အနက်ရောင် တယောအိတ်ကလေးက သူမရဲ့ ကျောပြင်ပေါ်မှာ နေရာယူလျက်သား။ အနက်ရောင်ဆံပင်တွေက တယောအိတ်ရဲ့ ညာဘက်အခြမ်းဘေးနားကနေ ခါးသာသာအထိ ယှက်ကျနေတယ်။ ထဘီလေးက အနက်ရောင်အပေါ်မှာ အဖြူအပတ်ပါးပါးလေးနဲ့သာ။ ဖိနပ်လေးကလည်း အနက်ရောင်။ မျက်ဝန်းကလည်း အနက်ရောင်။ဘေးလွယ်အိတ်လေးကလည်း အနက်ရောင်။ အကျႌလေးကတော့ အဖြူရောင်။ မနက်ခင်းကတော့ ဘာအရောင်ရယ်လို့ ခွဲခြားမရသေးဘူး။
သူမရဲ့ တယောသံအောက်မှာ ကျွန်တော် နစ်မြုပ်နေခဲ့တယ်။ ပြင်းပြင်းထန်ထန် တိုက်နေတဲ့လေ ရုတ်တရက် ငြိမ်သက်သွားသလိုမျိုး။ ကျွန်တော် တယောမထိုးတတ်ပါ။ တယောထိုးခြင်းအနုပညာရပ်ကို ကျွန်တော် နားမလည်ပါ။ ဒါပေမဲ့ ကျွန်တော်ခံစားလို့ရ နေပါတယ်။ သူမရဲ့တယောသံကိုနားထောင်ရင်း ကျွန်တော့်နှလုံးသားဟာ လှုပ်ခါနေပါတယ်။ ကျွန်တော့် အတွေးတွေဟာ ငြိမ်သက်နေပါတယ်။ ကျွန်တော့်သိစိတ်တွေဟာ တယောသံရဲ့လှိုင်းတွေထဲမှာ နိမ့်လိုက် မြင့်လိုက်နဲ့ စီးနင်းလိုက်ပါနေပါတယ်။ ကျွန်တော် တစ်ခါတစ်ရံ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားသလို ခံစားနေရတယ်။ တစ်ခါတရံတော့ ကုန်းကမူလေးကို ကုတ်တွယ်တက်နေသလိုမျိုးနဲ့။
အခန်းထောင့်လေးမှာ ကျွန်တော်ကထိုင်နေလျက်။ သူမက ကျွန်တော့်ဘေးနားမှာ တယောထိုးနေမြဲပဲ။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ နစ်မြုပ်နေကြပါတယ်။ ကျွန်တော်ဟာ တယောသံကို နားထောင်နေသူတစ်ယောက်။ သူမက တယောထိုးနေသူတစ်ယောက်။ ကျွန်တော်တို့နှစ်ယောက်အကြားမှာ လှိုင်းထပေါ်လွင်နေတာက တယောသံလေး။ ကျွန်တော်တို့နှစ်ယောက်အပြင် တယောသံကို ဘယ်သူတွေ နားထောင်နေသေးသလဲ။ အခန်းလေးရဲ့ နံရံသားတွေလား။ စားပွဲခုံတွေလား။
ဒီအခန်းလေးထဲကို ဘယ်လိုရောက်နေခဲ့လဲဆိုတာ ကျွန်တော်မသိပါ။ ကျွန်တော်မသိသလို သူမလည်း မသိပါ။ သူမရဲ့ တယောလေးလည်း မသိပါ။ တယောသံလေးဟာလည်း မသိပါ။ အခန်းလေးတစ်ခန်းထဲမှာ ဖြစ်ပျက်နေတဲ့ အစိတ်အပိုင်းလေးတွေပါ။ လျှို့ဝှက်ချက်လည်း မရှိဘူး။ နောက်ပြီး ဒီအခန်းလေးထဲကနေ ဘယ်အချိန်မှာ ပျောက်ကွယ်သွားမယ်ဆိုတာလည်း ဘာမှ ကြိုတင်မသိနိုင်ဘူး။
အခန်းလေးရဲ့ တချို့တဝက်ဟာ မှောင်နေပါတယ်။ ကျွန်တော်တို့နှစ်ယောက် ရှိနေတဲ့နေရာမှာတော့ အနည်းငယ်လင်းနေပါတယ်။ အလင်းရောင် ပါးပါးလေးအောက်မှာ ကျွန်တော်တို့နှစ်ယောက်ဟာ နစ်မြုပ်နေကြပါတယ်။ တစ်ခါတလေ တယောသံလေးဟာ ကျွန်တော်တို့နဲ့ ဝေးကွာသွားသလို ခံစားလာရတယ်။ တစ်ခါတလေ နီးကပ်လာသလိုလည်း ခံစားရတယ်။ ဒါပေမဲ့ သူမဟာ ကျွန်တော့်ဘေးမှာ ပုံမှန်အတိုင်းသာ တယောထိုးနေမြဲပါပဲ။ သူမဟာ နားလိုဟန်ကိုမပြဘူး။ ဒါပေမဲ့ သူမရဲ့အတွေးတွေထဲကနေ ကျွန်တော့်ကို မေးခွန်းတွေ ထုတ်နေတာတော့ သတိပြုမိပါတယ်။
“ရှင် ကျွန်မရဲ့ တယောအနုပညာကို ဘယ်လိုမြင်လဲ” လို့ မေးတယ်။
“မင်းအမြဲ ဒီအတိုင်းသာ တယောကို ဆက်ထိုးနေမယ်ဆိုရင် ငါဒီနေရာကနေ ဘယ်လိုမှ ထွက်သွားမိမှာ မဟုတ်ဘူး” ဆိုပြီး ကျွန်တော် အတွေးထဲကနေ ပြန်ဖြေလိုက်မိတယ်။
အဲဒီလိုအဖြေမျိုးကို ကျွန်တော့်စိတ်ထဲကနေ ဘယ်လို ပြန်ဖြေလိုက်မိလဲဆိုတာ ကျွန်တော်မသိနိုင်ခဲ့ဘူး။ ဒါဆို သူမဟာ ဘာကြောင့် တယောကိုထိုးနေခဲ့လဲ။ တယောထိုးခြင်းအနုပညာကို ချစ်မြတ်နိုးလွန်းလို့လား။ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ ဖိအားကြောင့်လား။ ကျွန်တော် အဲဒီလိုအတွေးတွေထဲကနေ ပြောလိုက်မိတော့ သူမရဲ့မျက်နှာ အနည်းငယ်ညိုးရော်သွားပါတယ်။ သူမရဲ့ တယောသံလေးတွေဟာလည်း အနည်းငယ်ခါထွက်သွားပါတယ်။ သူမစိတ်လှုပ်ရှားသွားပုံလည်း ရပါတယ်။ အဲဒီတော့မှ သူမအတွေးထဲကနေ ကျွန်တော့်ကို စကားပြန်ပြောပါတယ်။
“ရှင် အနုပညာတစ်ခုကို အဲလို ခေါင်းစဉ်မတပ်ပါနဲ့။ ခေါင်းစဉ်မတပ်ပါနဲ့ဆိုတာက မတပ်ရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အနုပညာဟာ သူ့ပုံသဏ္ဌာန်နဲ့သူတော့ ရှိမှာပဲလေ။ ကျွန်မရဲ့ကိုယ်ရေးကိုယ်တာကို စွက်ဖက်လို့ရပါတယ်။ အနုပညာကို မစွက်ဖက်စေချင်တာပါ။ အနုပညာဟာ သူ့ဘာသာစီးဆင်းနေပါစေ။ ကျွန်မ ဖန်တီးတယ်ဆိုတာထက် အနုပညာရသတစ်ခု သူ့ဘာသာဖြစ်ပေါ်နေတယ်လို့ပဲ ရှင့်စိတ်ထဲမှာ မှတ်ယူထားစေချင်တယ်။ ကျွန်မဟာ ကမ္ဘာကျော်တယောပညာရှင်လည်း မဟုတ်ပါဘူး။ ရှင်နားထောင်ဖို့ကိုလည်း သီးသန့်ဖျော်ဖြေပေးနေတာ မဟုတ်ဘူးလေ။ တယောသံတစ်ခုအနေနဲ့တော့ ရှင်အသိအမှတ်ပြုရင် ကျွန်မ ကျေနပ်ပါတယ်။ တကယ်တော့ ဒီအခန်းထဲမှာ ကျွန်မတို့ ရှိနေတယ်လို့တောင် မထင်စေချင်ဘူးရှင်”
သူမဟာ အဲဒီလို ပြောပြီး ခဏတာငြိမ်သက်နေပါတယ်။ ကျွန်တော် သူမရဲ့ အဖြေကို သိပ်သဘောမကျမိဘူး။ ဒါပေမဲ့ ကျွန်တော်လည်း ငြိမ်သက်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် လေးနက်ပုံရပါတယ်။ အဲဒီလေးနက်ခြင်းဆိုတာဟာလည်း ကျွန်တော်ဇဝေဇဝါဖြစ်ရတဲ့ လေးနက်ခြင်းပါပဲ။ သူမဟာ သူမအနုပညာနဲ့ပတ်သက်လာရင် ဆတ်ဆတ်ထိမခံတဲ့ ပုံစံမျိုးပါပဲ။ “မစွက် ဖက်ပါနဲ့” တဲ့လေ။
အခုတော့ အခန်းလေးဟာ ငြိမ်သက်နေပြန်ပါတယ်။ တယောသံလေးလည်း ပျောက်ကွယ်လို့နေတယ်။ ကျွန်တော် ထင်တယ်။
ကျွန်တော်နဲ့ သူမရဲ့အသက်ရှူသံတောင် အတော်လေး တိုးညင်းနေတယ်လို့ ထင်မိတယ်။ အခန်းရဲ့အနောက်ဘက်က ပြတင်းပေါက်လေးဆီ ကျွန်တော် လျှောက်သွားမိတယ်။ အပြင်မှာ လေပါးပါးလေးက သစ်ရွက်ဖျားလေးတွေကို ခပ်ယူသွားတယ်။ သစ်ရွက်အကြွေလေးတွေတချို့က မြေပြင်ပေါ်မှာ တချို့ ငြိမ်သက်နေကြပြီး၊ တချို့ကျွမ်းထိုးမှောက်ခုံ ဖြစ်နေကြတယ်။ ခပ်ဝေးဝေးက လမ်းမပေါ်မှာတော့ လူရွယ်တစ်ယောက်ဟာ လက်တွန်းလှည်းလေးကို တွန်းသွားတယ်။ အဲဒီလူရွယ်ဆီက သီချင်းသံသဲ့သဲ့လေး ကြားရတယ်။ လေဟာပြတင်းတံခါးပေါက်ဆီ တိုးဝင်လာတယ်။ ကျွန်တော် ပြတင်းတံခါးကို ပြန်ပိတ်လိုက်တယ်။ အခန်းလေးဟာ စောစောကအတိုင်းလေးပဲ။ ငြိမ်သက်နေလျက်။ သူမကို ကျွန်တော်လှမ်းကြည့်လိုက်တော့ ရှည်လျားတဲ့ အနက်ရောင်ဆံပင်တွေကို ဖားလျားချပြီး စားပွဲခုံပေါ် လက်ကလေးတင်ကာ ငြိမ်သက်နေတယ်။ ဆံပင်တွေက ပါးနှစ်ခြမ်းကိုဖုံးပြီးနေတာ့ ချွန်မြတဲ့ နှာတံနဲ့ မျက်ခုံးသားတစ်ဝက်လောက်သာ တွေ့ရတယ်။ သူမ သိပ်လှတယ်ဆိုတဲ့ စကားကိုတောင် ကျွန်တော် ပြောမထွက်ခဲ့ဘူး။
ခဏကြာမှ သူမကို စကားအနည်းငယ် လှမ်းပြောလိုက်မိတယ်။ အများကြီးမဟုတ်ပါဘူး။ “ဘာလို့ငြိမ်သက်နေလဲ” ဆိုတဲ့ စကားပါ။ သူမက ကျွန်တော့်ကို အတော်ကြာအောင် စိုက်ကြည့်နေရင်း စကားအနည်းငယ် ပြန်ပြောပါတယ်။
“ကျွန်မ အခုထိုးမယ့်တယောသံက စောစောက တယောသံထက် ပိုကျယ်လောင်နိုင်တယ်။ ပိုလည်း မြန်ဆန်နိုင်တယ်။ ပိုပြီးလည်း ပြင်းထန်တဲ့ ဇောတွေနဲ့ ဟန်ချက်တွေ၊ အသံလှိုင်းတွေ လှုပ်ရှားရိုက်ခတ်နေနိုင်တယ်။ အဲဒါ ကျွန်မရဲ့အပြောင်းအလဲပဲ။ ရှင် စောစောက တယောသံကို နှစ်သက်တယ်ဆိုရင် အခုထိုးမယ့် တယောသံကို နှစ်သက်ချင်မှ နှစ်သက်လိမ့်မယ်” လို့ ပြန်ပြောပါတယ်။
ကျွန်တော်လည်း ဘာလို့ အခုလိုတယောထိုးတာကို ပြောင်းလဲပြီး ထိုးရတာလဲလို့ မေးလိုက်မိတယ်။ သူမက “ကျွန်မဟာ ဒီနိုင်ငံသား တယောရှင်ဖြစ်နေလို့ပါပဲ။ ကျွန်မ ဖြစ်နိုင်လို့ရှိရင် ဒီနိုင်ငံထဲက ညည်းတွားခံစားနေကြရတဲ့ ဒုက္ခတွေကို တယောထဲထည့်ပြီး ပြင်းပြင်းထန်ထန် ထိုးပစ်လိုက်ချင်တာပါ။ မှုန့်မှုန့်ညက်ညက် ဖြစ်သွားအောင်လေ” လို့ ပြောပါတယ်။
ကျွန်တော်လည်း သူမပြောစကားတွေ ရဲ့နောက်ကွယ်က သူမရဲ့တယောသံတွေ ကြားထဲမှာ အတွေးတွေဟာ ခုန်ပေါက်လှုပ်ရှားနေတယ်။ ခံစားမှုလှိုင်းတွေဟာ အခန်းလေးထဲမှာ ဒလဟော လှည့်ပတ်စီးဆင်းနေတယ်။ သူမကတော့ သူမပြောတဲ့အတိုင်း တယောကို ခပ်ပြင်းပြင်းထိုးနေခဲ့တယ်။ သူမရဲ့ အနုပညာသိစိတ်အားနဲ့ ဘယ်အရာတွေကို တယောထဲ ထည့်ထိုးနေခဲ့လဲဆိုတာတော့ ကျွန်တော့်အတွက် မှန်းဆရခက်ခဲနေပါတယ်။ မှန်းဆရခက်ခဲတယ်ဆိုတာ ကျွန်တော်ဟာ တယောအနုပညာနဲ့ ဝေးနေလို့ပဲထင်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် သူမရဲ့ အနုပညာစိတ်ရင်းကိုတော့ သိနားလည်ပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ အတွေးမျိုးတော့မဟုတ်ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် ထိန်ချန်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပိတ်ဆို့ထားတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် ပြောပြရခက်လောက်အောင်လည်း သူမရဲ့ တယောသံတွေက ဖုံးလွှမ်းထားပါတယ်။ နောက်ပြီး အခန်းလေးထဲမှာ ကျွန်တော်တို့ မရှိတာလည်း ဖြစ်နိုင်ပါတယ်။