မီဒီယာ၏ အရေးပါသော အခန်းကဏ္ဍ

မီဒီယာ၏ အရေးပါသော အခန်းကဏ္ဍ
Published 18 January 2019
မောင်ကြွယ်စိုး

ကွန်ဂရက် လွှတ်တော်အမတ်ဟောင်း ဘီတိုအိုရူကီက သွားဆရာဝန်နှင့် ပြသဖို့အတွက် Instagram ကနေ အချိန်းအချက်ပြုလုပ်ခဲ့ပါတယ်။ ကွန်ဂရက်လွှတ်တော်အမတ် အလိဇဘက်ဝါရမ်ဟာ အွန်လိုင်းပေါ်ကနေ ဘီယာသောက်နေပုံကို ဖော်ပြခဲ့တယ်။ ကွန်ဂရက်လွှတ်တော်အမတ် ကိုရီဘွတ်ကာဟာ Snapchat ကနေ သူ့ရဲ့ Selfie ဗီဒီယိုတွေကို တင်ခဲ့ပါတယ်။

အဲဒီ အမေရိကန်နိုင်ငံရေးသမားတွေ ဟာ ၂၀၂၀ ပြည့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှု ပြုလုပ်ချင်လည်း ပြုလုပ်ကြပါလိမ့်မယ်။ ယှဉ်ပြိုင်ခြင်း မပြုဘဲနေချင် နေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး သူတို့ရဲ့ ပရိုဖိုင်းတွေကို တင်နေကြပါတယ်။ အဲဒီလို ပြုလုပ်ခြင်းအား ဖြင့် မဲဆန္ဒရှင်အသစ်တွေကို ရရှိနိုင်မှာဖြစ်သလို ဒေါ်လာသန်းချီပြီးတော့ အလှူငွေတွေကိုလည်း သဲ့ယူနိုင်ပါတယ်။ အဲဒီလို အွန်လိုင်းကနေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာဘဝတွေကို မျှဝေခြင်းဟာ သတ္တိကောင်းတဲ့ လုပ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ သူတို့တစ်တွေအနေနဲ့ ကတိကဝတ်တွေကိုလည်း ပေးရမှာဖြစ်ပြီး တစ်ခါတစ်ရံမှာ မထင်မှတ်ဘဲနဲ့ အန္တရာယ်တွေ ကြုံတွေ့နိုင်ပါတယ်။

ဒီမိုကရက်တစ် ဥပဒေအမတ်သစ်တွေ နဲ့ လက်တစ်ဆုပ်စာသော စီးပွားရေးကျွမ်းကျင်တဲ့ ၀ါရင့်လွှတ်တော်အမတ်ကြီးတွေက လူမှုမီဒီယာ မဟာဗျူဟာသစ်တွေဟာ လာမယ့် ရွေးကောက်ပွဲကျရင် ဒေါ်နယ်ထရန့်ကို  အနိုင်မရအောင် ဟန့်တားနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ ဒစ်ဂျစ်တယ်ခေတ်ဟာ အင်မတန်မှ ပွင့်လင်းမြင်သာတဲ့ အခြေအနေတစ်ရပ်ကို ထုတ်ဖော်ပြသနေပါတယ်။ အဲဒီအတွက် တချို့သော နိုင်ငံရေးသမားတွေ ဟာ ဒစ်ဂျစ်တယ်ခေတ်ရဲ့ နည်းပညာရပ်တွေကို နှစ်သက်နေကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ခန့်က အသက် ၂၉ နှစ်အရွယ်ရှိ နယူးယောက်မြို့သား ဒီမိုကရက်တစ်အမတ် အလက်ဇန္ဒရီယားအိုကာဆီယိုကော်တက်ဟာ Twitter မှာ Follower ၂.၃ သန်း ရှိပါတယ်။ သူ့ရဲ့ Instagram ကနေပြီး ဓာတ်ပုံနဲ့ ဗီဒီယို ၁.၇ သန်း မျှဝေနိုင်ခဲ့ပါတယ်။ အိုကာဆီယိုကော်တက်အနေနဲ့ သူ့ရဲ့ မူဝါဒတွေကို တင်တဲ့နေရာမှာ စိတ်ဝင်စားအောင်ဆိုပြီး သူမရဲ့ ကခုန်နေတဲ့ပုံတွေ၊ ထမင်းဟင်းချက်နေတဲ့ပုံတွေကိုပါ တင်ခဲ့ပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ ဒီပုံတွေဟာ သိပ်ပြီးထူးဆန်းမှုမရှိဘူးလို့ ဆိုရပေမဲ့ အိုကာဆီယိုကော် တက်အနေနဲ့ တခြားသူတွေကို မိမိတို့ရဲ့ဘဝခရီး ဖြတ်သန်းနေပုံ မျှဝေပေးနေတယ်ဆိုတာကို သိရှိလာကြပါတယ်။

၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ ဒစ်ဂျစ်တယ်ခေတ်ရဲ့ အားသာချက်တွေကို အသုံးပြုကြရတော့မှာဖြစ်ပါတယ်။ တကယ်လို့ အွန်လိုင်းကို ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား မပြုလုပ်ဘူးဆိုရင် ရွေးကောက်ပွဲမှာ ရလဒ်သုညပဲဖြစ်လိမ့်မယ်လို့ ၂၀၁၆ ခုနှစ်တုန်းက ဒီမိုကရက်တစ်ပါတီကနေပြီး သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့ တဲ့ ဟီလာရီကလင်တန်ရဲ့ အကြံပေးဖြစ်တဲ့ အဒမ်ပါ့ခ်ဟိုမန်ကိုက ပြောကြားခဲ့ပါတယ်။ သူက အေအက်ဖ်ပီနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေးကမ်ပိန်းမှာ အွန်လိုင်းဟာ အရေးအကြီးဆုံး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အွန်လိုင်းကနေ ပုဂ္ဂိုလ်ရေး အမှတ်တံဆိပ်ရရှိဖို့အတွက် လုပ်ဆောင်ခြင်းကို နိုင်ငံရေးသမားတွေက လက်ခံထားကြပါတယ်။ အထူးသဖြင့် ၂၁ ရာစုမှာ လူလားမြောက်ခဲ့တဲ့ လူတွေအနေနဲ့ အွန်လိုင်းဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြုထားကြပါတယ်။ နိုင်ငံရေးသမားတွေအနေနဲ့ သူတို့ပေးချင်တဲ့ မက်ဆေ့ချ်ကို အွန်လိုင်းကနေ ပေးနိုင်ပြီး အလုပ်လည်း ဖြစ်ပါတယ်လို့ ပါ့ခ်ဟိုမန်ကိုက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ သမ္မတထရန့်ကိုယ်တိုင်က Twitter ကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုနေပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်း မှာ ပြောင်းလဲမှုတွေ ကြီးကြီးမားမား ဖြစ်လာခဲ့ပါတယ်။ မိမိ သဘောကျတဲ့သူကို ထောက် ခံမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါတင်မကဘူး၊ မိမိ ဆက်သွယ်ချင်တဲ့သူတွေကို အွန်လိုင်းကနေ ဆက်သွယ်နိုင်ပါတယ်။ ဒါ့အပြင် ဆိုင်မှာ စျေးဝယ်တာဖြစ်ဖြစ်၊ ဆရာဝန်ကို တွေ့တာ ပဲဖြစ်ဖြစ် အွန်လိုင်းကနေ လုပ်ဆောင်နိုင်ပါတယ်လို့ ပါ့ခ်ဟိုမန်ကိုက ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သွားဆရာဝန် ဒိုင်ယာနာနဲ့ အတူ တွေ့နေပါပြီ” လို့ အိုရူကီက Instagram ကနေ ဗီဒီယိုတင်လိုက်ပါတယ်။ လောလောဆယ် သူ့မှာ Follower ၇၆၀၀၀၀ ရှိနေပါ တယ်။ အသက် ၄၆ နှစ်ရှိနေတဲ့ အိုရူကီကို သွားဆရာဝန်က သွားနုတ်ပေးတဲ့ပုံကို တွေ့ရှိနိုင်ပါတယ်။

ဥပဒေပြုအမတ်အချို့ကတော့ သူတို့အကြောင်းကို ထုတ်ဖော်ပြောခြင်း မရှိကြပါဘူး။ ဒါပေမဲ့ မျိုးဆက်သစ်ဥပဒေပြုအမတ်တွေ၊ နိုင်ငံရေးသမားတွေကတော့ Twitter တွေ၊ Follower တွေကို အသုံးပြုပြီး သူတို့ရဲ့ လူနေမှုဘဝပုံရိပ်တွေကို တင်ထားကြပါတယ်။

အွန်လိုင်းမှတစ်ဆင့် မိမိရဲ့ လူနေမှုဘဝကို ပွင့်လင်းမြင်သာမှုရှိအောင် မခြွင်းမချန် ပြောဆိုခြင်းဟာ အန္တရာယ်ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ Instagram ကနေပြီးတော့ ဘီယာသောက်နေ ပုံကို တင်ခြင်းဟာ စွန့်စားရာရောက်တယ်ဆိုပြီး မိမိရဲ့ အရေးပါမှုနဲ့ သြဇာတိက္ကမရှိမှုကို ထိခိုက်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

လူမှုမီဒီယာတွေဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သြဇာကြီးမားတဲ့ ဒစ်ဂျစ်တယ်ချန်နယ် တစ်ခုအဖြစ် တည်ရှိ ခဲ့ပါတယ်။ လူမှုမီဒီယာတွေဟာ ပါတီတွေနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေက မဲဆန္ဒရှင်တွေကို အွန်လိုင်းကနေပြီး သဘောထားအမြင်တွေ မျှဝေတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ မိမိကို ထောက်ခံတဲ့သူတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ အနေအထား ဖြစ်စေပါတယ်။ ဒါ့အပြင် နိုင်ငံရေး ကိစ္စတွေကို လည်း ဆွေးနွေးနိုင်ကြပါတယ်။ လူမှုမီဒီယာကို အလွဲသုံးစားလုပ်ပြီး သတင်းတုတွေ ပေးဝေခြင်းနှင့် ပုဂ္ဂိုလ်ရေးကြေညာခြင်းတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဘေးထွက်ဆိုး ကျိုးတွေရှိတယ်ဆိုပေမဲ့ နိုင်ငံရေးမှာ အွန်လိုင်းမှာ မီဒီယာသစ်တစ်ခုအနေနဲ့ အဓိက အခန်းကဏ္ဍက ပေါ်ထွက်ခဲ့ပါတယ်။

မီဒီယာသစ်ထွက်ပေါ်လာခြင်းကြောင့် ယခင်ကတည်ရှိတဲ့ နိုင်ငံရေးမီဒီယာစနစ်ဟာ ရှုပ်ထွေးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ပင်မရေစီး မီဒီယာတွေနေရာမှာ အင်တာနက်၊ Twitter နဲ့ Instagram တွေ အစားထိုး ဝင်ရောက်ခဲ့ပါတယ်။ မီဒီယာသစ်ဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီကို လျင်မြန်စွာ ရောက်ရှိစေပါတယ်။ မီဒီယာသစ်ဟာ လူတစ်ယောက်ချင်းစီ သိရှိလိုတဲ့ သတင်းအချက် အလက်တွေကို တိုက်ရိုက်ပို့ဆောင်နိုင်တဲ့အ တွက် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ ကဏ္ဍက ရှိစေခဲ့ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်သစ်နဲ့ သူ့ရဲ့မူဝါဒကို လျင်မြန်စွာ သိရှိနိုင်စေပါတယ်။

ပင်မရေစီး မီဒီယာကတော့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ်လေ့လာပြီး ထုတ်ပြဝေဖန်မှုတွေ ပြုလုပ်ပေမယ့် မီဒီယာသစ်လို့ခေါ်ရမယ့် အွန်လိုင်းမီဒီယာကတော့ သတင်းသက်သက်မျှကိုပဲ ထုတ်ဖော်ပြတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။ သာမန်  ပြည်သူအများစုကတော့ မီဒီယာသစ်လို့ဆို ရမယ့် အွန်လိုင်းမီဒီယာကို အသုံးပြုမှုမြင့်တက်နေသလို နိုင်ငံရေးသမားတွေနဲ့ ဥပဒေပြု လွှတ်တော်အမတ်တွေကလည်း အားကောင်းလာတဲ့ လူမှုမီဒီယာကို လက်နက်တစ်ခုအဖြစ် အသုံးပြုလာကြပါတယ်။

Most Read

Most Recent