အရေးအသား သုံးခု

အရေးအသား သုံးခု
 Photos : News. psu. edu
Photos : News. psu. edu
Published 16 January 2019
နေမျိုး

ရေတွင်းပျက်ကြီး

သူဟာ နေအိမ်ကနေ ခပ်ဝေးဝေးကို သွားရတဲ့ ရေတွင်းပျက်ကြီးရှိရာဆီ မကြာခဏ ရောက်ရောက် လာတတ်တယ်။ သူဟာ ရေတွင်းပျက်ကြီးကို ငုံ့ကြည့်တယ်။ ရေတွင်းပျက်ကြီးဟာ ဟိုးအောက်ဘက်ဆီအထိရောက်ပြီး မည်းမှောင်အေးစိမ့်နေသလိုပဲ ထင်မှတ်ရတယ်။ ရေတွင်းပျက်ကြီးထဲမှာ အုတ်ရိုးအင်္ဂတေနဲ့ ရေညှိတွေကို နေသာတဲ့အချိန်မှာ မြင်ရတတ်တယ်။ ရေတွင်းပျက်ကြီး အောက်ခြေဟာ ညိုလို့။ ရေတွင်းပျက်ကြီးထဲက ရေတွေထဲမှာ ဘယ်လိုပိုးမွှားသတ္တဝါတွေ ရှင်သန်နေထိုင်ကြမှာလဲလို့  သူဟာ စဉ်းစားကြည့်ဖူးတယ်။ ရေတွင်းပျက်ကြီးဆီက အိမ်အပြန်လမ်းတစ်လျှောက်မှာ မည်းမှောင်စိမ်းညိုနေတဲ့ ဟိုးအောက်ဘက်က ရေပြင်ကို သူမြင်လာရပြန်တယ်။ ရေတွင်းပျက်ကြီး သိပ်နက်တယ်ထင်ရတော့ ကမ္ဘာရဲ့ အောက်ခြေကြမ်းပြင်ဆီအထိ ရောက်နေမလားလို့ တွေးတယ်။ ပြီးတော့ နက်ရှိုင်းတဲ့အောက်ဘက်ရေပြင် စိမ်းစိမ်းညိုညိုထဲမှာ ရှင်သန်နေထိုင်နိုင်တဲ့ သက်ရှိသတ္တဝါ ရှိနေနိုင်မှာ သေချာတယ်လို့ သူစဉ်းစားတယ်။ သူဟာ ရေတွင်းပျက်ကြီးဆီက ပြန်လာတိုင်း လမ်းတစ်လျှောက်မှာ ကိုယ်တိုင်က အာကာသဟင်းလင်းပြင်ရဲ့ ကြမ်းပြင်ပေါ်မှာ ရွေ့လျားနေရသူလို ထင်မှတ်လာတယ်။ တကယ်တော့ အာကာသဟင်းလင်းပြင်ရဲ့ ကြမ်းပြင်ဆိုတာ မည်ကာမတ္တတစ်ခုပါ။ ဒါပေမဲ့ သူရေတွင်းပျက်ကြီးဆီက ပြန်လာတော့ ညနေဟာ မှောင်ရီပျိုးပြီး ကြယ်ပွင့်မှုန်မှုန်ကလေးတွေကို ညနေခင်း ကြယ်နဲ့အတူ သူမြင်ရပြီ။ အဆုံးအစမဲ့ အာကာသဟင်းလင်းပြင်ရဲ့ ကြမ်းပြင်မှာ သူလမ်းလျှောက်နေတာပါ။ ရေတွင်းပျက်ကြီးရဲ့ အောက်ဘက် စိမ်းစိမ်းညို့ညို့ ရေပြင်ထဲမှာ မသိနိုင်တဲ့ ရေနေသတ္တဝါမျိုးစိတ်တွေ ကူးခတ်ကြသလိုလေ။ သူဟာ ရေတွင်းပျက်ကြီးဆီက အိမ်ကိုပြန်လာတိုင်း နောက်တစ်ကြိမ် ပြန်လာဖို့ ရေတွင်းပျက်ကြီးက ခေါ်ငင်နေသလိုပါပဲ။ ရေတွင်းပျက်ကြီးရှိတဲ့ နေရာဟာ ဒုတိယကမ္ဘာစစ်အတွင်းက လူတွေသောက်သောက်လဲ သေဆုံးခဲ့ကြတဲ့နေရာ၊ အတုံးအရုံးသေဆုံးခဲ့ကြတဲ့နေရာလို့ သူကြားဖူး တယ်။ ရေတွင်းပျက်ကြီး ရှိတဲ့နေရာဟာ တစ်ချိန်က လူစည်ကားခဲ့တဲ့နေရာတစ်ခု။ အခုတော့ ဆူးကြမ်းပင်၊ မြက်ရိုင်းပင်နဲ့ ထိုးထိုးထောင်ထောင် သစ်သားငုတ်တို တချို့က လွဲလို့ ဘာမှမရှိ။ သူဟာ လက်ရှိနေအိမ်ကိုရောက်တော့ တစ်ညလုံး ရေတွင်းပျက်ကြီး အကြောင်းကိုပဲ စဉ်းစားနေမိတယ်။ လူတွေဟာ ဘာကြောင့် ဒီနေရာကို စွန့်ခွာသွားကြပါလိမ့်လို့ စဉ်းစားကြည့်ပေမဲ့ သင့်လျော်ကောင်းမွန်တဲ့အဖြေကို မရပါဘူး။ သူဟာ လက်ရှိနေအိမ်မှာ သူ့အလုပ်ကို သူလုပ်တယ်။ သူ့အလုပ်က သတ်မှတ်ထားတဲ့ လောင်ဂျီတွဒ်-လတ္တီကျု မျဉ်းထဲမှာရှိတဲ့ မြေပြင်အနေအထား အပူအချိန်နဲ့ ရာသီဥတုကို စူးစမ်းလေ့လာဖို့၊ ပထဝီဝင်အနေအထားကို မှတ်တမ်းတင်ဖို့ပါ။ သူဟာ ရက်အနည်းငယ်ကြာတော့ ရေတွင်းပျက်ကြီးဆီကို ရောက်လာခဲ့ပြန်တယ်။ ရေတွင်းပျက်ကြီးဆီကို သူမလာဘဲမနေနိုင်ဘူး။ သူ့မှာ သုံးခဲထိုး လက်နှိပ်ဓာတ်မီးတစ်လက် ပါလာတယ်။ သူဟာ စိမ်းညို့နေတဲ့ ရေတွင်းပျက်ကြီးကို ငုံ့ကြည့်ပြီး လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်တယ်။ အလင်းရောင်က တောက်ပထိုးကျသွားတယ်။ “ဘုရားရေ” အောက်ဘက်ကြမ်းပြင်ကို မမြင်ရပါသလား။ လက်နှိပ်ဓာတ်မီးကို ဝေ့ဝဲလိုက်တော့ အင်္ဂတေအုတ်ဆွေးနဲ့ ရေညှိတချို့ကို မြင်ရတယ်။ သူဟာ ရေတွင်းပျက်ကြီးကို ငုံ့ကြည့်နေမိတုန်းပဲ။ လက်နှိပ်ဓာတ်မီးကိုတော့ ပိတ်လိုက်ပြီ။ အဲဒီအချိန် အမှောင်ထဲမှာ တစ်ခုခုရှိနေသလို သူမြင်ရသလိုလိုပဲ။ သူဟာ ငုံ့ကြည့်နေရာက မတ်မတ်ပြန်ရပ်လိုက်တယ်။ ရေတွင်းပျက်ကြီးကို ကျောပေးပြီး အပေါ်ကိုမော့ကြည့်လိုက်တယ်။ ညနေခင်း ကြယ်ကို သူမြင်ရတယ်။ သူဟာ ညနေခင်းကြယ်ကို ရေတွင်းပျက်ထဲကနေ မြင်နေရတာပါ။ ညနေခင်းကြယ်ဟာ ပြာမှိုင်းမှိုင်းမိုးကောင်းကင်ထက်မှာ အလင်းဖျော့ဖျော့နဲ့။ သူ့ရဲ့နောက်ဆုံးမြင်တွေ့လိုက်ရတဲ့မြင်ကွင်းလေ။

နေမျိုး

၁၃-၁-၂၀၁၉

 

ကြော်ငြာ

သား အမြန်ပြန်လာ။ မင်းအသက်လည်း မငယ်တော့ဘူး။ ၈၀ ထဲရောက်ပြီ။ လိမ္မာပါ။ အမေ့ကို သနားပါ။

ပုံ

အမေ။

ဒီည စာရေးမယ်ဆိုပြီး စဉ်းစားနေတာ။ ခေါင်းထဲ ရှိနေတာ၊ သိမ်းထားတာကလေးတွေ ချရေးလိုက်တယ်။ အိမ်ကထွက်သွားတဲ့ သားကို ပြန်လာဖို့ သတင်းစာမှာ ကြော်ငြာထည့်တဲ့ စာသားပါ။ မင်းအသက်လည်း မငယ်တော့ဘူး။ ၈၀ ထဲ ရောက်ပြီတဲ့ အမေ့ကိုသနားပါ။ ပုံ အမေတဲ့။ အမေက အသက် ၂၀ ကျော် ၃၀ ဝန်းကျင်။ ဒီလို ဇာတ်လမ်းမျိုးက ရေးရခက်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ရေးလို့  တည့်သွားရင်လည်း ပြီးပြီလေ။ ဘီယာဆိုင်ထဲမှာ ထိုင်နေတဲ့သားက အသက် ၈၀။ အမေ (အသက် ၂၀ ကျော်  ၃၀ ဝန်းကျင်)က သူ့သားကို ငေါက်ငမ်းပြီး ဘီယာဆိုင်ထဲက ခေါ်ထုတ်လာတာ။ သားသူငယ်ချင်းတွေက သတင်းစာထဲက ကြော်ငြာကို ကြည့်ရင်း ကျန်ရစ်ခဲ့တယ်။ မှန်ပါတယ်။ ယုတ္တိမရှိဘူး။ ဘယ်လိုလုပ်မလဲ။ ကာလယန္တရားကို ပြောင်းပြန်လှန် သက်ရောက်ပုံနဲ့  ရေးရင်ယုတ္တိရှိမလား။ ဒါဟာ ခက်ခဲနိုင်တယ်။ အချိန်အကြောင်း ကျွန်တော်နည်းနည်း စဉ်းစားကြည့်ဖူးတယ်။ ကဗျာတစ်ပုဒ်တောင် ရေးဖူးရဲ့။ ဘယ်ဘက်လက်နဲ့ထိရင် ခေတ်ဆန်ခြင်းဖြစ်စေ၊ ညာဘက်လက်နဲ့ ထိရင်ရှေးကျခြင်းဖြစ်စေတဲ့ လက်နှစ်ဖက်နဲ့ လူတို့ကမ္ဘာမြေမှာ အမှတ်သညာတွေကို ရွှေ့ပြောင်းကစားတတ်သူ အချိန်ကာလတဲ့။ မှန်ပါတယ်။ အခု ကျွန်တော့်ကို သူက ဘယ်ဘက်လက်နဲ့ ထိထားတယ်။  “အမေကလည်းဗျာ” လို့ သားက သူ့အမေကို ပြန်ပြောလိုက်တယ်။ အမေက သားသူငယ်ချင်းတွေကို ပြောလိုက်တယ်။ “မင်းတို့ ငါ့သားကို မဖျက်ဆီးနဲ့” ။ ယုတ္တိရှိဖို့က မလွယ်ဘူးဗျာ။ မတတ်နိုင်ဘူး။ မြင်တဲ့အတိုင်းပဲ။ သားသူငယ်ချင်းတစ်ယောက်က ၈၀ ကျော် ၉၀ တွင်း။ အိုင်းစတိုင်းရဲ့ နှိုင်းရဓမ္မသီအိုရီကို နည်းနည်းလောက် ဖတ်ထားရရင်တော့မဆိုး။ အချိန်၊ အာကာသနဲ့ နေရာအကြောင်း သူရှင်းပြချက်တွေက အံ့သြစရာ။ ဒီကမ္ဘာမှာ အဲဒီသီအိုရီကို နားလည်သူက ဆယ်ယောက်တောင်မပြည့်ဘူးတဲ့။ အဲဒီသီအိုရီကို နားလည်တဲ့ စာရေးဆရာထဲက ဘာထရန်ရပ်ဆဲလ်တစ်ယောက်ပဲ ရှိတယ်တဲ့။ သားသူငယ်ချင်းတွေဟာ ဆိုင်ထဲမှာ ကျန်ရစ်ခဲ့ပေါ့။ သားဟာ သူ့အမေနားမှာ ခပ်ရို့ရို့နဲ့ ပါသွားတယ်။ ဒီလိုနဲ့ ဒီအဖြစ်အပျက်ကို နှစ်တွေကြာတော့ လူတွေ မေ့သွားတယ်။ အခုဆို အမေက အသက် ၂၀ လောက်ပဲ။ ဒါကြောင့် ကျွန်တော်ပြောနေတာပေါ့။ ယုတ္တိရှိဖို့ မလွယ်ဘူးလို့။ တဖြည်းဖြည်းနဲ့ နှစ်တွေကြာတော့ အမေက အသက်က ငယ်ငယ်သွား။ သားအသက်က တဖြည်းဖြည်းကြီးကြီးလာ။ ဒုက္ခပါပဲ။ ကျွန်တော်က မြန်မာပြည်က မအောင်မြင်သေးတဲ့ စာရေးဆရာတစ်ယောက်မျှသာ။ ဘာထရန်ရပ်ဆဲလ် မဟုတ်။ အိုင်းစတိုင်းရဲ့ နှိုင်းရဓမ္မသီအိုရီရဲ့သော့ချက်က E= mc2 တဲ့။ ဘယ်လိုလုပ် ကျွန်တော် နားလည်နိုင်မှာလဲ။ ဒါပေမဲ့ ပျော်ရွှင်မှုနဲ့ သောကဟာ အပြန်အလှန် ဆက်စပ်နေတယ်ဆိုတာ ကျွန်တော်ပြောနိုင်ပါတယ်။ နုပျိုခြင်းနဲ့ အိုမင်းခြင်းဟာ ဆက်စပ်နေတယ်ဆိုတာ ကျွန်တော်ရှင်းပြနိုင်ပါတယ်။ ချစ်မေတ္တာပါပဲ။ ချစ်မေတ္တာနဲ့ မုန်းတီးမှုဟာ အတူတကွ မွေးဖွားကြီးပြင်းလာတယ်လို့ ကျွန်တော် ဥပမာပေးနိုင်ပါတယ်။ နိဗ္ဗာန်နဲ့ ငရဲဆိုတာကတော့ လူတိုင်းသိပြီးသားလေ။ နှစ်ကာလတွေက ကျွန်တော့်ကို ၀ါးမျိုသွားမှာ။ အဲဒီအခါ ကျွန်တော် မရှိနိုင်တော့။ အနုပညာ ဆိုတာကတော့ ကျန်ရစ်ကောင်းကျန်ရစ်လိမ့်မယ်။ စိတ်မရှိပါနဲ့။ အမေ့ကိုသတိရလို့ ကျွန်တော် ရေးမိခဲ့တာ။

နေမျိုး

၁၃-၁-၂၀၁၉

 

မြို့သား

စာမရေးဖြစ်။ ညမှာ သီချင်းနားထောင်။ ငါကြိုက်တဲ့သီချင်းကို ပြန်ပြန်ရစ်ပြီး နားထောင်။ ညမိုးချုပ်တော့ အိပ်ရာဝင်။ မနက်ကို အစောကြီးနိုး။ မထသေးဘဲ ပြန်အိပ်။ နေမြင့်တဲ့ထိ အိပ်။ ကော်ဖီဆိုင်သွား။ မနက်စာ စား။ ငါ ဘာမှ အထွေအထူးလုပ်စရာမရှိ။ ငါက အခုသားတွေဆီမှာ။ ငါ ငှားတဲ့ တိုက်ခန်းကို သွားမအိပ်ဖြစ်။ တိုက်ခန်းက နွေးတယ်။ ငါတစ်ကောင်တည်း အိပ်စက်တဲ့ တိုက်ခန်းမှာ တိတ်ဆိတ်မှုဟာ ညအခါအခန်းထဲမှာ နေရာအနှံ့လျှောက်သွား။ အခု ငါရောက်နေတာ ခြောက်ထပ်။ ရေနည်းနည်းပဲရှိ။ ငါက ရေအများကြီး သောက်လေ့ရှိသူ။ ငါက ရေကြိုက်နှစ်သက်သူ။ ခြောက်ထပ်ကို တဖြည်းဖြည်းတက်ရ။ အခန်းကို ရောက်တော့ ငါ မောနေ။ အဲဒီအချိန်ဟာ လူ့ဘဝရဲ့ ဖြစ်စဉ်တွေကို စဉ်းစားမိတဲ့အချိန်တွေ။ ငါက ဖီလော်ဆော်ဖာ တစ်ယောက်တော့မဟုတ်။ ငါက ဖီလော်ဆော်ဖာတွေကို လေးစားသူမျှ။ ဖီလော်ဆော်ဖာတွေ ပြောပြချက်တွေကို ငါနှစ်သက်လေ့ရှိ။ အိုးဗစ်က ပြောတယ် “တို့ နှစ်ယောက်ဟာ လူအုပ်ကြီးဖြစ်တယ်” တဲ့။ ငါ ကြက်သီးထရ။ ငါ ခြောက်လွှာဝရန်တာကနေ ဟိုးတစ်ဘက်ကို မျှော်ကြည့်။ နေလုံးဟာ အနောက်ဘက်ထဲကို တဖြည်းဖြည်း ဝင်ရောက်သွား။ ဆည်းဆာချိန် မိုးကောင်းဟာ နီးမြန်းနေ။ နေဝင်ချိန်။ ဗလီက ဝတ်တက်သံ ကြားရ။ ငါ နားစိုက်ထောင်မိ။ ဆောက်လက်စ တိုက်ကြီးကငြိမ်သက်။ အလုပ်သမားတွေ မရှိတော့ တိတ်ဆိတ်လို့။ ဓမ္မာရုံက ပဋ္ဌာန်းရွတ်သံကြားရ။ ငါ နားစိုက်ထောင်မိ။ အခု ငါရောက်နေတာ မြို့လယ်ကောင်။ အထပ်မြင့်မြင့်မှာ ငါ့ဘာသာ တိတ်ဆိတ်ရ။ ညထဲ စျေးသည်တွေဖြတ်သွား။ သူတို့အော်သံတွေ ငါ ကြားရ။ မြို့ဟာ နီယွန်မီးတွေနဲ့။ မြို့ဟာ ဝတ်ကောင်းစားလှနဲ့။ မြို့ဟာ အဖော်နဲ့အပေါင်းနဲ့။ မြို့ဟာ နာပျော်ဖွယ် သီချင်းတွေနဲ့။ မြို့ဟာ လင်းနေတဲ့ ကြော်ငြာတွေနဲ့၊ မြို့ဟာ ဆောင်းတွင်းကြီး  ရေခဲမုန့်နဲ့ မင်္ဂလာ ဆောင်တဲ့ ဇနီးမောင်နှံကို နွေးအောင်မွေ့သိပ်ထားတယ်။

နေမျိုး

၁၃-၁-၂၀၁၉

 

 

Most Read

Most Recent