(၁)
ကျွန်တော့်ကို မွေးတော့ လကမ္ဘာပေါ်ကို လူတွေရောက်ခဲ့ကြပြီ။ လပေါ်ကို လူသားတွေ ခြေချကာစ ခုနှစ်တွေမှာ ကျွန်တော် လူ့လောကထဲ ရောက်လာခဲ့တာ မဟုတ်ပေမဲ့ ကျွန်တော်တို့ဆီမှာတော့ သိပ်မကြာသေးသလို ပြောနေကြတုန်း အချိန်တွေလိုပါပဲ။ တစ်နေရာမှာ ကျွန်တော် မှတ်သားခဲ့ဖူးတာတော့ အပိုလို (၁၁) အာကာသယာဉ်ဟာ ၁၉၆၉ ဇူလိုင်လ ၂၀ ရက်မှာကတည်းက လပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်တဲ့။ Neil Armstrong ဆိုတဲ့ နာမည်ကိုတော့ စာသင်ခန်းထဲ ရောက်မှသာ ကျွန်တော်စပြီး ကြားဖူးခဲ့တာပါ။ ကျွန်တော်တို့ တောရွာလေးတွေဆီကိုလည်း အဲဒီသတင်းစကားဟာ သိပ်ကို နောက်ကျတဲ့အချိန်မှ ရောက်လာခဲ့တယ်လေ။ ကျွန်တော် လူမှန်းသိတတ်စအရွယ်ရောက်တဲ့အချိန် အဲဒီအဖြစ်အပျက်တွေ ဖြစ်သွားတာ ကြာခဲ့ပြီ။ ဒါပေမဲ့ သိပ်ကို ထူးဆန်းတဲ့ အကြောင်းအရာအသစ်တစ်ခုလို ဖြစ်နေဆဲပါပဲ။
ကျွန်တော်တို့ တောရွာလေးတွေဟာ သတင်းစကားတွေနဲ့ သိပ်ကို အလှမ်းဝေးခဲ့တယ်။ ဘာမဆို သိပ်နောက်ကျတဲ့ အချိန်တစ်ခုမှသာ ကြားသိခဲ့ရတယ်။ ဘယ်အရာကိုမဆို အချိန်ကာလ ကြာမြင့်မှသာ လက်ခံရရှိတတ်ကြပါတယ်။ အံ့သြဖို့တော့ မကောင်းပါဘူး။ နေရာတိုင်းမှာ အသိဉာဏ်နုံနဲ့မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနဲ့ ပိတ်လှောင်ခံထားရတဲ့ မွန်းကျပ်မှုတွေနဲ့အတူ နေသားကျခဲ့တာပါ။ ကျွန်တော်တို့ ငယ်ဘဝတွေဟာ အရာရာလေထဲ လွင့်နေတဲ့ ဖုန်မှုန့်တွေကို လှမ်းငေးနေရသလို သိပ်ပျင်းဖို့ကောင်းခဲ့တယ်။ ကျွန်တော်တို့ ရွာလေးနဲ့ အတူတူပဲ။ တခြား ဘေးပတ်ဝန်းကျင်က လျစ်လျူရှုခံ ရွာကလေးတွေ၊ နောက်ပြီး ဝေးလံသီခေါင်တဲ့ အရပ်မှာ တစ်စစီ ကျဲပြန့်နေသလို ရွာငယ်ကလေးတွေရောပေါ့။ ကျွန်တော်တို့အားလုံးဟာ အမြဲပြတ်တောက်နေတဲ့ အကြောင်းအရာတွေနဲ့သာ စတင်ခဲ့ကြရတယ်။ ရိုးသွားတဲ့ အဖြစ်သနစ်တွေကို နောက်ကျတဲ့အချိန်တစ်ခုကျမှ တအံ့တသြ ပြောနေကြရတယ်။ ဟိုးအရင်ကတည်းက ကျွန်တော်တို့ တောရွာကလေးတွေဆိုတာ ခေတ်မီတိုးတက်တဲ့ ပတ်ဝန်းကျင်နဲ့ သီးခြားစီ ဝေးကွာနေလေ့ ရှိခဲ့ကြပါတယ်။
(၂)
ကျွန်တော်ကတော့ အဲဒီလိုတောရွာ လေးတစ်ရွာရဲ့ ပူပြင်းတဲ့ နွေရာသီတစ်ရက်မှာ ကမ္ဘာမြေပေါ် စတင်ရောက်ရှိလာခဲ့တာပေါ့။ မော့ကြည့်လိုက်ရင် လမင်းကြီးကို ပြည့်ပြည့်ဝ၀ မြင်ခွင့်ရတဲ့ ညတစ်ညမှာပေါ့လေ။ ကျွန်တော့်ကို မွေးမွေးပြီးချင်း အိမ်ကလေးဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားလား ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုခု ကြုံတွေ့ခဲ့သေးလားဆိုတာ ကျွန်တော် မသိပါဘူး။ တောရွာကလေး တစ်ရွာက လူသားတစ်ယောက် လူ့လောကထဲ မွေးဖွားလာခဲ့တယ်ဆိုတဲ့ကိစ္စဟာ ဘာမှမထူးခြားဘူးလို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ ရွာကလေးမှာတော့ လူသားတစ်ယောက် မွေးဖွားလာတာနဲ့ မျှော်လင့်ချက် တစ်ပုံတစ်ပင်ထားပြီး ကောင်းကင်နက္ခက်တွေကို မော့ကြည့်လေ့ရှိကြတယ်။ ဒါပေမဲ့ လပေါ်ရောက်အောင် သွားစေချင်တဲ့ စိတ်ကူးယဉ် မျှော်လင့်ချက်ထက်စာရင်လည်း “ဖိုးလမင်းကြီးရယ် ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ပေးပါ”ဆိုတဲ့ ဆုတောင်းကိုတောင် ကလေးတွေ ပြောလို့ကောင်းနေဆဲပေါ့။ ရွာမှာဆိုတော့ ညဘက်တွေဆို ကောင်းကင်ပေါ် သာနေတဲ့ လရောင်အောက် ထိုင်ငေးနေကြရတဲ့ အချိန်တွေပါပဲ။
ငယ်ငယ်တုန်းက ကျွန်တော်အံ့သြခဲ့တဲ့ အရာတွေက အများကြီးပဲ။ ကောင်းကင်ပေါ် ပျံဝဲနေတဲ့ လေယာဉ်ပျံတွေနဲ့ နေဝင်အိပ်တန်းတက် ပျံသန်းသွားကြတဲ့ ငှက်အုပ်တွေ၊ နောက်ပြီး ဟိုးဝေးဝေး လယ်ကွင်းတွေအစပ်က ဥသြဆွဲပြီး ဖြတ်သွားတတ်တဲ့ မှိန်ပျပျ ရထားတွဲတွေနဲ့ အတန်းလိုက်ကြီး အစာရှာနေတဲ့ ပုရွက်ဆိတ်ကလေးတွေ။ သူတို့အားလုံးကို နှိုင်းယှဉ်လို့ အချိန်တော်တော်များများ ကျွန်တော် ငေးကြည့်နေခဲ့ဖူးတယ်။ အဲဒီတုန်းက ဘုရားပွဲ သွားကြတဲ့အခါ လှည်းတန်းကြီးတွေကလည်း အရှည်ကြီးတွေပဲ မဟုတ်လား။ အားလုံးဟာ သဘာဝချင်း အတူတူပဲလားဆိုတာ ကျွန်တော် သိပ်သိချင်ခဲ့တယ်။ လေယာဉ်ပျံတွေဆိုတာ ငှက်တွေလိုပဲ ကျွန်တော် မရောက်နိုင်တဲ့ အရပ်ဒေသတစ်ခုဆီကို ပျံသန်းသွား နေကြတာလား။ ရထားပေါ်က လူတွေကရော ပုရွတ်ဆိတ်တွေလို အစာရှာဖို့ သွားနေတာလား ဒါမှမဟုတ် ကျွန်တော်တို့ရွာက လှည်းတွေလိုမျိုး ဘုရားပွဲတော်ဆီ သွားနေတာလားပေါ့။ ကျွန်တော်ဟာ တော်ရုံလူမရောက်တတ်တဲ့ ဟိုးအဝေးဆုံးထိ ရောက်အောင်သွားချင်ခဲ့သူပါ။
အဲဒီတုန်းက ကျွန်တော် အဝေးဆုံး စရောက်ဖူးတာကလည်း ကျွန်တော်တို့ရွာ ခပ်လှမ်းလှမ်းက ဘုရားပွဲတော်တစ်ခုလောက်သာ ရှိပါတယ်။ လကမ္ဘာဆိုတာ ကျွန်တော့်အတွက်တော့ အိပ်မက်ထဲမှာတောင် မမက်ဖူးတဲ့ စိတ်ကူးယဉ် အတွေးတစ်စပေါ့လေ။ နှစ်တိုင်းဘုရားပွဲကို သွားခဲ့ရပေမဲ့ မရောက်ဖူးတဲ့ ခရီးတစ်ခုကို သွားရသလို ကျွန်တော်ပျော်ရွှင်ခဲ့ရဖူးတယ်။ တစ်ရွာလုံး သူ့အဖွဲ့အစုနဲ့အတူစုပြီး ဘုရားပွဲသွားခဲ့ကြတဲ့ မြင်ကွင်းတွေဟာ ကျွန်တော့်စိတ်မှာ ဘယ်တော့မှ ရိုးမသွားခဲ့ဘူး။ လွင့်တက်လာတဲ့ ဖုန်လုံးတွေ၊ အပြိုင်မောင်းနေတဲ့ လှည်းတွေကြား ကျွန်တော့်အတွက် ဘာများ ထူးဆန်းအံ့သြစရာတွေ ထပ်တွေ့ရမလဲဆိုတာ လိုက်ကြည့်နေမိတတ်တယ်။ အဲဒီလို ကြုံတိုင်းလည်း လေထဲလွင့်နေတဲ့ ဖုန်နံ့ထက်စာရင် ထူးဆန်းအံ့သြစရာတွေဆီပဲ ကျွန်တော့်စိတ်က ရောက်နေလေ့ရှိတယ်။ ဘာလဲဆိုတော့ ဘာမှမသိခြင်းမှာ ပျော်ဝင်ခဲ့ရခြင်းတွေ၊ ဘာမှ မရှိခြင်းမှာ ရောင့်ရဲလွယ်နေရတဲ့ စိတ်တွေ၊ ခံစားမှုအသစ် အတွေ့အကြုံအသစ်တွေကို ရချင်နေမိတဲ့ စိတ်တွေပေါ့။ ဘုရားပွဲဆီ သွားတိုင်း လမင်းကြီးရှိရာ လှည်းတွေနဲ့ ပြေးလိုက်ခဲ့ရသလို အချိန်တွေဆို အခုချိန်ထိအောင် ပြန်သတိရ နေပါသေးတယ်။
(၃)
ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့ လူကြီးတွေ မြို့ပေါ်သွားတဲ့အခါမျိုးမှာ ကံကောင်းတာနဲ့ကြုံရင် နောက်က လိုက်ခွင့်ရတတ်တယ်။ ကျွန်တော်တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံတွေ၊ တစ်ကြိမ်မှ အနီးကပ် မမြင်ဖူးတဲ့ အရာတွေကို မြို့ပေါ်မှာ ကြုံရ တွေ့ရတယ်။ တစ်နေရာနဲ့ တစ်နေရာကို သွားလို့ ကားစီးနေရင်း နေလုံးကြီးဆီ ပြေးလိုက်ခဲ့ဖူးသလို အချိန်မျိုးတွေလည်း ကြုံခဲ့ဖူးတာပဲ။ ရထားပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့ တောင်တန်းတွေ တိမ်တွေ ဆီရောပေါ့။ အဲဒီနေရာတွေဆီ ဘယ်တော့ ရောက်နိုင်မလဲဆိုတာ အမြဲစိတ်ကူးယဉ်ခဲ့ဖူးတယ်။ ကျွန်တော် ဒီလောက်အလျင်အမြန်လိုက်နေတာတောင် နေလုံးကြီးကို ဘာလို့ မမီနိုင်ရတာလဲ။ ဘာကြောင့်များ ဒီလောက် အလျင်အမြန် ရွေ့လျားနေတဲ့ ယာဉ်တစ်စီးပေါ် ရှိနေခဲ့တာတောင် အဲဒီနေရာတွေဆီ ဘာလို့မရောက်သွားနိုင်ရသေးတာလဲလို့ ကျွန်တော်အခါခါ စဉ်းစားခဲ့ဖူးတယ်။ သူတို့မှာ ခြေထောက်တို့၊ ဘီးတို့ပါလို့များ ကျွန်တော် မမီနိုင်ခဲ့သလားလို့တောင် တွေးမိခဲ့သေးတာပေါ့။ ကျွန်တော် မမြင်လိုက်တဲ့အချိန်မှာ အလျင်အမြန် လှည့်ပတ်သွားနေလေသလားပေါ့လေ။ ရွာမှာ အမြန်ဆုံးဆိုလို့လည်း လယ်လုပ်တဲ့ ခိုင်းနွားနှစ်ကောင် တပ်မောင်းရတဲ့ လယ်ယာသုံး လှည်းကြမ်းတွေသာ ရှိတာမဟုတ်လား။ လှည်းပေါ်ကနေ မြင်ခဲ့ဖူးတဲ့ အရသာလောက်နဲ့တော့ ဘယ်တူပါ့မလဲ။ မြို့ပေါ်ရောက်တဲ့အခါ ကျွန်တော့်ပတ်ဝန်းကျင် ဘေးနားမှာရှိတဲ့ အရာဝတ္ထုတွေဟာ ပိုပြီး လျင်မြန်တဲ့အရှိန်မျိုးနဲ့ ရိပ်ခနဲ ရိပ်ခနဲ ရွေ့လျားနေကြပါတယ်။
ကျွန်တော်တို့ဟာ အရာရာ ခေတ်နောက်ကျကျန်နေတဲ့ တောနက်ထဲက လူရိုင်းမျိုးနွယ်တွေလို ဖြစ်နေခဲ့တယ်။ ကျွန်တော် ငယ်ငယ်တုန်းက အတန်းပညာကို ကောင်းကောင်းမသင်ခဲ့ရလို့လည်း အပြင်လောကမှာ ကျွန်တော် ကြုံတွေ့ရတာတွေက ကျွန်တော့်အတွက် အထူးအဆန်းတွေချည်း ဖြစ်နေတတ်ပါတယ်။ မိုးတိမ်တွေနဲ့ ထိစပ်နေပြီလားလို့တောင် ထင်ရတဲ့ တိုက်အမြင့်ကြီးတွေကလည်း ကျွန်တော့်အတွက် အထူးအဆန်းပဲ။ ကာတွန်း စာအုပ်တစ်အုပ်ထဲက UFO လို့ ခေါ်ကြတဲ့ ပန်းကန်ပြားပျံတစ်စင်းကလည်း ကျွန်တော့်အတွက် ဆန်းကြယ်အံ့သြမှုတစ်ခုပါပဲ။ အဲဒါတွေက အပြင်မှာ တကယ်ဖြစ်နေသလား၊ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုလားဆိုတာ ကျွန်တော်မဝေခွဲတတ်ဘူး။ ဒါပေမဲ့ ကျွန် တော်တို့လို ရွာသားကလေးတွေ တအံ့တသြ မှင်သက်မိတယ်ဆိုတာတွေဟာ မြို့ပေါ်က ကျွန်တော်နဲ့ရွယ်တူ ကလေးတွေအတွက် ရိုးစင်းလွန်းတဲ့အရာတွေ ဖြစ်ချင်ဖြစ်နေမှာပါ။ ကျွန်တော်တမေ့တမော ငေးကြည့်ရတဲ့ ကြုံခေါင့်ကြုံခဲ အတွေ့အကြုံတွေဆိုတာကလည်း မြို့သားတွေရဲ့ နေ့စဉ်ဘဝထဲက ဘာမှ မထူးဆန်းတဲ့ အကြောင်းအရာတွေပဲ ဖြစ်နေမှာပေါ့။ ကျွန်တော် တွေးမိပါတယ်။ ရွာမှာ အင်္ဂလိပ်စာ ကောင်းကောင်းမသင်ခဲ့ရပေမဲ့ မြို့ပေါ်က တချို့ကလေးတွေ အင်္ဂလိပ်လို မွှတ်နေအောင ်ပြောတတ်ကြသလိုမျိုး နေမှာပေါ့။ အဲဒီလိုပဲ။ လပေါ်ကို ရောက်အောင် သွားနိုင်တယ်ဆိုတဲ့ လူတွေကရော ဘယ်လိုပတ်ဝန်းကျင်မှာ နေထိုင်ကြီးပြင်းလာခဲ့ကြသလဲဆိုတာ ကျွန်တော့်ဦးနှောက်သေးသေးလေးနဲ့ ဘယ်လိုမှ တွေးလို့မရခဲ့ဘူး။ လကမ္ဘာပေါ်ကို သူတို့တွေ ဘယ်လိုယာဉ်မျိုးနဲ့များ ရောက်အောင်သွားခဲ့ပါလိမ့်ဆိုတာကလည်း အကြိမ်ကြိမ် စဉ်းစားနေခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်စဉ်းစားတာတွေက ဘာမှ တန်ဖိုးမရှိတဲ့ ကလေးကလားပုံစံမျိုးသာ ဖြစ်နေတတ်တယ်။ ရွာမှာသာတဲ့ လပြည့်ညကရော ဒီလမင်းကြီးပဲလား ဆိုတာမျိုးတွေ။ လမင်းကြီးတစ်ခုတည်းက နေရာအားလုံးမှာ တစ်ပြိုင်နက်သာနေလေ သလားဆိုတာမျိုးတွေပေါ့လေ။
(၄)
ကျွန်တော့်အတွေးတွေဟာ အမြဲလိုလို ရှုပ်ထွေးနေခဲ့တယ်။ ကျွန်တော်တစ်ခါမှမရဖူးတဲ့ အရာတွေကို တချို့လူတွေက လွယ်လွယ်ရနေသလား ကျွန်တော်တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အဖြေ အဆင်သင့် ရှိမနေခဲ့ဘူး။ကျွန်တော်ဟာ အဲဒီလို တစ်ကိုယ်တည်း စဉ်းစားမရတဲ့ ခပ်လွယ်လွယ် ပုစ္ဆာတွေထဲမှာသာ အိပ်ပျော်နေခဲ့သူပါပဲ။ ကျွန်တော် ဘယ်လိုမှ မရောက်နိုင်တဲ့ နေရာတွေဆီ ဘယ်လိုလူတွေကများ ရောက်အောင် သွားနိုင်ခဲ့ကြသလဲဆိုတာ ကျွန်တော် လုံးဝမတွေးတတ်ဘူး။ ကျွန်တော့် လက်ရှိအနေအထားနဲ့ဆို လယ်ကွင်းတွေနောက်ဘက်က တောင်တန်းတွေဆိုတာတောင် ရောက်ဖို့ မလွယ်လောက်အောင် ကွာဝေးနေပါသေးတယ်။ လမင်းကြီးဆိုတာတော့ ကျွန်တော်နဲ့ ပိုလို့အဝေးကြီးပေါ့။ ကျွန်တော် ပြေးလိုက်သွားချင်ပေမဲ့ အစက်အပြောက်သေးသေးလေးအဖြစ် တဖြည်းဖြည်း ဝေးကွာသွားတဲ့လမ်းမှာ မှုန်ဝါးစွာ ကျန်ခဲ့လိမ့်မယ်လို့တောင် ထင်နေမိတယ်။
တကယ်ဆို တစ်နေ့နေ့ ရောက်အောင်သွားနိုင်လိမ့်မယ်ထင်ရပြီး တောင်တန်းတွေနားမှာ ဝဲနေတတ်တဲ့ တိမ်တိုက်တွေတောင်မှ တဖြည်းဖြည်း ရွေ့လျားပြီး ပုံသဏ္ဌာန်တွေ ပြောင်းလဲသွားတတ်ကြတာ မဟုတ်လား။ ဒီထက်ပိုဝေးတဲ့ အရာတွေကရော ကျွန်တော်ရောက်သွားတဲ့အချိန်ထိ မပြောင်းမလဲ ဘယ်လိုတည်ရှိနေကြမှာလဲ။ ကျွန်တော်ဟာ တဖြည်းဖြည်းနဲ့ မှုန်ဝါးစွာ နောက်ကျကျန်နေခဲ့ ပါလိမ့်မယ်။ လပေါ်ကို အရောက်သွားခဲ့တဲ့ လူတွေအကြောင်း ကျွန်တော်ရောက်အောင် မသွားနိုင်သေးတဲ့ နေရာတွေအကြောင်း ပြန်တွေးတဲ့အခါ ကျွန်တော်ဟာ ဘာမှအဖြစ်မရှိတဲ့ အစက်အပြောက်လေးပမာ ခံစားနေရတယ်။ ကျွန်တော့်အတွက်တော့ အံ့သြစရာ ကိစ္စတွေကို ပြန်စဉ်းစားမိလိုက်တိုင်း ရှုပ်ထွေးတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဖြေဆိုနေရတဲ့ ကလေးတစ်ယောက်လိုပဲ၊ ဝမ်းနည်းနာကျင်နေသလိုလို တမ်းတလွမ်းမောမိသလိုလိုနဲ့ အမြဲဝမ်းနည်း နေမိတတ်တယ်။ တကယ်တော့ အဲဒီအဖြစ်အပျက်တွေက ကျေးရွာလေးမှာ ကျွန်တော့်ကို မွေးဖွားလာခဲ့သလိုပဲ၊ ဘာမှ မထူးဆန်းဘူး မဟုတ်လား။ ကျွန်တော်ကိုယ်တိုင်က ကံပစ်ချရာမှာသာ နေထိုင်ကြီးပြင်းနေရတာလေ။ ဒီထက်ပိုပြီး ဘာများတတ်နိုင်ပါ့မလဲ။ ရွာကလေးဆီကနေ ကျွန်တော် မနားတမ်း ပြေးလိုက်ချင်မိတဲ့ အရာတွေ၊ ကျွန်တော့်ဘက်ကသာ တစ်ချိန်လုံး ငေးကြည့်နေခဲ့ရတဲ့ ထူးဆန်းအံ့သြမှုတွေနဲ့ အမြဲပြေးလိုက်ချင်နေမိခဲ့တဲ့နေရာတွေ။ အားလုံးကတော့ ကျွန်တော်လိုက်လာမှာစိုးလို့ အလျင်အမြန် ရွေ့လျားနေတာမျိုး မဟုတ်ကြပါဘူး။ သဘာဝအတိုင်းသာ ကံတရားအတိုင်းသာ ဖြစ်နေရှိနေခဲ့ကြတာမျိုးပါပဲ။