လီဗာပူးလ်အသင်းသည် နောက်ခံလူ အာနိုးလ်ဒူးဒဏ်ရာကြောင့် တစ်လခန့်အနားယူရမည်ဖြစ်၍ ခံစစ်ပိုင်းတွင် အခက်ကြုံရဖွယ်ရှိနေကြောင်း သိရသည်။
အာနိုးလ်သည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဘရိုက်တန် (၀-၁) လီဗာပူးလ်ပွဲတွင် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သည်။ သို့သော် အာနိုးလ်၏ ဒူးမှာနာကျင်နေသည့်အတွက် Scan ဖတ်ကြည့်ရာ ဒူးအရွတ်တွင် အသေးစားဒဏ်ရာရရှိထားကြောင်း သိရသည်။
အဆိုပါဒဏ်ရာမှာ အနည်းဆုံး (၄) ပတ်ခန့်နားရမည်ဖြစ်ပြီး ခံစစ်ပိုင်းတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့် လီဗာပူးလ်အသင်းအတွက် အခက်ကြုံရဖွယ်ရှိနေသည်။
အသက် (၂၀) နှစ်အရွယ်ရှိ အင်္ဂလန်လူငယ်နောက်ခံကစားသမား အာနိုးလ်သည် လီဗာပူးလ်အသင်းအတွက် ယခုရာသီပြိုင်ပွဲစုံတွင် (၂၂) ပွဲကစားထားပြီး ပရီးမီးယားလိဂ်တွင် (၁၇) ပွဲကစားကာ (၁) ဂိုးသွင်း (၃) ဂိုးဖန်တီးပေးထားသူဖြစ်သည်။
လီဗာပူးလ်အသင်း၏ နောက်တန်းတွင် အင်္ဂလန်နောက်ခံလူ ဂျိုးဂိုးမက်ဇ်မှာလည်း ဒဏ်ရာကြောင့်အနားယူနေရပြီး ဖေဖော်ဝါရီလမတိုင်မီအထိပြန်ကစားနိုင်ဖွယ်မရှိသလို အခြားနောက်ခံလူတစ်ဦးဖြစ်သည့် မာတစ်မှာလည်းကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်နေရသည်။
လက်ရှိတွင်လီဗာပူးလ်အသင်း၌ ကွင်းလယ်လူ ဖာဘင်ညိုမှာ နောက်တန်းဆင်းကစားနေရသလို အာနိုးလ်နေရာတွင် အစားထိုးနိုင်သည့် ကလိုင်းကိုလည်း ဘုန်းမောက်အသင်းသို့ ရာသီကုန်အထိအငှားချခဲ့သည့်အတွက် လာမည့်ပွဲစဉ်များတွင် လီဗာပူးလ်အသင်းညာနောက်ခံနေရာ၌ ဂျိမ်းစ်မီလ်နာကို မြင်တွေ့ရဖွယ်ရှိနေကြောင်း Daily Mail သတင်းစာကဖော်ပြခဲ့သည်။