ကဘူးမြို့ရှိ မိမိခြံဝင်းထဲမှာရပ်ပြီး မိုဟာမက်ကိုချီသည် ရေတွင်းအသစ်ကို ငုံ့ကြည့်လျက်ရှိပါတယ်။ ရေတွင်းဟာ အနက်မီတာ ၁၀၀ ရှိနေပါတယ်။ မီတာ ၁၀၀ အနက်ရောက်တဲ့အထိ ရေမတွေ့ရသေးပါဘူး။ ရေရှားပါးမှုကို ကြုံနေရတာ ကိုချီတစ်ယောက်တည်း မဟုတ်ပါဘူး။ မိုးခေါင်ရေရှားမှုဒဏ်ကို တခြားသူတွေလည်း ခံနေကြရပါတယ်။ အာဖဂန်နိုင်ငံရဲ့ ရေကြောလို့ဆိုရမယ့် ကဘူးမြို့ဟာ ယခုအခါမှာတော့ ရေရှားသထက် ရှားနေပါတယ်။
ရေရှားမှုပြဿနာ မြင့်တက်လာတာနဲ့ အမျှရေတွင်းတွေကိုလည်း လူတိုင်းလိုလိုက တူးနေကြပြီဖြစ်တာကြောင့် မြေအောက်မှာရှိတဲ့ ရေကြောတွေ ပျောက်ဆုံးလုမတတ်ဖြစ်နေပါတယ်။ မီတာ ၁၀၀၊ ၁၂၀ လောက်မှ ရေကြောတွေ့ရတတ်ပါတယ်။ အိမ်တိုင်းလိုလို ရေတွင်းတွေ တူးနေကြပါတယ်။ အဲဒီအတွက် ရေတွင်းတူးတဲ့သူတွေ အလုပ်နဲ့လက်နဲ့ မပြတ်ခဲ့ပါဘူး။
စက်ရေတွင်းတူးတဲ့ မိုဟာမက်အီမန်ဆိုရင် ရေတွင်းတူးတဲ့အလုပ်ကို မနေမနား လုပ်ဆောင်နေရပါတယ်။ ကဘူးမြို့ မြေအောက်မှာ ရေကုဗမီတာသန်း ၈၀ ခန့်ရှိတယ် လို့ ခန့်မှန်းထားပေမယ့် လိုအပ်တာထက်ပိုပြီး တူးနေတဲ့အတွက် ရေရရှိရေးဟာ ထင်သလောက် မလွယ်ကူတော့ပါဘူး။
မကြာသေးမီကာလက ရေကြောဟာ မြေအောက် ၃၀ မီတာခန့် နိမ့်ကျသွားတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်မှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ရှန်နီကမ်ဘဲလ်က ပြောကြားခဲ့ပါတယ်။ ရေရှားမှုရဲ့အဓိကအကြောင်းရင်းတစ်ခုက လူဦးရေ မြင့်တက်လာမှုဖြစ်ပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုကလည်း ရေရှားပါးမှုကို ဖြစ်စေပါတယ်။ မိုးနည်းပါးလာတာ၊ နှင်းခဲတွေ ကျဆင်းမှုလျော့နည်းလာတာဟာ ရေဓာတ်ကို လျော့နည်းစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။
ကဘူးမြို့မှာရှိတဲ့ ပြည်သူတွေထဲမှာ ရာခိုင်နှုန်း ၂၀ ကပဲ ပိုက်လိုင်းကနေ စနစ်တကျ ရေအသုံးပြုနေကြပါတယ်။ ကျန်ပြည်သူတွေကတော့ မိမိတို့ခြံဝင်းတွေထဲမှာ ရေတွင်းတွေ တူးဖော်အသုံးပြုနေကြပါတယ်။ ရေတွင်း မတူးဖော်နိုင်တဲ့သူတွေကတော့ ရေတွင်းပိုင် ရှင်တွေဆီထံကနေ အကူအညီတောင်းခံနေကြရပါတယ်။ တချို့ကတော့ ရေရောင်းချတဲ့ ကုမ္ပဏီတွေကနေ ရေတွေကို ဝယ်ယူအသုံး ပြုနေရပါတယ်။
အစိုးရက ရေကန်တွေ၊ ရေလှောင်ကန်တွေကတစ်ဆင့် ရေတွေ ပေးဝေနေကြပါတယ်။ ကဘူးမြို့တစ်ဝှမ်းမှာ အများပြည်သူသုံး ရေဘုံဘိုင်ကြီးတွေ ၄၀၀ ခန့်ရှိနေပါတယ်။ အဲဒီကနေတစ်ဆင့် ရေပုံးတွေထဲမှာ ရေတွေခပ်ပြီး နေအိမ်ကို ကားတွေ၊ လှည်းတွေနဲ့ သယ်ဆောင်ကြရပါတယ်။ ဒါပေမဲ့ ရေဘုံဘိုင်တွေမှာ ရေပြတ်လပ်နေတဲ့အတွက် အခက်အခဲတွေ ကြုံနေရကြောင်း၊ ယခုနှစ်ဟာ ရေပြတ်လပ်မှု အဆိုးရွားဆုံးဖြစ်ကြောင်း အသက် ၅၀ အရွယ်ရှိ နာဆီက ပြောကြားခဲ့ပါတယ်။
ကဘူးမြို့မှာ သုံးရေရှားပါးမှုကြုံတွေ့နေရတဲ့အပြင် သောက်သုံးရေဟာလည်း မလုံလောက်ပါဘူးလို့ အမျိုးသားပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီမှ တာဝန်ရှိသူများက မှတ်ချက်ပေးခဲ့ပါတယ်။ မြို့ရဲ့မြေအောက်ရှိ ရေတွေရဲ့ ရာခိုင်နှုန်း ၇၀ ဟာ အညစ်အကြေးတွေ၊ ဓာတုပစ္စည်းတွေနဲ့ ပြည့်နေပါတယ်။ စက်မှုလုပ်ငန်းတွေကနေ ဖိတ်စင်ကျလာတဲ့ အညစ်အကြေးတွေ၊ စွန့်ပစ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကနေ ပေါ်ပေါက်လာတဲ့ အညစ်အကြေးတွေကြောင့် မြေအောက်ရေတွေဟာ မသန့်ရှင်းဘဲ သောက်သုံးတဲ့ ပြည်သူတွေအတွက် ကာလဝမ်းရောဂါတွေ ဖြစ်ပေါ်စေပါတယ်။
မြို့စည်ပင်သာယာအဖွဲ့က ရေပိုက်လိုင်းတွေကို ကွန်ရက်သဖွယ် ချိတ်ဆက်ပေး ဖို့ ကြိုးပမ်းနေသလို မြေအောက်ကတစ်ဆင့် သွယ်တန်းထားတဲ့ ပိုက်တွေကနေ သန့်ရှင်းတဲ့ သုံးရေ၊ သောက်ရေရအောင် စီစဉ်ပေးနေကြပါတယ်။ ဒါပေမဲ့ စည်ပင်သာယာအဖွဲ့ လုပ်ဆောင်ချက်တွေဟာ နှေးကွေးနေတယ်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်နေပါတယ်။
ကဘူးမြို့ရဲ့လူဦးရေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကထက် နှစ်ဆခန့် မြင့်တက်လာပြီး လူဦးရေငါးသန်းခန့်ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံဟာ စစ်ဒဏ်ခံရတဲ့အတွက် စစ်ဒဏ်သင့်ပြည်သူတွေဟာ နေရပ်တွေစွန့်ခွာပြီး ကဘူးမြို့ကို ပြောင်းရွှေ့လာမှုကြောင့် လူဦး ရေဟာ အဆမတန် မြင့်တက်လာရခြင်းဖြစ်ပါတယ်။ ၂၀၅၀ ပြည့်နှစ်ဆိုရင် ကဘူးမြို့ရဲ့ လူဦးရေဟာ ရှစ်သန်းအထိ ရောက်ရှိမယ်လို့ သက်ဆိုင်ရာအာဏာပိုင်များက ခန့်မှန်းထားကြပါတယ်။
ကဘူးမြို့မှာရှိတဲ့ ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း တိုးမြင့်အောင် လုပ်ဆောင်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။ ဆင်းရဲတွင်း နက်နေတဲ့ ပြည်သူတွေအဖို့ ကြုံရာကျပန်းအလုပ်တွေကို လုပ်နေကြရပါတယ်။ တချို့ ပြည်သူတွေဟာ တစ်ဝမ်းတစ်ခါးအတွက် မော်တော်ကား ရေဆေးရတဲ့အလုပ်တွေကို လုပ်နေကြရပါတယ်။
ကဘူးမြို့မှာ ရေပြဿနာကို အလေးအနက်ထားဖို့ လိုအပ်နေပေမယ့် စားဝတ်နေရေး အကျပ်အတည်းနဲ့ ကြုံနေရတဲ့ ပြည်သူတွေအဖို့ကတော့ သန့်ရှင်းတဲ့ရေ ရရှိဖို့အတွက် ရေကို ချွေတာဖို့၊ ရေလှောင်ကန်တွေကို လုပ်ဆောင်ဖို့ဆိုတဲ့အချက်တွေကို ဂရုမစိုက်ကြ ပါဘူး။ ရေရှားပါးတဲ့အတွက် မိုးမျှော်သူတွေက မျှော်ကြ၊ တချို့ကတော့ ဆောင်းရာသီကျ ရောက်တာနဲ့ ကောင်းကင်ပေါ်က ကျလာမယ့် နှင်းပွင့်တွေကို မျှော်နေကြပါတယ်။ သူတို့ဟာ မိုးကောင်းကင်ကိုကြည့်ပြီး ဆုတောင်းနေရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြပါဘူး။ တာလီဘန်တွေကလည်း မိုးရွာဖို့၊ ဝတ်ပြုဆုတောင်း နေရတဲ့ ဘဝမျိုး ဖြစ်နေပါတယ်။
ကဘူးမြို့ အာဏာပိုင်တွေကတော့ မိုးပေါ်က ကျလာမယ့် မိုးစက်တွေ၊ နှင်းပွင့်တွေကို မမျှော်လင့်လို့ မဖြစ်ပါဘူး။ မိုးခေါင်တာနဲ့အမျှ မြေတွေဟာ ပပ်ကြားအက်တွေ ဖြစ်လာပါတယ်။ တစ်ဆက်တည်းဆိုသလို သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်တွေလည်း ပျက်စီး လာခဲ့ပါတယ်။ မြေဆီမြေလွှာတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့နဲ့ လိုအပ်တဲ့အခါမှာ ရေအသုံးပြုနိုင်ဖို့အတွက် ရေလှောင်ကန်တွေ တည်ဆောက်ဖို့ဟာ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့တာဝန်ဖြစ်ပါတယ်။ ကဘူးအာဏာပိုင်တွေကတော့ မြို့ပြင်မှာ ရေလှောင်ကန်တွေ၊ ဆည်တွေ တည်ဆောက်ပြီး အဲဒီကမှတစ်ဆင့် ရေလိုအပ်တဲ့နေရာတွေကို ရေပိုက်တွေနဲ့ ပို့လွှတ်နိုင်ရေး စီစဉ်နေကြပါတယ်။
“အဲဒီလို လုပ်ဆောင်ဖို့ဆိုတာကတော့ နည်းပညာရပ် လိုအပ်နေပါတယ်။ ကုန်ကျ စရိတ်နည်းနည်းနဲ့ ထိရောက်မယ့် နည်းပညာရပ်တွေကို အသုံးပြုပြီး ရေရှားမှုကို ဖြေရှင်းဖို့ ကြိုးစားနေကြောင်း” တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ အာဖဂန်ပြည်သူတွေ ာ တော်လှန်ရေးတွေ၊ စစ်ပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် တာလီဘန်တွေ ကြီးစိုးမှုကိုလည်း ကြုံတွေ့ခဲ့ရပြီးပါပြီ။ သူတို့ရဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကိုလည်း ခံခဲ့ရပြီးဖြစ်ပါတယ်။
ပြည်သူတွေဟာ ယခုအခါမှာ စီးပွားရေး ကျဆင်းတဲ့ဒဏ်ကို ခံနေကြရတဲ့အချိန်မှာ ရေအသက် တစ်မနက်ဆိုသလို ဘဝရှင်သန် ရေးအတွက် မရှိမဖြစ်တဲ့ ရေပြဿနာကို အတတ်နိုင်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်နေပါတယ်။ ရေမရှိရင် ပြည်သူတွေရဲ့ အသက်ဟာလည်း ဆက်ဖို့မလွယ်ပါဘူး။ အဲဒီအခြေအနေဆိုး ကို ကြုံတွေ့နေရတဲ့ ကဘူးမြို့မှ အာဖဂန် ပြည်သူတွေဟာ မိုးကောင်ကင်ကို မော့ကြည့်ပြီး ဆုတောင်းမှုတွေကို မလုပ်လိုကြတော့ပါဘူး။