တစ်ကမ္ဘာလုံးအတိုင်းအတာတွင်လည်း ဆော့ကစားသူ သန်းချီရှိနေခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံမှ လူအများစု ဆော့ကစားကာ ရင်းနှီးကျွမ်းဝင်ကြသည့် အဆိုပါဂိမ်းနှစ်ခုအပြင် အခြားသော အွန်လိုင်းဂိမ်းများစွာတို့သည် E- Sports ခေါင်းစဉ်အောက် ရောက်ရှိလျက်ရှိပြီး နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများစွာတို့ကိုလည်း ကျင်းပနေခဲ့ကြပြီ ဖြစ်သည်။
ထိုသို့သော အကြောင်းအရာများကြောင့်ပင် ဖြစ်မည်ထင်သည်။ နိုင်ငံတကာတွင် ဘောလုံးအားကစားနည်းကဲ့သို့ပင် E- Sports အတွက် အားကစားနည်းအဖွဲ့ချုပ်များ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲများစွာတို့တွင် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်ရန်အတွက် အခြားသော အားကစားနည်းများနှင့်တန်းတူ လေ့ကျင့်သင်ကြားမှုများ ရှိလာပြီလည်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ထိုင်း၊ စင်ကာပူ စသည့် အိမ်နီးချင်းနိုင်ငံများတွင် E- Sports အဖွဲ့ချုပ်များ တည်ထောင်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြုများ မွေးထုတ်ကာယှဉ်ပြိုင်စေလျက်ရှိသော်လည်း မြန်မာလူငယ်များအတွက် ကိုယ်စားပြုစရာ အစိုးရအသိအမှတ်ပြု E- Sports အဖွဲ့ချုပ်တစ်ခု မရှိသေးပေ။ နိုင်ငံအတွင်း E- Sports အဖြစ် သတ်မှတ်ထားသည့် ဂိမ်းများစွာတို့ကို ဆော့ကစားနေသူ များစွာရှိခဲ့ပြီဖြစ်ပြီး နိုင်ငံတကာတွင် ပြုလုပ်သည့် ပြိုင်ပွဲအချို့တွင် နိုင်ငံကိုယ်စားပြုအဖြစ် ဆုရယူနိုင်သူများလည်း မြန်မာလူငယ်များအကြားတွင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ သို့ရာတွင် နိုင်ငံတကာမှ အသိအမှတ်ပြုသည့် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် E- Sports အဖွဲ့ချုပ်တစ်ခု မြန်မာနိုင်ငံတွင် မရှိခြင်းက နိုင်ငံတကာပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် အခက်အခဲတစ်ခု ဖြစ်နိုင်သည့် အကြောင်းဖြစ်လာခဲ့သည်။
အာဆီယံဒေသတွင်း နိုင်ငံများ အချင်းချင်းယှဉ်ပြိုင်ကစားသည့် အရှေ့တောင်အာ ရှအားကစားပြိုင်ပွဲ (Sea Games) သည် ဒေသတွင်း နိုင်ငံများအကြား ပြိုင်ဆိုင်မှုပြင်း ထန်စွာဖြင့် ယှဉ်ပြိုင်ကစားကြသည့် အားကစားနည်းများစွာတို့ဖြင့် ပြုလုပ်သည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Sea Games) ကို လက်ခံကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် Dota 2 နှင့် Mobile Legends အပါအဝင် အခြားသော အွန်လိုင်းဂိမ်းခြောက်ခုကို E- Sports အားကစားအဖြစ် ပြိုင်ပွဲတွင် ထည့်သွင်းယှဉ်ပြိုင်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ဒေသတွင်း အမြင့်ဆုံး အားကစားပြိုင် ပွဲတစ်ခုတွင် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မည့် E- Sports Players များစွာလည်း ရှိလာခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံအတွက် လက်ရှိတွင် E- Sports အဖွဲ့ချုပ်တစ်ခု ရှိမနေခဲ့ခြင်းက ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်အတွက် အခက်အခဲတစ်ခုဖြစ်လာခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရ အသိအမှတ်ပြု E- Sports အဖွဲ့ချုပ် ဖြစ်ပေါ်လာရေးသည် လူငယ်များအကြားတွင် မျှော်လင့်ချက်တစ်ခုအဖြစ် ဖြစ်လာခဲ့သည်။ E- Sports Players များအတွက် အခြားသော အားကစားနည်းများနည်းတူ နိုင်ငံ့ကိုယ်စားပြု ယှဉ်ပြိုင်လိုကြသလို နိုင်ငံ၏ဂုဏ်ကိုလည်း ဆောင်လိုကြမည်သာ ဖြစ်သည်။
အစိုးရဘက်မှလည်း လက်ရှိတွင် E- Sports အဖွဲ့ချုပ်တစ်ခု တည်ထောင်ရေးအတွက် ကတိကဝတ်ပြုထားပြီးဖြစ်၍ အဆိုပါ E- Sports အဖွဲ့ချုပ်သည် မြန်မာနိုင်ငံအတွက် နိုင်ငံ့ဂုဏ်ဆောင်မည့်သူများ ပေါ်ထွက်လာစေမည့် အကြောင်းရင်းတစ်ခု ဖြစ်လာမည်လည်းဖြစ်သည်။ လက်ရှိတွင် မူဝါဒကြမ်း ထွက်ပေါ်ခဲ့ပြီးဖြစ်သည့် E- Sports အဖွဲ့ချုပ်သည် ဖိလစ်ပိုင် Sea Games အမီ ဖြစ်တည်လာရန်အတွက် လူငယ်များစွာတို့က မျှော်လင့်လျက်ရှိပြီး ဖြစ်ပေါ်လာမည့် E- Sports အဖွဲ့ချုပ်သည်လည်း E- Sports ခေါင်းစဉ်အောက်ရှိ ကစားနည်းများကို ကစားနေကြသူအားလုံးကို ကိုယ်စားပြုထောက်ပံ့ပေးနိုင်မည့် အဖွဲ့ချုပ်တစ်ခု ဖြစ်လာရန်လည်း မျှော်လင့်နေကြပြီ ဖြစ်သည်။
ပြောင်းလဲတိုးတက်လာသော ခေတ်တွင် ဂိမ်းကစားခြင်းကို အပြစ်တစ်ခုအဖြစ် မြင်နေကြခြင်းသည် တိုးတက်မှုကို ဆန့်ကျင်နေသည့် အရာတစ်ခုပင်ဖြစ်သည်။ ယခင်နှစ်များစွာနှင့် ခြားနားစွာပင် အွန်လိုင်းဂိမ်းများသည် နိုင်ငံတကာတွင် အားကစားနည်းတစ်ရပ်အဖြစ် ဖြစ်လာခဲ့ပြီဖြစ်သည်။ နိုင်ငံတကာတွင် အားကစားနည်းတစ်ရပ်အဖြစ် ဖြစ်လာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အားကစားနည်းတစ်ခုအဖြစ် သတ်မှတ်ကာ လူငယ်များကို စနစ်တကျ မြေတောင်မြှောက်ပေးရန် လိုအပ်ပေမည်။ သို့မှသာလျှင် နိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံဂုဏ်ဆောင်နိုင်မည့် E- Sports ကစားသမားများ ထွက်ပေါ်လာနိုင် မည်လည်းဖြစ်တော့သည်။