လာမည့်နွေရာသီတွင် ဟာဇက် ထွက်ခွာခွင့်တောင်းခဲ့ပါက ပေါင်သန်း (၁၀၀)ဖြင့် ရောင်းချရန် ချယ်လ်ဆီးအသင်း စဉ်းစားနေ

လာမည့်နွေရာသီတွင် ဟာဇက် ထွက်ခွာခွင့်တောင်းခဲ့ပါက ပေါင်သန်း (၁၀၀)ဖြင့် ရောင်းချရန် ချယ်လ်ဆီးအသင်း စဉ်းစားနေ
Photo: Getty Images
Photo: Getty Images
Published 16 January 2019

 

ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဟာဇက်အနေဖြင့် အသင်းမှထွက်ခွာခွင့်တောင်းလာမည်ဆိုပါက အနည်းဆုံးပေါင်းသန်း (၁၀၀) ရမှာသာ ရောင်းချရန် စဉ်းစားဖွယ်ရှိသည်ဟု သိရသည်။

အသက် (၂၈) နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်သည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း (၁၈) လသာကျန်ရှိတော့သူဖြစ်ပြီး ၄င်း၏ အနာဂတ်နှင့်ပတ်သက်ပြီး ရာသီကုန်တွင်မှ ဆုံးဖြတ်မည်ဟု ပြောကြားထားသည်။

သို့သော် ဟာဇက်က ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားရေးမှာ ၄င်း၏ငယ်ဘဝအိပ်မက်ဖြစ်သည်ဟု ဝန်ခံထားပြီး လက်ကျန်စာချုပ်အရ ၄င်းကိုထိန်းသိမ်းနိုင်ရန် ခက်ခဲနိုင်သည့်အတွက် ချယ်လ်ဆီးအသင်းက ပေါင်သန်း (၁၀၀) ဖြင့်ရောင်းချရန် စဉ်းစားနေခြင်းဖြစ်ကြောင်း ဗြိတိန်သတင်းစာ Telegraph က ဖော်ပြခဲ့သည်။

ဟာဇက်သည် ၄င်းအနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှလုံးဝထွက်ခွာမည်မဟုတ်ဟု ပြောကြားထားသူဖြစ်ပြီး ချယ်လ်ဆီးအသင်းနည်းပြ ဆာရီကလည်း ဟာဇက်၏ စာချုပ်ကိစ္စကို အသင်းအနေဖြင့် သေသေချာချာဆောင်ရွက်သင့်ကြောင်း ပြောကြားထားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအစောပိုင်းက ဒေ့ါမွန်အသင်းမှ အမေရိကန်လူငယ်တောင်ပံကစားသမား ပူလီဆစ်အား ပေါင် (၅၈) သန်းဖြင့် ခေါ်ယူခဲ့ရာ ၄င်းမှာ လာမည့်ရာသီတွင် ဟာဇက်နေရာကိုအစားထိုးရန်ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟုလည်း မီဒီယာများက သုံးသပ်နေကြသည်။

ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ် (၂၂) အပြီးတွင် ချယ်လ်ဆီးအသင်းအတွက် (၁၀) ဂိုးသွင်းကာ၊ ဂိုးဖန်တီးမှု (၁၀) ကြိမ်ပြုလုပ်ထားသူ ဟာဇက်သည် လာမည့် နွေရာသီအပြောင်းအရွှေ့တွင် ချယ်လ်ဆီးအသင်းမှ ထွက်ခွာခွင့်တောင်းကာ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေပြီး ၄င်းအနေဖြင့် အနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည်ဟု ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့ဖူးသည်။

Most Read

Most Recent