များပြားလှတဲ့ စျေးဝယ်သူတွေရဲ့ အသံတွေကြားမှာ လင်ကွင်းကို တုတ်နဲ့ ရိုက်နေတဲ့အသံဟာ ထွက်ပေါ်နေပါတယ်။ တနင်္ဂနွေနေ့မို့ ထင်ပါတယ်။ မြို့လေးရဲ့ စျေးပတ်ဝန်းကျင်ဟာ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ မြို့လေးရဲ့ တစ်ခုတည်းသောစျေးဟာ တခြားနေ့တွေထက်စာရင် တနင်္ဂနွေနေ့မှာ ပိုစည်ကားပါတယ်။ မြို့လေးရဲ့အနီးမှာရှိတဲ့ စက်မှုဇုန်က စက်ရုံတွေဟာ တနင်္ဂနွေနေ့မှာ ပိတ်ပါတယ်။ အဲဒီစက်ရုံတွေမှာ အလုပ်လုပ်တဲ့သူတွေဟာ မြို့လေးမှာ အိမ်ခန်းတွေငှားရမ်းနေထိုင်ကြပါတယ်။ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ဆို စျေးမှာဝယ်ကြခြမ်းကြတာပေါ့။ သမီးလေးကို ဖိနပ်ဝယ်ပေးဖို့ ကျွန်တော်တို့ သားအဖ စျေးကိုရောက်နေတာပါ။
စျေးရှေ့မြေကွက်လပ်မှာ လူတွေ အုံနေပါတယ်။ လင်ကွင်းကို တုတ်နဲ့ရိုက်တဲ့အသံ ထွက်ပေါ်ရာနေရာကို တွေ့ရှိခဲ့ပါပြီ။ ကျွန်တော်နဲ့ သမီးလေး လူအုပ်ကြားထဲ တိုးဝင်ကြည့်လိုက်ပါတယ်။ မျက်လှည့်ပွဲတစ်ခုပါ။ သံကွင်းငါးကွင်းလောက်ကို ပိတ်စအနီနဲ့ချည်ပြီး ထောင်ထားပါတယ်။ ကော်ပတ်အရုပ်မတစ်ရုပ်နဲ့ ထန်းခေါက်ဖာတစ်ခုရယ်။ ကြိုးတွေ၊ ပင်ပေါင်ဘောလုံးတွေရယ်။ လင်ကွင်းကို တုတ်နဲ့ခေါက်နေတဲ့ လူတစ်ယောက်ရယ်။ မျက်လှည့်ပွဲ စတင်ပြတော့မှာဖြစ်တဲ့အကြောင်း အာပေါင်အာရင်းသန်သန်နဲ့ ပြောနေတဲ့ လူတစ်ယောက်ရယ်။ သမီးလေးကတော့ “ဖေဖေ မျက်လှည့်ပွဲ၊ မျက်လှည့်ပွဲ” လို့ ဝမ်းသာအားရနဲ့ ကျွန်တော့်ကို ပြောတော့တာပေါ့။ ဒီလမ်းဘေးမျက်လှည့်ဝိုင်းရဲ့ ခင်းကျင်းထားပုံကို မြင်ရကတည်းက ဘာတွေပြပြီး ဘာတွေတောင်းမယ်ဆိုတာကို ကျွန်တော်သိနေပါပြီ။ ကျွန်တော် ငယ်ငယ်ကတည်းက ကြည့်ခဲ့ရတဲ့ လမ်းဘေးမျက်လှည့်ပွဲတွေဟာ မျက်လှည့်ပြတဲ့သူတွေသာပြောင်းသွားတယ်။ ပြောတဲ့စကားတွေ၊ ပြတဲ့ပြကွက် တွေကတော့ အားလုံးအတူတူပါပဲ။
“ဟောဒီမှာ ကိုးသချုႋင်းကရတဲ့ သံတွေနဲ့ပြုလုပ်ထားတဲ့ သံကွင်းတွေပါ။ ပရိသတ်ကြီး ကိုင်ကြည့်ပါ။ သံကွင်းတွေမှာ ဆက်ရာတွေ၊ အက်ကြောင်းတွေ ပါလားဆိုတာကို” လူအုပ်ကြီးဟာ မျက်လှည့်ဆရာရဲ့ စကားလုံးနောက်ကို စတင်ပြီး လိုက်ပါသွားခဲ့ပါပြီ။ မျက်လှည့်ဆရာဟာ သံကွင်းတစ်ကွင်းနဲ့ တစ်ကွင်းရိုက်ပြီး သံကွင်းတွေ ချိတ်ဆက်သွားအောင် လုပ်ပြပါတယ်။ ဒါဟာ မျက်လှည့်ပညာပါပဲ။ ဒါပေမဲ့ ကိုးသချုႋင်းကရတဲ့ သံတွေနဲ့ပြုလုပ်ထားတဲ့ သံကွင်းတွေဆိုတဲ့စကားနဲ့ လူတွေကို ဖမ်းစားလိုက်တာပါ။ သံကွင်းတွေကို ဆက်ပြပြီးတဲ့နောက်မှာ မျက်လှည့်ဆရာဟာ ကြိုးခွေကို ယူလိုက်ပါတယ်။ ကြိုးဟာအလွန်ခိုင်ခံ့ကြောင်းပြောပြီး လူနှစ်ယောက်ကို ကြိုးကိုဆွဲခိုင်းပါတယ်။ သူရဲ့ကြိုးမှာ ဆက်ရာတွေ၊ အထုံးတွေ မပါကြောင်း လူတွေကိုကြည့်ခိုင်းပါတယ်။ ပြီးတော့ အဲဒီကြိုးကို ကွင်းလျှောပုံစံ လုပ်ပါတယ်။ မျက်လှည့်ဆရာဟာ သူ့လည်ပင်းကို ကွင်းလျှောလုပ်ထားတဲ့ ကြိုးကွင်းကို စွပ်ပါတယ်။ စွပ်ပြီးတဲ့နောက် ကြိုးစတစ်ဖက်စီကို လူအုပ်ထဲက ခန္ဓာကိုယ်တောင့်တင်းတဲ့ လူနှစ်ယောက်ကို တစ်ဖက်စီ ကိုင်ခိုင်းထားပါတယ်။
“ဒီပြကွက်ဟာ အင်မတန် အန္တရာယ် ကြီးပါတယ်။ ဒီပြကွက်ပြသရင်းနဲ့ ကျွန်တော့်ဆရာတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော့်ဆရာ ဒီပြကွက်ကို ပြတဲ့အခါ ပရိသတ်ထဲက ပညာသည်တစ်ယောက်က သူရဲ့အောက်လမ်းပညာနဲ့ လုပ်လိုက်တဲ့အတွက် ဆရာရဲ့သမာဓိပျက်ပြယ်ပြီး လည်ပင်းအစ် အသက်ဆုံးရှုံးခဲ့တာပါ။ ဒါပေမဲ့ အခုကြိုးကိုဆွဲရမယ့်သူတွေ ကျွန်တော့်ကိုမညှာပါနဲ့၊ ကျွန်တော် သေသွားရင် ခင်ဗျားတို့ အဖမ်းမခံရပါဘူး။ ဒီမှာရှိတဲ့ လူတွေအကုန်လုံး သက်သေရှိပါတယ်။ ကဲ ဟိုင်းယား” မျက်လှည့် ဆရာရဲ့ စကားအဆုံးမှာ လင်ကွင်းကို တုတ်နဲ့ရိုက်သံဟာ ပိုကျယ်လောင်ပါတယ်။ ပိုမြန်လာပါတယ်။ မျက်လှည့်ဆရာဟာ ကြိုးစနှစ်ဖက်ကို ဆွဲရမယ့်သူတွေကို အားကုန်ဆွဲဖို့ ထပ်ပြောပြန်ပါတယ်။မျက်လှည့်ပွဲကို ကြည့်နေတဲ့ လူတွေရဲ့ အသက်ရှူသံတွေ ပိုမြန်နေသလိုပါပဲ။ မျက်လှည့်ဆရာရဲ့ “ဆွဲ” ဆိုတဲ့ အားပါလှတဲ့အသံနဲ့အတူ ကြိုးစတစ်ဖက်စီကို ကိုင်ထားတဲ့သူနှစ်ယောက်ဟာ အားရပါးရ ကြိုးကို ဆွဲဆောင့်လိုက်ပါတယ်။ ကွင်းလျှောလုပ်ထားတဲ့ကြိုးဟာ မျက်လှည့်ဆရာရဲ့ လည်ပင်းကို တုပ်နှောင်မသွားဘဲ ကြိုးပြေသွားပါတယ်။ လူအုပ်ထဲက လက်ခုပ်သံတွေ တချို့ထွက်လာပါတယ်။ အဲဒီ လက်ခုပ်သံတွေကို ကြားလိုက်တဲ့အခါ အခုမျက်လှည့်ပွဲဟာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကြီး၊ ဖြတ်သန်းနေဆဲ ခေတ်ကြီးနဲ့ တူနေတယ်လို့ စိတ်ထဲမှာ တွေးမိသွားပါတယ်။
ခဏနေရင် မျက်လှည့်ဆရာဟာ မျက်လှည့်ပွဲရဲ့ဇာတ်ရှိန်အမြင့်ဆုံးဖြစ်တဲ့ ပြကွက်ကို ပြမယ်လို့ ပြောပါတော့မယ်။ မျက်လှည့်ပွဲအလယ်မှာ ထောင်ထားတဲ့ ကော်ပတ်အရုပ်မလေးကို အသက်ဝင်လာအောင် ပြသမယ်လို့ ပြောပါတော့မယ်။ ပြီးတော့ ကြည့်နေတဲ့လူတွေကို နောက်ကိုနည်းနည်းဆုတ်ခိုင်းပြီး စည်းတားပါတော့မယ်။ မကောင်းတဲ့အနှောင့် အယှက်တွေမဝင်နိုင်အောင် ဘာညာနဲ့ပြောပါတော့မယ်။ တကယ်တော့ ကော်ပတ်အရုပ်မလေးလည်း အသက်ဝင်မလာပါဘူး။ ကော်ပတ်အရုပ်မလေးကို အသက်သွင်းမယ်ပြောပြီး အာပေါင်အာရင်းသန်သန်နဲ့ စကားတွေ ပြောပါမယ်။ စကားပြောတွေ ပြောနေတုန်းမှာပဲ လင်ကွင်းကို တုတ်နဲ့ရိုက်နေတဲ့ မျက်လှည့်ဆရာရဲ့တပည့်ဟာ ထန်းခေါက်ဖာအဖုံးကို တုတ်နဲ့ ကလော်ဖွင့်လိုက်ပါမယ်။ ထန်းခေါက်ဖာထဲမှာ ခွေနေတဲ့ မြွေဟောက်ဟာ ခေါင်းထောင်ပြပါတော့တယ်။ မျက်လှည့်ဆရာတပည့်ဟာ မြွေရဲ့ ဦးခေါင်းကို တုတ်နဲ့ခပ်ဖွဖွလေးရိုက်၊ မြွေဟောက်ကလည်း ပါးပြင်းထောင်ပေါ့။ ကြည့်နေတဲ့ လူအုပ်လည်း ကြောက်ပြီး နောက်နည်းနည်းဆုတ်ပေါ့။
အခု ကျွန်တော်ကြည့်နေတဲ့ မျက်လှည့်ပွဲဟာ ဒီအဆင့်ကို ရောက်နေပါပြီ။ တစ်ခုရှိတာက အခုပြနေတဲ့ မျက်လှည့်ဆရာဟာ စကားပြောပိုကောင်းပါတယ်။ ကျွန်တော်ငယ်ငယ်က လူပျိုပေါက်ဘဝက ကြည့်ခဲ့ရတဲ့ မျက်လှည့်ဆရာတွေလို မဟုတ်ပါဘူး။ ခြိမ်းခြောက်တဲ့ စကားလေးတွေ ထည့်ပြောတာတောင် မသိမသာလေး ညှပ်ထည့်ပြီးပြော တတ်သူပါ။ “ဖေ့သားကြီး ဗိုက်ဆာလို့ထွက် လာပြီလား၊ ဒီမြွေဟာ တောကြီးမြွေဟောက်ပါ။ ဟိုးပဲခူးရိုးမတောနက်ကြီးထဲက သူ့ကိုဖမ်းဆီးလာခဲ့ရတာပါ။ အင်မတန် အဆိပ်ပြင်းပါတယ်။” မျက်လှည့်ဆရာဟာ စကားတွေကိုလည်း ပြော။ မြွေရဲ့အမြီးကိုလည်း ဆွဲဆွဲပေးနေပါတယ်။ မြွေဟာ အမြီးအဆွဲခံရတိုင်း ပါးပျဉ်းကိုပိုထောင်ပါတယ်။ မျက်လှည့်ပွဲကြည့်တဲ့သူတွေဟာ အရုပ်မလေးကို မေ့လို့သွားပါပြီ။ အဆိပ်ထုတ်ထားတဲ့ မြွေဟောက်ရဲ့ ပါးပျဉ်းထောင် စိတ်တိုနေတာကိုပဲ စိတ်ဝင်စားနေပါတော့တယ်။
“ပရိသတ်ကြီးကို ကျွန်တော် ဆေးမရောင်းပါဘူး၊ အဆောင်လက်ဖွဲ့ မရောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော့်သားကြီးရဲ့ မြွေစာဖိုးနဲ့ ကျွန်တော်တို့ နောက်တစ်မြို့ကို အခုလို မျက်လှည့်သွားပြနိုင်ဖို့ လမ်းစရိတ်တော့ အလှူခံပါတယ်။” မျက်လှည့်ဆရာရဲ့ စကားအဆုံးမှာ သူ့တပည့်ဟာ အိတ်တစ်လုံးနဲ့ အလှူခံပါတော့တယ်။
အလှူခံပြီးတဲ့နောက်မှာ မျက်လှည့်ဆရာဟာ ဖဲထုပ်လေးနဲ့ ဖဲမျက်လှည့်လေးတွေ၊ ပင်ပေါင်ဘောလုံးတွေကို လက်ထဲမှာ ပွားလာတာတွေကို နှစ်ကွက်၊ သုံးကွက်ပြပါတယ်။ ပြီးတဲ့နောက်မှာ အနှောင့်အယှက်ရှိတယ်ပြောပြီး မြေကြီးအနည်းကို ယူ၊ မြေအိုးထဲထည့်ပါတယ်။ သူ့လက်ထဲက အမှုန့်တချို့ကို မြေကြီးပေါ်ဖြူးပြီး မီးခြစ်နဲ့ ရှို့လိုက်ပါတယ်။ မြေအိုးဟာ မီးထတောက်လာပါတော့တယ်။ မျက်လှည့်ဆရာဟာ “အနှောင့်အယှက်ပေးတဲ့ ပညာသည်နောက်ကို လိုက်ထား၊ ဖမ်းချုပ်ထား” လို့ ပြောပြီး လက်ထဲက မြေအိုးကို မြှောက်လိုက်ပါတယ်။ မီးတောက်တွေ ဟုန်းခနဲ လွင့်တက်သွားပါတော့တယ်။ “ပညာသည် အနှောင့်အယှက်ရှိတဲ့အတွက် ကျွန်တော်တို့ရဲ့ မျက်လှည့်ပွဲကို ဒီမှာတင်ပဲ ရပ်နားလိုက်ပါတယ်” တဲ့။ မျက်လှည့်ဆရာ မျက်လှည့်ပွဲကို သူသိမ်းချင်သလို သိမ်းသွားပါပြီ။ ခြောက်လုံးဟန့်လုံးတွေ ပါးပါးသုံးပြီး ငွေတွေကို ယူသွားပါပြီ။ အသက်ရှင်လာမယ့် ကော်ပတ်အရုပ်မလေးဟာ မြွေဟောက်နဲ့ အတူ၊ နှောင့်ယှက်တယ်ဆိုတဲ့ ပညာသည်နဲ့အတူ ပျောက်ကွယ်သွားပါပြီ။
ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကြီးကလည်း အခု မျက်လှည့်ပွဲလိုပါပဲ။ ကျွန်တော် ငယ်စဉ်ကတည်းက ကြည့်ခဲ့ရတဲ့ လမ်းဘေးမျက်လှည့်ပွဲတွေလိုပါပဲ။ မျက်လှည့်ဆရာ ပြောင်းသွားပေမဲ့ ဒီပြကွက်တွေ ဆင်တူစကားတွေနဲ့ပါပဲ။ ကော်ပတ်အရုပ်မလေး အသက်ဝင်လာမယ်ဆိုတဲ့ ပြကွက်လို မျှော်လင့်ချက်အကြီးကြီးတွေကို ခေတ်တိုင်းခေတ်တိုင်း ကျွန်တော်တို့ရခဲ့ပါတယ်။ နောက်တော့လည်း ကျွန်တော်တို့ ကြောက်တဲ့ မြွေလို၊ အောက်လမ်းပညာသည် နှောင့်ယှက်သလိုလိုနဲ့ မျှော်လင့်ချက်တွေ ထင်မှတ်ထားတာတွေဟာ ပျောက်ဆုံးကုန်ရပါတယ်။ မျက်လှည့်ဆရာကို ကျွန်တော်တို့ လှူလိုက်ရတဲ့ မြွေစာဖိုးလို၊ လမ်းစရိတ်လိုပါပဲ။ ကျွန်တော်တို့နိုင်ငံရဲ့၊ သယံဇာတတွေ ပါသွားခဲ့ရတာပါပဲ။ ဒါပေမဲ့ မျက်လှည့်ပွဲဆို ကြည့်မယ့်သူတွေ၊ ထူးဆန်းတာလေး နည်းနည်းဆိုရင် လက်ခုပ်တီးမယ့်သူတွေ၊ နည်းနည်းခြောက်လိုက်တာနဲ့ ပြပါမယ်လို့ ပြောထားတဲ့ ပြကွက်ကို မေ့လျော့သွားသူတွေက အများသားမဟုတ်လား။ ဒါကြောင့်မို့ထင်ပါရဲ့ ဒီလိုပြကွက်လေးတွေလောက်နဲ့ မျက်လှည့် ဆရာတွေ တစ်ယောက်ပြီးတစ်ယောက် လာလာပြီး ပြရဲနေကြတာ မဟုတ်လား။