ကျွန်တော်ငယ်ငယ်က ဆံပင်ညှပ်ရမည်ကို အလွန်ကြောက်ပါသည်။ ကြောက်သည်မှာ ဆံသဆရာ၏ ဟန်ရေးပြ ကပ်ကြေးသံ တစ်ချပ်ချပ်ကို ကြားရုံမျှနှင့်ပင် အော်ငိုတတ်ဟုဆိုပါသည်။ တကယ်တမ်း အညှပ်ခံရသည့် အခါမျိုးများတွင်တော့ ဆိုဖွယ်ရာကိုမရှိတော့ပြီ။ ငိုသည်၊ အော်ဟစ်သည်၊ ရုန်းကန်သည်၊ တွန်းထိုး၊ ပုတ်ထုတ်သည်ဆိုသည်များက ကျွန်တော့်ကို ဆံပင်ညှပ်ပေးရသည့် အခါ ဆံပင်ညှပ်သမားများ ရင်ဆိုင်ရသည့် ဒုက္ခများပင်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ မည်မျှလောက်အထိ ဆံပင်အညှပ်ခံရဖို့အတွက် ငြင်းဆန်သည်ဖြစ်စေ တစ်လလျှင်တစ်ကြိမ်တော့ဖြင့် ဆံပင်များကို ညှပ်ရမြဲပင်ဖြစ်ပါသည်။
ရှည်လျား ဆန့်ထွက်လာကြသည့် ဆံပင်များအတွက် အနည်းဆုံး တစ်လလျှင်တစ်ခေါက်လောက်တော့ဖြင့် အဖေသည် ကျွန်တော့်အား ဆံပင်ညှပ်ဆိုင်သို့ခေါ်သွားမြဲ ဆံပင်ညှပ်ခိုင်းမြဲပင် ဖြစ်ပါသည်။ မှတ်မိ နေခဲ့ပါသေးသည်။ တစ်ခုသော ကျောင်းပိတ်ရက် တစ်ရက်တွင် အဖေသည် ဆံပင်ညှပ်ရန်အတွက် ကျွန်တော်အား ကျွန်တော်တို့ရပ်ကွက်ကလေးအတွင်းရှိ တစ်ဆိုင်တည်းသော ဆံပင်ညှပ်ဆိုင်ကလေးဆီသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ ဆံပင်ညှပ်ဆရာ ဦးလေးကြီးသည် ကျွန်တော့်ကို မြင်သည်နှင့် မျက်ခုံးကိုပင့်ပါသည်။ အဖေက “ဒုက္ခပေးမယ့်ကောင်တော့ ရောက်လာပြန်ပြီ ကိုဂျစ်တူးရေ” ဟု ဆိုပါသည်။
ဆံသဆရာဦးလေးကြီး၏ နာမည်မှာ ဂျစ်တူးဖြစ်ပြီး ဆံသဆိုင်ကလေး၏ နာမည်မှာလည်း ဂျစ်တူးပင်ဖြစ်ပါသည်။ ဂျစ်တူးဆံသဟုဆိုလိုက်လျှင် အမြဲတမ်းအောက်သိုးသိုး အနံ့တစ်မျိုး ထွက်နေတတ်သည့် ဦးဂျစ်တူး၏ ဆံသဆိုင်ကလေးကို ရည်စူးမှန်း ကလေးကအစ အကုန်သိပါသည်။ အထူးသဖြင့် ဆံပင်ညှပ်လျှင် အလွန်ညပ်သော စက်ကတ်ကြေးဖြင့် ညှပ်တတ်သော ဦးဂျစ်တူး၏ဆိုင်မှန်း ကလေးတိုင်းသိကြပါသည်။ ထိုနေ့က လည်း ထုံးစံအတိုင်း ဆံပင်ညှပ်လျှင် အလွန်ညပ်တတ်သည့် စက်ကတ်ကြေးကြီးဖြင့် ကျွန်တော့်ဦးခေါင်းပေါ်ရှိ ဆံပင်တို့အား ခရုကတ်ခေါ် တိုတိုကပ်ကပ်ဆံပင်ပုံစံတစ်မျိုး ရလာသည်အထိ ညှပ်ပါသည်။ ကျွန်တော်လည်း ဆံပင်ညှပ်သည်ကို သဘောမကျတတ်သည့် ကလေးတို့၏ ထုံးစံအတိုင်း တွန့်ပါသည်၊ လိမ်ပါသည်။ အငြိမ်မနေ စိန်ဖေဖြစ်ပါသည်။ ဦးဂျစ်တူးသည်လည်း ဘယ်ကစောင်း၍ တစ်သွယ်၊ ညာကဝိုက်၍တစ်မျိုး သူ့စိတ်တိုင်းကျ ဆံပင်ပုံစံမရမချင်း စိတ်ရှည်လက်ရှည်ဖြင့် ညှပ်ပါသည်။
ထိုသို့ဖြင့် မိနစ်၂၀ ခန့် ကြာပြီးသည့်နောက်မှာတော့ ဆံပင်ညှပ်ခြင်း၏ အဆုံးသတ် နောက်ဆုံးပန်းတိုင်ဖြစ်သည့် ဓားဖြင့်ရိတ်လှီးခြင်းအလှည့်သို့ ရောက်ရှိလာခဲ့ပါသည်။ ဦးဂျစ်တူးသည် သူ၏မျက်မှန်ကလေးအား အနည်းငယ်ပင့်တင်ကာ ဟိုလှုပ်ဒီယမ်းရှိနေသည့် ကျွန်တော့်၏ လည်ပင်း၊ နားရွက်နောက် အစရှိသည့် နေရာများကို သတိကြီးစွာထား၍ ဓားဖြင့်ရိတ်ပါသည်။ သို့သော် ကံဆိုးစွာပင် ဓားချက်တစ်ချက်သည် ကျွန်တော့်၏ နားရွက်နောက်ကြား အသားထဲသို့ အနည်းငယ် စိုက်ဝင်သွားခဲ့ပါသည်။ ကျွန်တော်လည်း တွန့်ခနဲဖြစ်ကာ အားခနဲတစ်ချက် အော်လိုက်မိပါသည်။ အဖေလည်း ဖျပ်ခနဲ ကျွန်တော့်အနားသို့ ရောက်လာခဲ့ပါသည်။ ဦးဂျစ်တူးသည်လည်း ဆတ်ခနဲ ပေါင်ဒါမှုန့်အချို့ဖြင့် ဓားထိသွားရာနေရာသို့ ထိုးသိပ်လိုက်ပါသည်။ ထိုသို့ဖြင့် ထိုနေ့ကဓားထိဒဏ်ရာတစ်ချက်ဖြင့် ကျွန်တော့်၏ ဆံပင်အညှပ်ခံခြင်းအမှုက ဆုံးခန်းတိုင်ခဲ့ပါသည်။ ဆံပင်ညှပ်ခြင်းအမှု ပြီးဆုံးသွားသော်လည်း ဓားထိဒဏ်ရာမှ နာကျင်မှုကတော့ အိမ်သို့ ပြန်ရောက်သည်အထိ စပ်ဖျဉ်း နာကျင်နေခဲ့ပါသည်။
အမှန်အတိုင်း ဝန်ခံရလျှင် ထိုစဉ်ကရရှိခဲ့သည့် ဒဏ်ရာအနာတရအတွက် ကျွန်တော်သည် ဦးဂျစ်တူးကို အပြစ်မြင်မိခဲ့ပါသည်။ ကျွန်တော်မကြိုက်သည့် အလုပ်ကို ပြုလုပ်သူအဖြစ်သာမက အသားကိုပါ နာကျင်အောင် ပြုလုပ်တတ်သူတစ်ယောက်အဖြစ် မှတ်မိသွားခဲ့ပါသည်။ (နောက်ထပ်တစ်ကြိမ် ဦးဂျစ်တူးထံတွင် ဆံပင်ညှပ်ရမည်ကို ခါးခါးသီးသီးပင် ငြင်းဆန်ခဲ့ပါသည်) ကျွန်တော်သာမက အိမ်သို့ ပြန်လည်ရောက်ရှိသည့်အခါ အမေသည် ကျွန်တော်ရရှိလာသည့် ဓားဒဏ်ရာကိုကြည့်၍ ဦးဂျစ်တူးကို မြည်တွန်တောက်တီးပါသည်။ ကျွန်တော့်အား ဂရုမစိုက်ရကောင်းလားဟူ၍ အဖေ့အား အပြစ်ဖို့ပါသည်။ တကယ်တော့ ထိုစဉ်က ကျွန်တော်တို့၏ ဖြစ်စဉ်ကို အမေမြင်တွေ့ခဲ့သည်မဟုတ်ပါ။ ဟုတ်ပါသည်။ အမေ မြင်တွေ့လိုက်ရသည်က ကျွန်တော့်နားရွက်နောက်မှ ဒဏ်ရာကိုသာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အမေမြင်တွေ့ရသည်က အမေ့ဘက်အခြမ်းမှ လက်ဖမိုးကိုသာဖြစ်ပါသည်။
တကယ်လည်း သားသမီးဆိုသည့်အသိ၊ မိဘတစ်ယောက်၏ စိုးရိမ်မှုဖြင့် အမေ စိုးရိမ်မိသွားခဲ့ခြင်းသာ ဖြစ်ပါသည်။ တစ်ဖန်လည်းကောင်း စိုးရိမ်မှုကြောင့်ပင် ဖြစ်ပျက်လာသည့် အဖြစ်အပျက်အကြောင်းကို မစုံစမ်း မမေးမြန်းတော့ဘဲ အဖေ့နှင့် ဆံသဆရာအပေါ်ကို တစ်ဖက်သတ် အပြစ်တင်လိုက်ခြင်းဖြစ်ပါသည်။ မိဘတစ်ယောက်၏ စိတ်ဇောဖြင့် ပေါက်ကွဲသွားခဲ့သည်ဟု ဆိုလျှင်တော့ ပို၍မှန်လိမ့်မည် ထင်ပါသည်။ (အမှန်အတိုင်းဝန်ခံရလျှင် ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အတွက် အပြစ်အရှိဆုံးသူမှာ ကျွန်တော်ပင် ဖြစ်ပါသည်။ (ယင်းအကြောင်းအရာများကို ယခုအချိန်မှ ပြန်လည်သုံးသပ် စဉ်းစားမိခြင်း ဖြစ်ပါသည်) အမှန်တကယ်လည်း ဓားရိတ်နေမှန်းသိလျက် အငြိမ်မနေခဲ့သည့် ကျွန်တော့်အပြစ်ပင် ဖြစ်ပါသည်။ သို့သော် ကျွန်တော်သည် ထိုအချိန်က ကျွန်တော့်၏အပြစ်ကိုမမြင် ဆံသဆရာကိုသာ အပြစ်တင် စိတ်ဆိုးမိခဲ့ပါသည်။ ထို့အတူ အမေသည်လည်း ကိုယ့်သားသမီး၏အပြစ်ကိုမမြင်၊ အခြေအနေအကျိုးအကြောင်းကို မစုံစမ်းဘဲ ဆံသဆရာကြီးကို အပြစ်တင်ခဲ့ပြန်ပါသေးသည်။ တကယ်တော့ ကျွန်တော်ရော အမေပါ ကိုယ့်အပြစ်ကို ကိုယ်မမြင်ဘဲ ဆံသဆရာကြီး၏အပေါ်၌ အပြစ်ကိုပုံချခဲ့မိကြခြင်း ဖြစ်ပါသည်။
ကျွန်တော့်နှင့် အမေသာမက လူတော်တော်များများသည် ကိုယ်အပြစ်ကို ကိုယ်မမြင်နိုင်ကြဘဲ ရှိနေတတ်ကြပါသည်။ အခြားလူတစ်ယောက်၏အပြစ်၊ အခြားလူတစ်ယောက်၏ အားနည်းချက်ကို ရှာဖွေရင်း ကိုယ့်အပြစ်၊ ကိုယ့်အားနည်းချက်ကိုတော့ ရှာဖွေပြင်ဆင်ဖို့ မေ့လျော့နေတတ်ကြပါသည်။ အထူးသဖြင့် အခြားသူတစ်ယောက်၏ အပြစ်များကို ရှာဖွေလှောင်ပြောင်ရင်း ကိုယ့်အပြစ်ကိုတော့ အပြစ်ဟုမမြင်ဘဲ ရှိနေတတ်ကြပါသည်။ တကယ်လည်း ပြဿနာတစ်စုံတစ်ခု ဖြစ်လာသည့်အခါ တစ်ဖက်သား၏ အပြစ်ကိုရှာဖွေပြီး ကိုယ့်အပြစ်ကိုတော့ ကိုယ်တိုင်ပင် ဖုံးကွယ်ထားလေ့ရှိတတ် ကြသည့် လူများကို မြောက်မြားစွာပင် တွေ့ခဲ့ရဖူးပါသည်။ တွေ့နေဆဲ၊ တွေ့နေလိမ့်ဦးမည်လည်းဖြစ်ပါသည်။
တကယ်တော့ ကျွန်တော်တို့အတွက ်အလွယ်ဆုံးအလုပ်က သူများ၏အပြစ်ကို ရှာဖွေပြောကြခြင်းပင်ဖြစ်ပါသည်။ ဘယ်နေရာမှာ မှားသည်။ ဘာအားနည်းချက်ရှိသည်။ ဘာဖြစ်သည် ညာဖြစ်သည် အစရှိ သဖြင့် အပြစ်တင် ပြောဆိုတတ်ကြခြင်းပင် ဖြစ်ပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် လူတစ်ယောက်က အခြားသူတစ်ယောက်၏ အပြစ်ကို (အပြုသဘောမဆောင်ဘဲ) ပြောဆိုလိုက်ခြင်းက ၎င်းလူ၏အဆင့်ကို ကိုယ့်ထက်နိမ့်ကျသွားအောင် ပြုလုပ်လိုခြင်းပင် ဖြစ်သည်ဟု ကျွန်တော်ကတော့ ထင်မြင်မိပါသည်။ တကယ်လည်း တစ်ယောက်ယောက်ကို ကိုယ့်ထက် နိမ့်ကျသွားစေချင်ကြသည့်အခါ ကျွန်တော်တို့သည် ထိုသူ၏အပြစ်များကို ရှာဖွေဖော်ထုတ် ပြောဆိုလေ့ရှိတတ်ကြပါသည်။ အထူးသဖြင့် ကျွန်တော်တို့၏ အပြစ်များ မှေးမှိန်သွားစေဖို့အတွက် အခြားသူတစ်ယောက်၏ အပြစ်များကို ပေါ်လွင်ထင်ရှားလာအောင် ပြုလုပ်လေ့ပြောဆိုလေ့ ရှိတတ်ကြပါသည်။ သို့သော် အခြားသူတစ်ယောက်၏ အပြစ်ကို ရှာဖွေပြောဆိုလိုက်ခြင်းဖြင့် ကျွန်တော်တို့၏ စိတ်အဆင့်အတန်း နိမ့်ကျမှုကို ပေါ်လွင်သွားစေတတ်သည် ဆိုသည်ကိုကား ကျွန်တော်တို့ မေ့လျော့နေခဲ့ကြပါသည်။ အခြားသူတစ်ယောက်၏ ဂုဏ်သိက္ခာကို ကျဆင်းအောင် ပြောဆိုလိုက်ခြင်းက ကိုယ့်ဂုဏ်သိက္ခာကို ကျဆင်းအောင် ပြုလုပ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ကျွန်တော်တို့ သတိမမူမိဘဲ ရှိနေခဲ့ကြပါသည်။
မည်သို့ပင်ဖြစ်စေ ကိုယ့်အပြစ်ကို ကိုယ်သိသည့် လူမျိုးမဖြစ်နိုင်သေးလျှင်ပင် သူတစ်ပါး၏အပြစ်ကို ရှာဖွေပြောဆိုတတ်သည့် လူမျိုးမဖြစ်အောင် နေထိုင်သင့်သည်ဟု ထင်ပါသည်။ ကိုယ့်အတွက် အများအတွက် ကောင်းကျိုးဖြစ်ပေါ်အောင် မစွမ်းဆောင်နိုင်သေးလျှင်ပင် ကိုယ့်ကြောင့် အခြားသူတစ်ယောက်ယောက် အကျိုးမဲ့သွားအောင် ဂုဏ်သိက္ခာ မညှိုးနွမ်းသွားအောင် သတိထားဆင်ခြင်သင့်သည်ဟု ထင်ပါသည်။ အထူးသဖြင့် ပြဿနာတစ်ခုဖြစ်လာသည့်အခါ ပြဿနာ၏ဇစ်မြစ်ကို သေချာစွာမသိဘဲ ပြောဆိုပြစ်တင် ဝေဖန်ခြင်းမျိုးများကို ရှောင်ကြဉ်သင့်သည်ဟု ထင်ပါသည်။
တကယ်လည်း “သူများအပြစ်ကိုမရှုရာ၊ ကိုယ့်အပြစ်ကိုရှုပါ” ဟု ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဟောကြားတော်မူခဲ့ပါသည်။ ထို့အတူ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကလည်း သူတစ်ပါး အပြစ်ကိုရှုနေလျှင် ငြိမ်းသောမီးပင် တောက်လာနိုင်သည်။ မိမိအပြစ်ကိုရှုနိုင်လျှင် တောက်သောမီးပင် ငြိမ်းစေနိုင်သည်ဟု မိန့်ဆိုထားခဲ့ပါသေးသည်။ တကယ်တော့ သူတစ်ပါး၏ အပြစ်များကို ရှုတ်ချပြောဆိုလိုက်ခြင်းမှ ကျွန်တော်တို့အတွက် ကောင်းကျိုးတစ်စုံတစ်ခုမျှ မရနိုင်သည်သာဖြစ်ပါသည်။ကောင်း သည့် အကျိုးရလဒ်ကို မရနိုင်ရုံသာမက သူများအပြစ်ကိုသာ ရှာဖွေပြောဆိုနေခြင်းဖြင့် အချိန်များကုန်ပြီး ကိုယ့်ဘဝ တိုးတက်ရာတိုး တက်ကြောင်းများကိုပင် နှောင့်နှေးသွားစေနိုင်ပါသေးသည်။ ထို့ပြင် သူများ၏အပြစ်ကို ရှာဖွေပြီး ပြစ်တင်ဝေဖန်နေခြင်းဖြင့် ကျွန်တော်တို့၏ စိတ်အဆင့်အတန်း နိမ့်ကျမှုကို ဖော်ပြရာလည်း ရောက်နိုင်ပါသေးသည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့အားလုံးသည် သာမန်လူသားများသာဖြစ်၍ အပြစ်များ၊ အမှားများကို ပြုလုပ် ကျူးလွန်နိုင်မိကြသည်သာဖြစ်ပါသည်။ ထို့အတူ ၎င်းအပြစ်များကို ဆေးကြောသုတ်သင် ပြန်လည်ပြုပြင်နိုင်ခွင့် ရှိကြသည်ကလည်း သေချာသည်သာဖြစ်ပါ သည်။