တကယ်တော့ ရေးပစ်လိုက်ရမှာ ဒါပေမဲ့ ကျွန်တော် မရေးဖြစ်ခဲ့ဘူး။ ဆောင်းတွင်းထဲကို သိသိသာသာ တွားသွားဝင်ရောက်လာတဲ့ ရာသီဥတုပါပဲ။ သစ်ပင်ပေါ်က သစ်ရွက်တွေကို ဖုန်မှုန့်တွေ တွယ်ကပ်လို့။ အရာရာထိုင်းမှိုင်းတဲ့ နေ့ရက်တွေဟာ ကမ္ဘာပေါ် လေးလေးတွဲ့တွဲ့ ရွေ့လျားနေကြတယ်။ စာမရေးဖြစ်ခဲ့တဲ့ရက်တွေကို ရေတွက်ကြည့်နေရင်း တန်းပေါ်မှာ တွဲလောင်းကျနေတဲ့ စွပ်ကျယ်အဖြူကလေးကို တွေ့ရတယ်။
ပါရီရဲ့ဆောင်းတွေကိုလည်း ဖတ်ဖူးတာပဲ၊ ရှမ်းပြည်ရဲ့ ဆောင်းတွင်းကိုလည်း အချိန်အတော်ကြာ ဖြတ်သန်းခဲ့ဖူးတာပါပဲ။ ထည့်ရေးပစ်လိုက်ရမှာပေါ့။ ပူနွေးလတ်ဆတ်တဲ့ ရာသီပေါ် ခံစားချက်တွေကို ခပ်သွက်သွက် ရေးပစ်လိုက်ရမှာ။ ဆောင်းဦးပေါက် လူတစ်ယောက်ရဲ့ အေးစက်မှုန်မှိုင်းနေတဲ့ စိတ်ကူးတွေကို ဆေးရောင်ထည့်၊ စာသားဖွဲ့ပြီး တစ်ယောက်ယောက်ရဲ့ ရင်ထဲရောက်သွားအောင် (တကယ်တော့ လူတစ်သိန်းထက်မနည်း ဖတ်စေချင်တာပေါ့)။ သီတင်းကျွတ်ပိတ်ရက်တုန်းက မန္တလေးကိုသွားခဲ့တယ်။ မန္တလေးမှာ မအေးသေးဘူး။ မနက်အစောပိုင်း ကျုံးရေပြင်ပေါ်မှာ ဝဲပျံနေတဲ့ ရေငွေ့လိုလို၊ နှင်းငွေ့လိုလိုတွေကလွဲလို့ပေါ့။ ဆောင်းဦးထဲကို ခြေလှမ်းရမလိုလို၊ မလှမ်းရမလိုလိုဖြစ်နေတဲ့ မန္တလေးပေါ့။ မန္တလေးကို လာရတဲ့အကြောင်းရင်းကလည်း တခြားမဟုတ်ပါဘူး။ ကဗျာမရ၊ စကားပြေမရတဲ့ နေ့ရက်တွေထဲကနေ ခဏတဖြုတ် ထွက်ပြေးပြီး ကဗျာရနံ့၊ စာရနံ့ကို သွားရောက် ရှူရှိုက်ခြင်းပါပဲ။ မန္တလေးဆိုတာ အနုပညာကို ရင်ဘတ်ထဲ ထည့်မြှုပ်ထားတဲ့မြို့ပဲလေ။
တောင်သမန်၊ ဦးပိန်တံတား၊ ရောင်စုံလူများ၊ စန္ဒာမုနိဘုရား၊ ကင်မရာမန်းများ၊ ရုပ်သေးရုပ်များ၊ ယာဉ်တန်းများ၊ အိပ်ဇောငွေ့များ၊ မီးပွိုင့်များ၊ ကြော်ငြာပိုစတာများ၊ သီချင်းသံများ၊ ရယ်သံများ၊ ဘီယာဆိုင်များ၊ ငွေစက္ကူများ၊ ကတ္တရာလမ်းမများ...များတွေကိုသာ ဖြတ်ကျော်လာခဲ့ရတယ်။ ဘာကိုမှ အာသာမပြေခဲ့ဘူး။ ကိုနေမျိုးနဲ့ ဦးကျော်နဲ့ ကိုနေညိုအောင်နဲ့ ကိုမင်းနဒီခနဲ့ ကြည်လင်းဝတီနဲ့ စောမင်းနှစ်နဲ့ ဦးကြည်သာနဲ့ လင်းသစ်ဝေနဲ့ ကိုငြိမ်းထက်နဲ့ ကိုမိုသျှန်းနဲ့ နောဧကနဲ့ အက်ဆေးစာမူတွေနဲ့ ဓာတ်ပုံတွေနဲ့ ရှုခင်းတွေနဲ့ မန္တလေးကို အရှိန်နဲ့ ပြေးလွှားဖြတ်ကျော်နေခဲ့ရသလို ခံစားနေမိတယ်။အလောတကြီး ကမ္ဘာကြီးလား။ အရှိန်နဲ့ အချိန်နဲ့ ကမ္ဘာကြီးလား။ ကျွန်တော့်ခေါင်းထဲ ရှုပ်ထွေးလို့။ ဘူတာကြီး၊ မြောက်ပြင်၊ နန်းရှေ့၊ ကုန်းတန်း၊ နာမည်မမှတ်မိတဲ့ တည်းခိုခန်း မန္တလေးနေ့ရက်တွေထဲ ကျွန်တော်ကျင်လည် သွားလာနေခဲ့တဲ့နေရာတွေ။ ဖျပ်ခနဲပါပဲ။ ငွေရေစက်ထဲက ပိုက်ဆံတွေလို မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့တဲ့ ရက်သတ္တပတ်ပါပဲ။ လမ်းတွေကို ကြည့်လိုက်တော့ အကုန်လုံး အရေးတကြီးပြေးလွှားနေကြတယ်။ မီးသတ်ကားတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေ၊ လူတွေ အရေးတကြီးပါပဲ။ နေပြည်တော်ကလာတဲ့ ညီမကလည်း သူ့အိတ်တွေကိုဆွဲပြီး ပြန်ထွက်သွားတယ်။ ကဗျာဆရာတစ်ယောက်ကလည်း ဘီယာခွက်တွေကို မော့ချပြီး အပြေးအလွှား ပြန်ထွက်သွားတယ်။
တစ်မနက်တော့ ကုန်းတန်းကနေ လမ်းလျှောက်လာရင်း နန်းရှေ့စျေးကို ဖြတ်လာပြီးတော့မှ စိတ်က ဖျပ်ခနဲ သတိရလိုက်မိတယ်။ ဆရာပိုင်စိုးဝေကို ဝင်ကန်တော့ရမယ်၊ လက်ထဲမှာ ပိုက်ဆံက များများစားစား သိပ်မကျန်တော့ဘူး။ မုန့်လေးနဲ့ပဲ သွားကန်တော့လိုက်ရတယ်။ ညနေပိုင်းကျ ကိုခင်ဇော်မြင့်ဆီ ဝင်တယ်။ ရထားချိန်ကပ်နေမှ ဘူတာကို အပြေးအလွှား သွားရတယ်။ ဘူတာရုံကို ရောက်တော့ ရထားကထွက်ဖို့ ပြင်နေပြီ။ တွဲစောင့်က ပြေးလာနေတဲ့ ကျွန်တော့်ကို မြန်မြန်လာလို့ လှမ်းအော်ခေါ်နေတယ်။ ဟုတ်ကဲ့။ ကျွန်တော် မြန်မြန်လာမှာပါ။ မြန်မြန်ပြန် ထွက်သွားရမှာပါ။ နှစ်သုံးဆယ်ကျော်ကျော်ကို သုံးစွဲပြီးသား လူတစ်ယောက်အတွက် အရာရာအရင်လိုနေသလိုပါပဲလား။ ရထားပေါ်ခုန်တက်ပြီး ကိုယ့်နေရာ ကိုယ်ရှာနေတုန်းမှာပဲ ရထားက ဥသြသံရှည်ဆွဲပြီး စတင်ခုတ်မောင်းထွက်ခွာတယ်။ တဖြည်းဖြည်း မြန်လာ။ ပိုပြီးပိုပြီး မြန်လာ။ မြို့ကြီးဟာ လက်မပြ ဘာမပြ ကျန်နေရစ်ခဲ့ပေါ့။ ဘာပါလာခဲ့သလဲဆိုတော့ ဘာမှ မပါလာဘူးပေါ့။ ဘာရလာသလဲဆိုရင်တော့ အကုန်လုံးရလာခဲ့တယ်ပေါ့။ ပြတင်းပေါက်ကနေ လေတွေ ပြေးဝင်လာနေကြတယ်။ ရထားတွဲထဲမှာ လူသံတွေဆူညံနေတယ်။ ဟုတ်တယ်၊ အရာရာ ဆူညံမြန်ဆန်နေကြတယ်။ ကျွန်တော်တစ်ယောက်ပဲ ကျောက်တုံးတစ်တုံးလို၊ သစ်သားရုပ်တစ်ခုလို ငြိမ်သက်လို့၊ တိတ်ဆိတ်လို့။ အိတ်ထဲက ဘောလ်ဇက်ရဲ့ တိုးတိုးပုံပြင်ကို ထုတ်လိုက်တော့ ကျွန်တော် ရထားတွဲပေါ်မှာ မရှိတော့ဘူး။ ဘော်ဒိုးမြို့ကို ရောက်သွားတယ်။ ဘရာသားလေးနဲ့ ပြည့်တန်ဆာမတို့ တစ်ယောက်ကို တစ်ယောက် ရွှန်းလဲ့စွာ ငေးစိုက်ကြည့်နေကြတယ်။
ည ၁၀ နာရီဆိုတဲ့အချိန်မှာ မြို့ကလေးဟာ တိတ်ဆိတ်အေးစက်နေပြီ။ ကိုယ့်အိပ်ရာလေးကိုယ် လှည်းကျင်းရှင်းလင်းပြီး လှဲချလိုက်တယ်။ အိပ်စက်လိုက်ဖို့ တွေးမိပေမဲ့ အိပ်မရဘူး။ ဘယ်ကိုပဲ ထွက်ပြေးထွက်ပြေး ကိုယ့်နေရာလေးထဲ ကိုယ်ပြန်ရောက်ရတာပဲ။ အကျဉ်းသားတစ်ယောက်လို။ ချည်တိုင်က နွားလို။ သံသရာဟာ ဒီအဓိပ္ပာယ်ပဲလား။ ကျွန်တော် မသိတဲ့နေရာတစ်ခုကနေ ကျွန်တော် ရောက်ရှိလာခဲ့ပြီး ကျွန်တော်မသိတဲ့ နေရာတစ်ခုဆီ ကျွန်တော် ထွက်ခွာသွားရပေလိမ့်ဦးမယ်။ ရေးလက်စ အတိုအထွာတွေ ပြန်ကြည့်ပြီး ဆက်ရေးလို့ရမလား တွေးကြည့်တော့ ခေါင်းထဲမှာဗလာ။ အတွေးသစ်၊ အရေးသစ်ပါမှ ကဗျာဆိုတော့လည်း ကျွန်တော့်မှာ ကဗျာမရှိဘူး။ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ် ရှုမြင်သုံးသပ်ထားတဲ့ အရေးအသားမျိုးကိုလည်း မတွေးခေါ်တတ်ဘူး။ အဲဒီလို အတွေးအခေါ်တွေ ခြောက်ခန်းနေလို့ပဲ ကောင်းမွန်မြင့်မြတ်တဲ့ စကားပြေတစ်ပုဒ်မှ ကျွန်တော့်မှာ မရှိတာလား။ ပါရမီနည်းပါးခြင်းရဲ့ အသီးအပွင့်တွေ ဝေဆာလာတဲ့သဘောလား။ ကြိုးစားမှု၊ ဝီရိယ ပျက်ပြားနေတဲ့ အိမ်အမိုးအောက်မှာ အလိုမကျခြင်းတွေနဲ့ စိုရွှဲနေတာလား။ ဒါပေမဲ့ စိတ်ကူးနဲ့ ပါရီရောက်နေတာကိုက ပါရီနဲ့ မလွဲခဲ့ဘူးမဟုတ်လား။ ကျွန်တော်ဟာ မတူးဖော်ရသေးတဲ့ ရတနာသိုက်ကြီးလည်း ဖြစ်နိုင်တာပဲ။
ကျွန်တော် တစ်ကြောင်းမှမရေးဖြစ်သေးတဲ့ စာသားတွေက ဂါဆီယာမားကွတ်ရဲ့ အထီးကျန်နှစ်တစ်ရာလို ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ ဂျက်လန်ဒန်ရဲ့ ပင်လယ်ဝံပုလွေလို၊ ဟဲမင်းဝေးရဲ့ ပင်လယ်ပြာနဲ့ တံငါအိုလို၊ အလန်ဂင်းစဘာ့သ်ရဲ့ အူသံလို၊ အာရင်ဘတ်ရဲ့လူများ၊ သက္ကရာဇ်များလို။ သိမ်းစွန်ငှက်ရဲ့အပြန်လမ်းလို၊ ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာလို၊ လူဖြစ်ရတာကောင်းတယ်လို အဲဒီလိုမျိုးတွေပေါ့။ ကိုယ်ရှေ့ကဖြစ်ပြီးသား အရာတွေက ကိုယ့်ကိုတစ်ဖန် ပြန်လည်ဖြစ်စေမယ့် တန်ခိုးသတ္တိရှိသလား။ ဒီရက်ပိုင်းတွေထဲ စာတစ်ပုဒ်မပြောနဲ့ စာတစ်ကြောင်းကလေးတောင် ချရေးမရတာကတော့ အမှန်ပါပဲ။ ကျွန်တော် ရေးချင်နေမိတာပေါ့။ ကောင်းချင်ကောင်း မကောင်းချင်နေ တစ်ခုခုကို ကျွန်တော် ရေးချပစ်လိုက်ရမှာ။ ဒါပေမဲ့ ကျွန်တော်မရေးဖြစ်ခဲ့ဘူး။ မင်း ကဗျာကောင်းလိုက်တာဆိုတာမျိုး၊ မင်းအက်ဆေးလေးတွေကို ခိုက်တယ်ကွာဆိုတာမျိုးတွေ အဲ့ဒီအသံတွေကို ငံ့လင့်ပြီး ရေးသားဖို့ တွေးနေမိလို့လား။ ဒါမှမဟုတ် အရေးအသားသစ်တစ်ခုခုကို ကြံဆနေလို့လား။ အဲဒီလိုမျိုး အတွေးလည်း ကျွန်တော့်မှာ မရှိတာ သေချာတယ်။
တစ်ကြိမ်ထက်မက ချော်လွဲမှုတွေနဲ့ အသက်ရှင်ခြင်းနေ့တာများစွာကို ကျွန်တော်ဖြတ်သန်းခဲ့ဖူးတယ်။ ရယ်မောဖူးတယ်၊ နာကျင်ဖူးတယ်၊ ငိုကြွေးဖူးတယ်။ ဒါတွေကို ရေးပစ်လိုက်ရမှာပေါ့။ မျက်စိရှေ့မှာတင် ဖြစ်ပျက်သွားတဲ့ ရုပ်ရှင်တွေ။ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေထက် ပိုမိုသရုပ်ဆောင်ကောင်းလွန်းကြတဲ့ အပြင်လောကက လူတွေ။ မျက်လှည့်ပြပွဲတွေ။ စီးချင်းထိုးပွဲတွေ။ ဂျစ်ပစီတွေ၊ ညတွေ။ ကောင်းဘွိုင်နေ့ရက်တွေ။ ကျွန်ကုန်သည်တွေ။ ရက်အင်ဒီးယန်းတွေ။ ခြောက်သွေ့လွင်ပြင်ကျယ်တွေ။ သောင်ထွန်းနေတဲ့ မြစ်တွေ။ ရင်ဘတ်ဟောင်းလောင်းပေါက်ကြီးတွေနဲ့ တောင်တွေ။ မြင်ကွင်းတွေ၊ နိစ္စဓူဝမြင်ကွင်းတွေ။ ဒါတွေကိုလည်း ရေးရမှာပေါ့။ ပါးစပ်ပေါက်တွေထဲ ရွှေပြည်ကြီးအကြောင်းတွေထားပါ။ နံစော်နေတဲ့ နေရာထိုင်ခင်းတွေအကြောင်းထားပါ။ တူဖြစ်တုန်း ထုလိုက်မယ်ဆိုတဲ့ စကားပုံကိုလည်း ထားလိုက်ပါတော့။ အမှန်တရားကို မပြောရဲတဲ့ ခေတ်ကနေ အမှားအယွင်းကို ထောက်မပြရဲတဲ့ ခေတ်ကိုလည်း ပစ်ထားလိုက်ပါတော့။ သမိုင်းဝင် တွေ့ဆုံပွဲတွေ၊ ရာဇဝင်တွင်မယ့် စားပွဲသောက်ပွဲတွေ ထားစမ်းပါကွာ။
ဘယ်လိုစာအုပ်တွေ ဘယ်လိုပေါက်နေတယ်ဆိုတာထက် ဘယ်လိုလူတွေ ဖတ်တဲ့ ဘာစာအုပ်လည်းဆိုတာကိုပဲ ပြောရတော့မယ်။ တကယ်က အစ်ဇင်ပေါင်းစုံရော မွှေထားတဲ့ အကောင်းစားခေတ်ရှေ့ပြေး စာအုပ်တစ်အုပ် ဒါမှမဟုတ် စာတစ်ပုဒ်ရေးချင်ခဲ့တာပဲ။ ပိုးတုံးလုံးကောင်ကြီးဟာ ကာ့ဖ်ကာရဲ့အတွေးထဲ ဘယ်လို ဝင်သွားခဲ့သလဲ။ ဆရာနေမျိုးဟာ ကားဂိုထောင်ကြီးထဲ နှင်းတွေကျလာအောင် ဘယ်လိုရေးခဲ့တာလဲ။ ပြေးတဲ့ အကြောင်းကို မူရာကာမိက တစ်အုပ်ရအောင် ရေးနိုင်ခဲ့တယ်။ ဟိုတစ်လောက ဖတ်ရတဲ့ကိုသားဦးရဲ့ “တောင်းသူရယ်” ကဗျာကို ကြိုက်မိတယ်။ တကယ်တော့ သူတို့လို ရေးချင်နေမိတာကနေ ဘာမှမရေးဖြစ်တော့တဲ့ဆီကို ဆိုက်ရောက်သွားခဲ့ရတာလား။ ပေါင် မုန့်ထုတ်သလို ထုတ်လုပ်ဖို့အထိ လျှောကျပျက်စီးသွားရတဲ့ ကျွန်တော့်အနုပညာ ဗီဇနုံနဲ့မှုလား။ အကောင်းစား စိတ်ကူးတွေဟာ အပြင်ကိုခေါ်ဖို့ မလွယ်ကူဘူး။ အတွေးတိမ်တိုက်တွေက မရွာဘူး။ ရွေ့နေ တယ်၊ တစ်ရက်ပြီး တစ်ရက်။ စိတ်ကူးထဲမှာတော့ အကောင်းစား တစ်ခုခုကို ရေးဖို့တွေးခေါ်နေမိတာပဲ။ သစ်ရွက်တွေ ကြွေသလို နေ့ရက်တွေ တဖြုတ်ဖြုတ်ကြွေသွားတယ်။ ကျွန်တော်ဘာမှ မရေးဖြစ်ဘူး။ အကြီးကြီးတွေးရင် အကြီးကြီး လုပ်ဖို့လိုတယ်။ အကြီးကြီးဆီကို သေးသေးလေးကနေ စသွားရတယ်။ စစ်ရှုံးသူကို ပင့်ကူက ဆုံးမတယ်။ ဘယ်မှမသွားရင် ဘယ်မှမရောက်ဘူး။ တစ်နေရာရာကိုသွားရင် တစ်နေရာရာရောက်မလား။ ကျွန်တော် ရေးချပစ်လိုက်တယ်။ သေးသေးလေးလား အကြီးကြီးလား။