စီးပွားရေး အကြောင်းခြင်းရာများတွင် လုပ်အားခကဲ့သို့သော ကုန်ကျစရိတ်များ၊ အတိုးနှုန်းများ၊ အစိုးရ၏ လုပ်ဆောင်ချက်များ၊ ဥပဒေများ၊ မူဝါဒများ၊ အခွန်နှုန်းထားများနှင့် အလုပ်လက်မဲ့ပြဿနာ အစရှိသည်တို့ ပါဝင်သည်။ ၎င်းတို့အားလုံးသည် လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုသက်သက်၏ ပြင်ပ၌ရှိသော အကြောင်းခြင်းရာများဖြစ်သော်လည်း အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှု၏ တန်ဖိုးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိသည်။ ယင်း အကြောင်းခြင်းရာများ၌ စစ်ဆေးထားသည့် လက်ရှိ သို့မဟုတ် အနာဂတ်တန်ဖိုးအပေါ် သက်ရောက်မှုတစ်ရပ်ရှိသည့် မည်သည့် အချက်မဆိုလည်း ပါဝင်သည်။ စီးပွားရေး အကြောင်းခြင်းရာများနှင့်ပတ်သက်၍ နမူနာအချို့ကို တင်ပြလိုပါသည်။
လုပ်အားခ ကုန်ကျစရိတ်များသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံးနှင့် အငြင်းပွားမှုအများဆုံး စီးပွားရေး အကြောင်းခြင်းရာအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများနှင့် လုပ်ဆောင်မှုများက များစွာသော ကုမ္ပဏီများအား အလုပ်သမား ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့သွားစေသည်။ ဥပမာအားဖြင့် အမေရိကန်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းနှင့်ပတ်သက်သော ရိုးရှင်းသည့် လုပ်ငန်းဆောင်တာများနှင့် ထုတ်လုပ်မှုများကို အမေရိကန်ပြည်ထောင်စု၏ ပြင်ပနေရာများသို့ ရွှေ့ပြောင်း လုပ်ဆောင်ကြခြင်းအားဖြင့် အကုန်အကျ သက်သာကြောင်း တွေ့ရှိခဲ့ကြသည်။ များစွာသောနိုင်ငံများ (အထူးသဖြင့် တောင်အာရှနိုင်ငံများ) ၌ ပြည်ပမှ လာရောက်အခြေစိုက်သော စက်ရုံများ၊ Call Center များနှင့် ထုတ်လုပ်ရေး လုပ်ငန်းစဉ် အဆောက်အအုံများ ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းနိုင်ငံများ၌ လုပ်အားခ နိမ့်ပါးသောကြောင့်ဖြစ်သည်။ ယင်းနိုင်ငံများ၌ မျှတသော လုပ်အားခရရှိရေး နှင့် လုပ်ငန်းခွင် အခြေအနေရပ်များသည် ဆွေးနွေးစရာ အကြောင်းအရာတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။
အတိုးနှုန်းများသည်လည်း အချို့သော လုပ်ငန်းနှင့် နေရာသတ်မှတ်ရေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကို သတ်မှတ်ရာ၌ ပါဝင်နေသည်။ ရင်းနှီးမြှုပ်နှံမှုသဘောအရ အတိုးနှုန်းများက အလွန်အရေးကြီးသည်။ အတိုးနှုန်းများ ပိုမိုမြင့်မားသည့်အခါ ရင်းနှီးမြှုပ်နှံသူများစွာတို့ထံမှ တုံ့ပြန်မှုတစ်ရပ်မှာ ငွေချေးစာချုပ်ကဲ့သို့သော ငွေပြန်ပေါ်ရန် ပိုမိုလုံခြုံစိတ်ချရသည့် အရာများဘက်သို့ လှည့်သွားခြင်းဖြစ်သည်။ ၎င်းတို့ တတ်နိုင်လောက်အောင် အတိုးနှုန်း နိမ့်ပါးမှသာလျှင် စွန့်စားလုပ်ကိုင်မည် ဖြစ်သည်။
အစိုးရမူဝါဒများ၊ ဥပဒေများနှင့် အခွန်အတုတ်များသည် လုပ်ငန်း သို့မဟုတ် အဖွဲ့အစည်းပေါင်းများစွာတို့ အဘယ့်ကြောင့် ပြည်ပတိုင်းပြည်များကို အသုံးပြုသနည်း သို့မဟုတ် မည်သည့်နေရာကို လုပ်ငန်းလုပ်ကိုင်ရန် ရွေးချယ်သနည်း ဟူသည်တို့အတွက် အကြောင်းပြချက်ဖြစ်သည်။ အမေရိကန်တွင် အချို့သောလုပ်ငန်းများသည် အမေရိကန်ပြည်ထောင်စုတစ်လျှောက် ပြည်နယ်များ၌ ပင်မရုံးခန်းများကို ရွေးချယ်ထားရှိကြသည်။ အဘယ့်ကြောင့် ဆိုသော် သက်ဆိုင်ရာပြည်နယ်များ၏ အခွန်ကောက်ပုံနှင့် ထိန်းချုပ်ကြီးကြပ်မှုများ ပြုလုပ်ပုံတို့ မတူကြသောကြောင့်ဖြစ်သည်။
စီမံခန့်ခွဲမှုသည် သဘောတရားအရ လုပ်ငန်း၏ ပြင်ပမှ အင်အားစုတစ်ရပ်ဟု မဆိုနိုင်သည့်တိုင် ယင်းကို စီးပွားရေး အကြောင်းခြင်းရာတစ်ရပ်အဖြစ် သတ်မှတ်ကြသည်။ စီမံခန့်ခွဲမှုသည် ကုမ္ပဏီတစ်ခုနှင့်တစ်ခု မတူခြားနားသည့် သီးသန့်ဖြစ်မှု မြင့်မားသောကိစ္စ ဖြစ်သည်။ ထိရောက်သည့် စီမံခန့်ခွဲရေး ဖွဲ့စည်းပုံရှိသော လုပ်ငန်းများသည် ပို၍ ချမ်းသာကြွယ်ဝ လာနိုင်ခြေရှိသောကြောင့် စီမံခန့်ခွဲမှု၌ သင်တန်းများပေးခြင်း၊ ကျောင်းထားပေးခြင်း၊ ပုံမှန် မွမ်းမံမှုများပြုလုပ်ခြင်းတို့အားဖြင့် ရင်းနှီးမြှုပ်နှံကြသည်။ အခြားအရေးကြီးသည့် စီးပွားရေးအကြောင်းခြင်းရာနှစ်ရပ်မှာ ရောင်းလိုအားနှင့် ဝယ်လိုအားတို့ဖြစ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ မိမိတို့နိုင်ငံ သို့မဟုတ် မိမိတို့ဒေသ၌ ရင်းနှီးမြှုပ်နှံမှုများ များပြား တိုးတက် လာစေလိုပါက စီးပွားရေး အကြောင်းခြင်းရာများကို အားသာချက်ရှိအောင် အထူးဂရုပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာ က ရေးသားအပ်ပါသည်။
(ဇန်နဝါရီ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)