ဆေးပွန်းနေသော လမ်းများ

ဆေးပွန်းနေသော လမ်းများ
Photo : overlandingfamily
Photo : overlandingfamily
Published 18 January 2019
 ရာမညမင်းငြိမ်းချမ်း

ကျွန်တော် ခရီးများစွာထွက်ခဲ့ဖူးသည်။ ထိုကြောင့် လမ်းများစွာကိုလည်း ဖြတ်သန်းသွားခဲ့ဖူးသည်။ လမ်းများသည် လားရာတူညီ သယောင်ရှိကြသော်လည်း ဦးတည်ချက်ကွဲ ပြားစမြဲ။ ဦးတည်ချက် တူညီသော်လည်း ခရီးဆုံးပန်းတိုင်ခြားနားသွားခဲ့။ ပြေးလမ်းပေါ်မှ အရောင်ပြောင်းလွယ်သောလမ်းများ။ ဆေးပွန်းနေသောကြောင့် ဂိတ်ဆုံးကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ခြင်း မရှိပါ။ အသုံးပြုခြင်း မရှိသည်မှာ အချိန်ကြာမြင့်ခဲ့၍ ဟောင်းနွမ်းပေါက်ပြဲလာခဲ့။ ဟောင်းလောင်းပေါက်များကြောင့် အဆာပလာဖြည့်တင်းမှုများ ပြုလာခဲ့ကြ။ အဆာပလာများကြောင့် လမ်းများသည် မြင်ကွင်းထဲ ပိုမိုအကျည်းတန်သွားသည်။ အန္တရာယ်များဆီ ပိုမိုတွန်းပို့လာသည်။ အပေါ်ယံ ပြုပြင်မှုအတွက် သူ့ထက်ငါ အပြိုင်အဆိုင်ဖြစ်လာကြသည်။ အမြင်အာရုံ မှောက်မှားလောက်အောင် ဟန်ဆောင်ကောင်းခဲ့ကြသည်။ တစ်ခါတစ်ရံ သဘာဝတရားများ၏ အကူအညီဖြင့် မတော်တဆမှုများ မီးမွှေးဖန်တီးတတ်သည်။ အရှိတရားမှ သွေဖည်သွားသည့် ဆေးပွန်းနေသော လမ်းများပင်ဖြစ်သည်။

ဘဝသရုပ်အမှန်ကို ဖော်ပြလျက် နီရဲတောက်နေသော ကျောက်စရစ်ခဲများနှင့် ခင်းကျင်းထားသော မြေနီလမ်းများ။ နေ၏ခြစ်ခြစ်တောက် ပူလောင်မှုကြား အရည်ပျော်ကျနေသော အပေါစားကတ္တရာများ ခင်းကျင်းထားသောလမ်းများ။ ရိုလာကိုစတာ စီးနေရသကဲ့သို့ အနိမ့်၊ အမြင့်များနှင့် မညီမညာ မျက်နှာသွင်ပြင်များနှင့် ကျောက်ခင်းလမ်းများ။ လမ်းဟူ၍ မသတ်မှတ်နိုင်သော သက်ရှိများ ခေတ္တဖြတ်လျှောက်ရင်း ဖြစ်ပေါ်သွားသော ဖြတ်လမ်းကလေးများ။ မျှော်လင့်ချက်တစ်ခုနှင့်အတူ နင်းလျှောက်မည့်သူကို မျှော်လင့်နေရသည့် ကျဉ်းမြောင်းသေးသွယ်သော လမ်းသွယ်ကလေးများ။ ဖောက်လုပ်ထားပြီးမှ တာဝန်ယူမှုမရှိဘဲ အဓိပ္ပာယ်မဲ့စွာ ပိတ်ပင်ခြင်းခံရလိုက်သော ဖြတ်လမ်းများ။ ဆေးစက်ဗရပွနှင့် ရှင်းလင်းဆေးကြောသူမဲ့နေသော ဆေးပွန်းနေသောလမ်းများ။ ဘုရားတည်ရှိရာလမ်းကို ဘုရားလမ်း။ ဆေးရုံတည်ရှိရာလမ်းကို ဆေးရုံလမ်း။ ဘောလုံးကွင်းတည်ရှိရာလမ်းကို ဘောလုံးကွင်းလမ်း။ ထိုနာမ်စားနှင့် ပိုင်ရှင်မှ ဖွင့်လှစ်ပေးခဲ့၍ အဝှါပုဂ္ဂိုလ်လမ်း။ ဆုံမှတ်မဲ့နေသောလမ်းကို မဆုံးသောလမ်း။ ဦးတည်ချက်ပျောက်ဆုံးနေသောလမ်းကို လေလွင့်ခြင်းလမ်း။ ဤသို့နှင့် ဆေးပွန်းနေသော လမ်းများပေါ် ကျွန်တော် ဖြတ်လျှောက်ခဲ့မိသည်။

ကောက်ကွေးတွန့်လိမ် မြွေလိမ်မြွေကောက်သဏ္ဌာန်နှင့် လမ်းများ၏ဇာတ်ရုပ်ကြား ကျွန်တော်တိုးဝင်ခဲ့သည်။ ဟောင်းလောင်းပေါက်များနှင့် ညစ်နွမ်းနေသော လမ်းများ၏ အသက်ရှူသံသည် သံသယများပြည့်နှက်လျက်။ ဆေးပွန်းနေသော လမ်းများ၏ ဖြစ်တည်မှုသည် ပြောင်းပြန်အချိုးနှင့်။ ဆေးပွန်းဒဏ်ရာနှင့်အတူ စိတ်ခံစားချက်ကို ရှေ့တန်းတင်တတ်သော ကျားနာတစ်ကောင်၏ နာကျင်မှုမျိုးလား။ ရေသောက်ဆင်းသည့် သားကောင်ကို အလစ်သုတ်ရန် ချောင်းမြောင်းနေသည့် ရေမုဆိုးမိကျောင်း၏ ဆာလောင်မှုမျိုးလား။ ထိုသို့မဟုတ်၊ ဆန်တက်ရန်ခက်ခဲသည့် မြားတန်းလန်း စိုက်ဝင်နေသော ရေသေမြစ်၏ ဖြစ်တည်မှုပင်။ ဒိုင်ယာရီ အဟောင်းအနွမ်းများကို သမင်လည်ပြန် ပြန်လည်တမ်းတနေကြ။ ပြောင်းလဲခြင်းနှစ်များဟု အသွေးအသားထဲ ရိုက်သွင်းချိတ်ပိတ်ခံထားရသော ၀ါးဆစ်ပိုင်းများဖြစ်မည်ထင်သည်။ ဤသည်လမ်းများ၏ ဖြစ်တည်မှုပင်။

နှင်းမြူများအုံ့ဆိုင်းနေသည့် ယောင်ဝါးဝါးနေ့စွဲများကြား လမ်းများပေါ် ပဋိပက္ခများ ပိုမိုဖြစ်ပေါ်နေသည်။ အညွှန်းပြဧရိယာ တည်မြဲဖို့ ဆိုင်းဘုတ်ထောင်၊ ကိုယ့်အိတ်ကပ် ကိုယ်နှိုက် အဆာပြေဖြေဖျော်မှုအတွက် အသုံးပြုခဲ့ကြ။ မနိုင်ဝန်များကြား လမ်းများသည် နှိုက်ထုတ်ခံနေကြ၊ ဝမ်းတွင်းအဆာပလာများ။ ညစ်နွမ်းမှုအတွက် ဒဏ်ခတ်၊ ကိုယ့်ကံကြမ္မာ ကိုယ်စီရင်ခွင့်နှင့် ခေတ်၏တောင်းဆိုသံများ။ ချည်တိုင်မဲ့ နေ့ရက်များအတွက် လမ်းများသည် အိတ်ကပ်ဖောင်းရန်သာ အာရုံစိုက်နေကြ။ ဆေးပွန်းခဲ့သော မနက်ဖြန်တိုင်းတွင် အသေကောင်လို အယောင်ဆောင်တတ်ခဲ့။ မျှော်လင့်ချက်အသေများ ဖြည့်ဆည်းနေသော နယ်ရုပ်လေးမျှသာ။ ငြိမ်းချမ်းမှုတရားကို ရှာဖွေ၊ သားသတ်သမားကို အိမ်ဦးနတ်သဖွယ် ပူဇော်ပသခဲ့ကြ။ ကျားသေကို အသက်သွင်းခြင်းလား ကျွန်တော်မသိ။ ‘လမ်းလွှဲမှ မောင်းပါ’ ဆိုသည့် ဆိုင်းဘုတ် ချိတ်ဆွဲထားခြင်းပင် ဖြစ်သည်။ မညီမညာ သံစဉ်လှိုင်းကြား ကျွန်တော့်စိတ်ကို စိုးမိုးခြယ်လှယ်ထားသော လမ်းများ၏ ဆေးပွန်းနေသော မနက်ဖြန်အကြောင်းများသာ။

လမ်းများ၏ အသက်ရှူသံကို ကျွန်တော် ဝင်ရောက် နားသောတဆင်မိသည်။ ရှုပ်ထွေးပွေလီသော ဝင်္ကပါတောထဲ တဝဲဝဲလည်နေသူတစ်ယောက်ပမာ အချိန်နာရီများ ကျွန်တော်မေ့တတ်ခဲ့သည်။ ပဥ္စလက်ဆန်ဆန် သဘာဝတရားကြီး၏ မျက်လှည့်ပြမှုအောက် ဒူးထောက်နေရသော လမ်းများ။ အရေခြုံခံစားချက်ကို ခေါင်းပေါ်တင်လျက် အကြမ်းဖက်ဝါဒီကို ထောက်ခံအားပေးသော လမ်းများ။ လမ်းဘေးဝဲယာ မြင်တွေ့ရဆဲ ပိုင်ရှင်မဲ့ အမှိုက်များ။ စည်းစနစ်ကျခြင်းသည် နေရာဒေသတစ်ခု၏ အဆင့်အတန်းဖြစ်သည်။ ‘မျှော်လင့်ခြင်းလမ်းများ’ ဆိုသည့် သတင်းခေါင်းကြီးပိုင်းတွင် ထည့်သွင်းဖော်ပြနေသော လမ်းများ၏ လော်ဘီဆန်ဆန် လှုံ့ဆော်မှုတစ်ခုသာဖြစ်မည်။ ခရီးသွားများ စွန့်ပစ်ချသွားသော စားကြွင်းစားကျန် အနံ့အသက်ကို ရှူရှိုက်၊ လမ်းများသည် အရောင်ပြောင်းခဲ့။ ဆေးပွန်းသွားသည့် ဒဏ်ရာကို မေ့လျော့နေသော လမ်းများပင်။

မြင်ကွင်းများမှာ နီးလာလိုက်၊ ဝေးသွားလိုက်နှင့် စက္ခုအာရုံထဲ အဖြူအမည်းရုပ်ရှင် ပြသနေသကဲ့သို့  နေရာယူထားသည်။ အသက်ယဲ့ယဲ့မျှသာကျန်ရှိတော့သည့် လမ်းတစ်လမ်း၏ နောက်ဆုံးလက်ကျန် မျှော်လင့်ချက်ပင်။ သတိပြုမိလောက်အောင် အချိန်ရှိခိုက် ဖာထေးရုန်းကန် လှုပ်ရှားနေသော ပုံရိပ်များ။ သိုးရေခြုံလွှမ်းထားသော ဝံပုလွေတစ်ကောင်နှင့် ဆင်တူနေသည်။ ရေနစ်သူ ၀ါးကူထိုးခြင်းမျိုးမကဘဲ ပိုမိုနစ်မြုပ်သွားအောင် နှစ်နေသကဲ့သို့ပင်။ ဝေဒနာတနင့်တပိုးနှင့် ချည်တိုင်ဆီ အရောက်မပြန်နိုင်တော့သည့် အိမ်ဝေးငှက်များ။ ဖြေလျှော့ပေးနိုင်ခြင်းမရှိသည့် လမ်းများ၏ လမ်းအသုံးပြုခများ။ ဆေးစက်များစွာ စွန်းထင်းသွားသည့် လမ်းတစ်လမ်း၏ ဖြေဆေးကျပျောက်သောညပင်။ ငြင်းဆန်မှုကြား တင်းမာနေဆဲ လမ်းများ၏ မနက်ဖြန်။ ပိုမိုရိရွဲ လှိုက်စားနေဆဲ အသက်ရှူသံများ။ အချိန်အဆမရှိသည့် လမ်းတစ်ကြောင်း၏ လျှောက်သူမဲ့ အခြေအနေများပင် ဖြစ်သည်။

တစ်ခါတစ်ရံ လမ်းများပေါ် ဖြေရှင်း ချက်မဲ့ ဆေးစက်များစွာ စွန်းထင်းပြည့်နှက်နေသည်။ ငေးကြည့်ရုံမှအပ ဘာမျှမတတ်နိုင်သော အနေအထားပင်။ ဝေ၀ါးနေသော လမ်းများ၏ ဖြစ်တည်မှုများသည် လွဲချော်နေဆဲ။ ညည်းချင်းထုတ်နေသည့် လမ်းပြုပြင်တည်ဆောက်သူများမှာ လမ်းပေါ်ဆေးစက်များသွန်ချခဲ့။ ပြန်လည်ကူသုတ်ပေးခြင်းမရှိ  အလုပ်ထွက်စာတင်၊ ရှောင်ပြေးသည့်အလုပ်သမများ။ လိုအပ်ချက်အလျောက် တောက်ပမှုမဲ့ဆဲ။ မြေနေရာပျောက်နေဆဲ။ ရှင်းလင်းသူမဲ့ အခြေအနေနှင့် ရင်ဆိုင်နေရဆဲ။ အဖာတစ်ရာ ထူထပ်နေသောလမ်းများသည် အဘယ်မျှ သက်သောင့်သက်သာ ရှိနိုင်အ့ံနည်း။ မညီမညာ တေးသွားများ၏ လှိုင်းခတ်သံစဉ်များ ဖယိုဖရဲ ပြန့်ကျဲနေဆဲ။ လမ်းပေါ်ပြေးလွှားနေသူ ခရီးသွားအတွက် ညစ်ပတ်နံစော်နေသော လမ်းပေါ် မည်မျှခံနိုင်ရည်ရှိမည်နည်း။ မသေချာခြင်းများ၏ နောက်ကွယ်တွင် တည်ရှိခြင်းအကြောင်း ပိုမိုပြောဖြစ်နေသကဲ့သို့ပင်။ ဤသို့နှင့် သပ်ရပ်မှုကင်းမဲ့စွာ အဖာတစ်ရာ ထူထပ်လျက် အမောဖောက်နေသော လမ်းများပင်။

တဖြည်းဖြည်းနှင့် မူမမှန်သည့် ရာသီဥတုကြား လမ်းများသည် ပိုမိုရှုပ်ထွေးလျက်။ ဆေးစက်များကြောင့် လမ်းများသည် လျှောက်လဲချက်အမျိုးမျိုး ပေးတတ်ကြသည်။ တောကြီးဝါဒ လက်ကိုင်ထားသူကို ဧည့်ခန်းထဲ ထိုင်ခိုင်းပြီး အရိုအသေပေးကြသည်။ မည်သည့်နည်းနှင့်မျှ လက်ခံ၍မရ။ ကြောင်သူတော်ကိုမှ ဘုရားဒါယိကာ မှားမှတ်ခဲ့လေသလား။ မိမိတို့၏ ရင်ဘတ်ထဲမှ သေရာပါဒဏ်ရာအား ပြန်စမ်းကြည့်သင့်။ အရိုင်းဆန်လာသည့် မွန်းကျပ်မှုနွံထဲ လမ်းများ တအိအိနစ်ကျွံဝင်လျက်။ အကောင်အထည်ဖော်ရန် ခက်ခဲလျက် အရောင်ဆိုးနေဆဲ အကြောင်းတရားများ။ ဆေးပွန်းနေသော ပန်းတိုင်များ။ မြေနေရာပျောက်ခဲ့ရသော လမ်းသွယ်ကလေးများ။ အပျက်ပျက်နှင့် နှာခေါင်းသွေးအလီလီထွက်ခဲ့ရသော တောကြီးဝါဒများ။ ထို၀ါဒမသေဆုံးသရွေ့ လမ်းများသည် ဦးတည်ချက် ပျောက်ဆုံးနေဦးမည်။ လမ်းများသည် ဆေးစက်ဗရပွနှင့် ပွန်းပဲ့သည့်ဒဏ်ရာ  ထိရှနေဦးမည်။ လမ်းများသည် အကျအရှုံးများစွာဖြင့် အနက်ရောင်ဆေးသားများ ဆက်လက် အကျည်းတန်နေဦးမည်ဖြစ်သည်။

တောင်ပေါ်လမ်းကလေးပေါ် ကျွန်တော် ဖြတ်သန်းခဲ့သည်။ လမ်းများသည် ဟောင်းလောင်းပေါက်ဟူ၍ တစ်ခုမှမရှိပါ။ ချောမွေ့သပ်ရပ်လွန်းသည်။ စည်းစနစ်ကျ လွန်းသည်။ အမှိုက်တစ်စမျှ မမြင်။ ဆေးစက်များဆိုသည်မှာ ချိုနှင့်လားမေးရလောက်အောင် လမ်းများသည် သန့်ရှင်းသပ်ရပ်လှသည်။ ထိုဒေသမှ ဒေသခံများသည် အဖာတစ်ရာဟူသည်ကို မြင်ဖူးခဲ့ကြဟန်မရှိ။ အဟောင်းအနွမ်းများ ပြန်လည်ပြုပြင် ဆန်းသစ်သည်လည်း ရှိမည်မဟုတ်။ အသစ်များသာ အစားထိုး၍ ပြုပြင်ကြဟန်ရှိသည်။ သူ တို့ လမ်းဟောင်းပေါ် ထပ်မံဖာထေးကြလိမ့် မည်မဟုတ်။ ကလော်ခွာပြီး အသစ်ဆိုသည့် ခံစားမှုအသစ်ကိုသာ ပေးစွမ်းလိမ့်မည်ဟု ကျွန်တော်ထင်သည်။ အဟောင်းများကို အကောင်းအတိုင်း ပြန်လည်ရှုမြင်ဖို့ သူတို့ အချိန်ပေးကြလိမ့်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် နာရီ စက္ကန့်တစ်ခုစီတိုင်း သူတို့အတွက် အရေးကြီးနေလိမ့်မည်။ ထို့ကြောင့်လည်း အကောင်းမြင်မှု၊ အားနာမှုများ ဆိတ်သုဉ်းနေကြခြင်းဖြစ်သည်။ ထို့အတွက်ကြောင့်လည်း သူတို့ တိုးတက်နေခြင်းလား ကျွန်တော်မသိ။ အဆပေါင်းများစွာ သာလွန်နေခြင်းကိုတော့ ကျွန်တော်ကိုယ်တိုင် လက်တွေ့မြင်ခဲ့ရသည်။

တံတားတစ်ချောင်း၊ ချောင်းကလေးတစ်ခုမျှသာ ခြားထားသော်လည်း လမ်းများသည် ခြားနားလွန်းခဲ့။ အမြင်များကွာခြားလွန်းခဲ့။ ရင်းသင့်သော အရင်းအနှီးများများ ပြားသွားခဲ့။ ဆေးစက်ကျရာ အရုပ်ထင်မည်ဟု ထင်ခဲ့ရသော်လည်း လမ်းများသာ ညစ်ပတ်သွားခဲ့။ ဆေးသားများသာ တိုက်စားသွားခဲ့။ အတွင်းသားများသာ နှိုက်ထုတ်လျက် ကုန်ဆုံးခဲ့။ လမ်းများသည် အတွင်းကြေကြေနေဆဲ။ ရိရွဲနေသော ပြည်တည်နာပမာ လှိုက်စားနေဆဲ။ လမ်းများသည် ဖြောင့်တန်းခြင်းမရှိတော့။ ကြုံသည့်နေရာမှ ဖြတ်ဖောက်ချုပ်လျက် အမျိုးမျိုး အသုံးတော်ခံတတ်ခဲ့။ ကြုံသည့်အခန်းမှ နည်းအမျိုးမျိုး မျောဝင်ခဲ့။ လမ်းများသည် နည်းစနစ်ကျမှု လျော့ရဲလာသည်။ လမ်းများသည် ကြိုတင်ပြင်ဆင်ချက် မရှိသလောက် နည်းပါးလျက်။ တဖြည်းဖြည်းနှင့် လမ်းများသည် လမ်းသွယ်များကြား ပိုမိုရှုပ်ထွေးနေကြလျက် ဝင်္ကပါတောထဲ တဝဲဝဲလည်လျက်။

လေညင်းကလေးများ မြေနီလမ်းပေါ် ဖြတ်တိုက်သွားသည်။ ဘုရားလမ်းနံဘေးရှိ ကန်ရေပြင်သည် လှိုင်းကြက်ခွပ်များ ဂယက်ထသွားခဲ့။ လှိုင်းဂယက်များသည် သေးငယ်စဉ် မသိသာသော်လည်း ပင်လယ်ပြင်ပေါ်တွင် ကြောက်မက်ဖွယ်ရာ အသွင်ပြောင်းသွားတတ်သည်။ သေးငယ်သော ထိုလေပြေလေညင်းမှသည် လှိုင်းတံပိုးတစ်ခုဆီ တွန်းပို့ သွားသည်။ အသွင်ယူဖို့ ခက်ခဲသော မာယာများနှင့် လေပြေလေညင်းများပင်။ ထိုလေပြေလေညင်းကလေးမှ လေပွေတစ်ခုအသွင်ဆောင်ခဲ့။ လေပွေမှ အစပြု မွှေ့လည်ပတ်ချက်များသည် သက်ရှိများ၏ အသွေးအသားတစ်ခုစီအား ၀ါးမျိုဖို့ တာစူနေလျက်။ ဖောက်ပြန်သွားသော ရာသီဥတုကြောင့် လမ်းများလည်း အကျည်းတန်တော့မည်။ သက်ရှိမျိုး စိတ်များလည်း မြေစာအဖြစ် ဆက်လက်စတေးခံရတော့မည်။ သားသတ်သမားကို အိမ်ဦးနတ်အဖြစ် ပူဇော်ပသနေသရွေ့ လမ်းများသည် သွေးစွန်းနေဦးမည်။ လမ်းများသည် ဆက်လက် ဆေးပွန်းနေဦးမည်။ တောကြီးဝါဒကို အားပေးထောက်ခံသော လမ်းများသည် မည်သည့်နည်းနှင့်မျှ ငြိမ်းချမ်းသော အေးရိပ်ကို ရှာဖွေနိုင်မည် မဟုတ်ပါ။

 

 

 

Most Read

Most Recent