(၁)
မြွေဟာ အင်အားကြီးမားစွာ စောင့်မျှော်နေတတ်တယ်။ စင်းစင်းကြီးဆိုပေမဲ့ သူဟာရှေ့သို့သာ တိုးဝင်လာလေ့ရှိတယ်။ ဘယ်တော့မှ နောက်ပြန်ဆုတ်သွားတယ်လို့ မရှိခဲ့ဘူး။ မြွေဟာ အင်အားကြီးမားသလို ညှို့ယူနိုင်စွမ်းအားလည်း ကြီးမားတယ်။ လျှို့ဝှက်မှုအပြည့်နဲ့လည်း ဖုံးကွယ်သိုသိပ်တတ်တယ်။ ကုလားအုတ်ပုံပြင်ထဲကလို မြွေဟာ အစပထမမှာတော့ ခေါင်းလေး ဝင်ခွင့်ပြုပါ။ လည်လေး ဝင်ခွင့်ပြုပါ။ ကိုယ်လေး ဝင်ခွင့်ပြုပါပေါ့။ မြွေတစ်ကိုယ်လုံးကို အူမချေးခါး မြင်လိုက်ရ ပြီးတဲ့အခါမှာတော့ မြွေက ဖားကို မျိုပြီးသွားပြီ။ အူဘယ်နှခွေဆိုတာကို သိမြင်ပြီးလိုက်တဲ့အချိန်မှာတော့ ဖားဟာ သူကိုယ်တိုင် မြွေဖြစ်နေပြီ။
(၂)
တကယ်တော့ တစ်ခါတလေမှာ မြွေဟာ ဖားနောက်ကို မလိုက်ပါဘူး။ ဖားရှေ့မှာ မြွေရပ်လိုက်တယ်ဆိုရင်ကိုပဲ ဖားဟာ သူ့ဘာသာ ရှေ့တိုးမရ ဖြစ်သွားတာ။ အဲဒါမျိုးလည်း ရှိတတ်တယ်။ ဖားဟာ ဖမ်းစားခံလိုက်ရသလို လူးလွန့်လို့မရအောင် ဖြစ်သွားတာမျိုးလည်း ရှိတတ်တယ်။ ယောကျ်ားပျိုတစ်ယောက်ဟာ သိပ်ကို လှပစွဲမက်စရာကောင်းတဲ့ မိန်းမပျိုတစ်ဦးရဲ့သိုင်းဖက်တာခံလိုက်ရ သလိုမျိုး၊ ပျော်ဝင်မှုတွေနဲ့ ဖားဟာ မိန်းမောရီဝေသွားတယ်။ ငြင်းဆန်ဖယ်ခွာနိုင်စွမ်း ကင်းမဲ့သွားတယ်။ မြွေဟာ တကယ်တော့ မာယာများတဲ့ အကောင်တစ်ကောင်ပါပဲ။ သူ့ကြေးခွံဖတ်တွေဟာ ဖားကိုအများကြီး လှည့်စားပစ်နိုင်တယ်ဆိုတာ တွေ့လိုက်ရတယ်။ မြွေရဲ့ အရေခွံပေါ်က ကြေးခွံတွေဟာ အရောင်အသွေး စုံလင်လွန်းတယ်။ ကြည့်လို့ ရိုးအီမသွားနိုင်အောင်လည်း ဆန်းကြယ်တယ်။ အရောင်တွေဟာ တစ်ရောင်နေဝင်ချိန်မှာ၊ နောက်တစ်ရောင်က အရုဏ်ကျင်းလာတတ်တယ်။ ဒီလို အရောင်အသွေးစုံလင်လွန်းတဲ့ ကြေးခွံတွေကို ဖားကငေးတယ်။ တဖျပ်ဖျပ်ထနေတဲ့ အရောင်တွေကြားမှာ စိတ်တွေကို နှစ်လိုအားရ ကူးခပ်ပစ်ကြတယ်။ မြွေအကြေးခွံနဲ့ ဖားဟာ ဒေါင်းယောင်ဆောင်တဲ့ ကျီးလား၊ ကျီးယောင်ဆောင်တဲ့ ဒေါင်းလားဆိုတာ ဝေခွဲစရာ မလိုတော့ဘူး။ သူ့ကျောပေါ်က ပြုပ်ထနေတဲ့ အရေခွံကိုသာ ခွာချပစ်လိုက်တယ်။ မလိုအပ်တော့ဘူးဆိုတာထက် မလိုချင်တော့ဘူးဆိုတဲ့စိတ်နဲ့ ဖားဟာမြွေအရေခွံကြီးကို ခြုံလိုက်တယ်။ မြွေရေခွံကြားမှာ ဖားဟာဘာမှ စည်းနှောင်စရာ မလိုတော့ဘူးလေ။ ချောင်ချောင်ချိချိ သက်သက်သာသာနဲ့ ဇာတိအရေပြားမှာ မြွေရုပ်ကိုပါ ရေးထိုးလိုက်တယ်။ ဖားအတွက်တော့ ဖားရည်ပျက်သုဉ်းတာကိုပဲ ကြည်နူးစရာပုံပြင် နားဆင်နေရသလို ဖြစ်နေကုန်ပါပြီ။ ရှေးရှေးတုန်းက ဇာတိပုည၊ ဂုဏ်မာန ပုံပြင်တွေကို အဓိပ္ပာယ်မဲ့အဖြစ် ထားခဲ့လို့။ ရင်ကိုကော့လို့၊ ခေါင်းကိုစွင့်လို့။ တစ်ကိုယ်လုံးမှာတော့ ဖားဆိုတာဟာ အရိုးအဆစ်တောင် မကျန်တော့ဘူးလေ။ တကယ်တော့ ဒါဟာ မြွေက ဖားကို ၀ါးမျိုလိုက်တာပဲ မဟုတ်လား။ မြွေနဲ့ ဖားဆိုတာ ရန်သူဆိုပေမဲ့ ဒီအဖြစ်အပျက်မှာ ဖားက မြွေကို အားအကျကြီး ကျသွားတာ။ မြွေနဲ့ ဖားဟာ အရှေ့နဲ့အနောက်ဆိုပေမဲ့ ဖားဟာ အနောက်အရပ်ဆီ တိုးဝင်သွားတာ။ ရန်သူကို ချစ်သွားတာ။ မြွေကတော့ ဖားရဲ့ချစ်ခြင်းကို တစ်ဘက်သတ်ဆန်ဆန်ပဲ သဘောထားပေးနိုင်ခဲ့တယ်။ မြွေအနေနဲ့ဆိုရင် ဖားကို ချစ်လွန်းလို့ မိုးကြိုတေးကို အပြိုင်ဆိုမှာ မဟုတ်ဘူး။ ဖားနဲ့အတူ ပုရွက်ပျံအကျကို စောင့်မျှော်နေမှာ မဟုတ်ဘူး။ ပလူပျံအတောင်ကျွတ်ကို ကောက်ယူစားသောက်ဖို့ င့ံလင့်နေမှာမဟုတ်ဘူး။ သူက ဖားကိုမျိုမှာ ပဲလေ။ ဆွဲငင်အားကောင်းကောင်းနဲ့ ဖားကို ညှို့ငင်မှာပါပဲ။ ချစ်ခြင်း၊ မုန်းခြင်းတွေထက် မြွေမှာ အရေးကြီးတာ ရှိနေတာပဲ။ ဒါကို မြွေက မစွန့်လွှတ်ဘူး။ မြွေဟာ သူ့ရဲ့ ဗီဇစိတ်နဲ့ အန္တိမပန်းတိုင်ကနေ သွေဖည်မသွားဘူး။ မြွေဟာ ၀ါးမျိုရေးကိုသာ ပထမနေရာမှာ ထားခဲ့တယ်။ စိမ့်ဝင်ပျံ့နှံ့ရေးကိုသာ အဓိကအဖြစ် ဆောင်ရွက်ခဲ့တယ်။ မြွေသက်ဆိုးရှည်ရေးသာ ပဓာနဖြစ်ခဲ့တယ်။ မြွေတွေ ဉာဏ်များခဲ့တယ်။
(၃)
ဖားကတော့ အဲဒီလိုမဟုတ်ဘူး။ သူဟာ မြွေနဲ့ ရန်ဘက်ဆိုတဲ့ ပဋိသန္ဓေ အသိစိတ်ကို လွယ်လွယ်ဖျောက်ဖျက်ပစ်ခဲ့တယ်။ ဒါပေမဲ့ ဖားဆိုတာ မြွေရဲ့ အဝါးမျိုခံဆိုတဲ့ အသိစိတ်ကိုတော့ ချုံးချုံးကျတဲ့ထိ စွဲထင်နေကြသေးတယ်။ အဲဒီလိုပဲ ဖားတွေမှာ နောက်ထပ်အားနည်းချက်တစ်ခု ရှိနေပြန်တယ်။ ဖားတွေ ဉာဏ်နည်းတယ်။ ဘယ်တော့မှ ဖားရဲ့ အန္တိမပန်းတိုင်ကို မပြဋ္ဌာန်းနိုင်ခဲ့ဘူး။ ပြဋ္ဌာန်းထားနိုင်ရင်တောင် ဖားတွေဟာ ရည်ရွယ်ချက်ကို တစူးတစိုက်ပြုပြီး ရှေ့ခြေဖဝါးနောက် နောက်ခြေဖဝါးထပ်ပြီး လိုက်ပါကြဖို့ စိတ်ကူးမရှိကြဘူး။ ဖားတွေဟာ အမြဲတမ်းပဲ ကစဉ့်ကလျားနဲ့ ညီညွတ်ခြင်းတွေ ကင်းမဲ့ခဲ့တယ်။ ဖားလောင်းဘဝလွန်ကတည်းက တစ်ကောင်နဲ့တစ်ကောင် ဖေးမတာမျိုးတွေ မလုပ်ခဲ့ဘဲ ကြီးပြင်းတတ်ခဲ့တယ်။ ဖားတွေဟာ အထိန်းအကျောင်းမဲ့စွာ ရွှေ့ပြောင်းမှုကို စတင်ခဲ့ကြတယ်။ ရောက်ချင်ရာရောက်၊ ပေါက်ချင်ရာပေါက်နဲ့ ဘဝကို စလာခဲ့ကြတာလား။ တကယ်တမ်းကတော့ ရေပြင်ထဲကနေ လေပြင်ထဲကို သူတို့အဆုတ်တွေ ထုတ်လိုက်ပြီးတဲ့နောက် ကျောက်တုံးအောက်မှာ ခိုရင်း၊ မြေတွင်းအောက်မှာ လျှိုရင်း ဖားတစ်နေရာစာအတွက် သဘာဝတရားဆီကနေ တောင်းယူထားနိုင်ခဲ့ကြတာပါ။ ဖားသဘာဝနဲ့ ဖားနေနိုင်အောင် လောကဒဏ်မှာ သူတို့အပ်နှံခဲ့ကြတာပါ။ သူတို့ အသံကြားရုံနဲ့ သူတို့အဆင်း ကြည့်ရုံနဲ့ ဖားလို့ သိစေခဲ့ကြတာပါ။ အဲဒီလို ရှင်သန်ခဲ့ပြီးကာမှ ဖားတွေဟာ မြွေမျိုတာကို ခံယူဖို့ အပြင်ထွက်လိုက်ကြတယ်။ ဖားတွေဟာ မြွေတွေရဲ့ညှို့ယူခြင်းကို ခံလိုက်ရပြီး စတင်ကျရှုံးသွားခဲ့တာက သူတို့ရဲ့ ဦးစွန်းပဲ။ အဲဒီလို ဦးစွန်းကို ဖြုတ်ပစ်လိုက်ရင်းနဲ့ ဖားတွေဟာ မြွေရဲ့ ဆံပင်တွေကို သူတို့ရဲ့ခေါင်းပေါ်တပ်ဆင်လိုက်တယ်။ ဖားနှုတ်ခမ်းပါးမှာ မြွေနှုတ်ခမ်းပြားရဲ့ အပြုံးမျိုးနဲ့ ဘိုကေလို့ပြောပြီး ထွက်လာကြတယ်။ ပြီးတော့ မြွေတွေရဲ့ တွားသွားပုံကို သင်ခန်းစာအဖြစ် ပြဋ္ဌာန်းလိုက်ကြပြန်တယ်။ အဲဒီနောက် ဖားတွေအားလုံး မြွေရဲ့ တွန့်လိမ်မှုမျိုးနဲ့ မြွေတွေဆီကို တွားသွားနေကြတယ်။ တချို့က မြွေတွေလိုတောင် တွန်မြည်လို့။ မြွေတွေလို ပါးပျဉ်းတွေ ထောင်လို့။ ဖားလိုအော်တဲ့ကောင်ကို ဖားကမွေးတဲ့ ဖားက လှောင်ပြောင်သရော်ပစ်တဲ့ခေတ်ကို ထူထောင်ပစ်လိုက်ကြတယ်။ ဖားဆိုတာ မြွေတစ်မျိုးပဲ။ ဒီတော့ မြွေလို အော်တတ်ရတယ်လို့ ကျမ်းစာတစ်ပုဒ်ကို ရေးပြီးတိုက်တွန်းလိုက်တယ်။ ဖားတွေ ဖတ်ကြမယ့် ကျမ်းစာတစ်အုပ်လုံးမှာ မြွေတွေရဲ့ နရီစည်းဝါးတွေချည်း ခြုံလွှမ်းထားလိုက်တယ်။ ဒါကို နားမလည်တဲ့ဖားဟာ ဖားအ,ပဲ။ အသိဉာဏ်အနည်းဆုံးကောင်ပဲ။ အဲဒီယူဆချက် စီးပိုးမှုအောက်မှာ ဖားရဲ့ဂန္ထဝင်ဟာ တုံးအောက်က ဖား၊ ပြားတဲ့ဖားက ပြား ဖြစ်ကုန်တယ်။ ဒိုရေမီဖာနဲ့ မနီးစပ်တဲ့ ဖားတွေရဲ့ အုံးအင်ဂါထာ မှန်သမျှဟာ စျာပနခြုံလွှာ ဆင်မြန်းတာ ခံလိုက်ရတယ်။ ဖားသေတွေလောက်ကပဲ သေရွာကနေ ပြန်လာပြီး မိုးခေါ်ကာရန်ကို ဖွဲ့ဆိုနိုင်ကြတော့တယ်။ ဖားအများစုကတော့ မြွေတွန်သံနဲ့ ဖားသာခေတ်ကို ဦးဆောင်နိုင်တယ်လို့ ထင်မှတ်ကြတော့တယ်။ မြွေတွန်သံကို ပြုနိုင်မှသာ ဖားမည်တယ်။ ဒီလိုမှမဟုတ်ရင် ဖားဟာ မည်ကာမတ္တဖားပဲ ဖြစ်လိမ့်မယ်တဲ့။
(၄)
တကယ်တော့ မြွေတွေဟာ ဖားတွေရဲ့ စိတ်အခြေခံနဲ့ ရသစံတန်ဖိုးထားချက်တွေကို ပေါက်သတ်ပစ်ဖို့ ပါးပျဉ်းထောင်ခဲ့ကြတာပဲ။ ဒီအထဲမှာမှ ဖားတွေကိုယ်တိုင်က သူတို့ဘာသာသူတို့ မြွေတွေရှေ့မှာ ဦးညွှတ်ချလိုက်ကြတာလည်းပါတယ်။ မြွေက ဖားရှေ့ရောက်လာသလို မြွေရဲ့ရှေ့မှောက် ဖားရောက်သွားတာလည်းရှိတယ်။ မြွေကဖားကို မျိုချလိုက်တယ်။ အဲဒီအချိန်မှာပဲ ဖားတွေဟာ မြွေဖြစ်သွားတယ်။ ဖားရဲ့ ရသစံတန်ဖိုးတွေကို မြွေရဲ့ စိတ်အခြေခံတွေနဲ့ အစားထိုး ပြောင်းလဲပစ်လိုက်တယ်။ အတောင်ကျွတ်ပလူနဲ့ ခြင်တွေ၊ ခြတွေလောက်သာ ဖားစာအဖြစ် သဘောမထားတော့ဘဲ မြွေစာတွေ မှန်သမျှကိုလည်း စည်သွပ်ဘူးလုပ်ဖို့ ကြိုးစားကြတယ်။ မိုးရွာဖို့လောက်သာ ဖားတွေ အော်နေကြတာ မဟုတ်တော့ဘူး။ မိုးဖွဲ့လင်္ကာလောက်သာ ရေးထားတဲ့ ဖားတေးကဗျာတွေ မဟုတ်တော့ဘူး။ မြွေလို တွန်မြည်ရင်းနဲ့ ဖားဟာ ကြွက်တစ်ကောင်ကို ကာရန်မဲ့ ချောင်းလိုက်ပြန်သေးတယ်။ ယုန်တစ်ကောင်ကို မြွေအမြီးခတ်သံ သံစဉ်မျိုးနဲ့ ညှို့ယူလိုက်ပြန်သေးတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေတုန်းကတော့ ဖားဟာ မြွေတန်ဖိုးတွေအားလုံးကို မှောက်မှားတာတွေချည်းပဲလို့ ခံစားခဲ့ကြဖူးတာ။ မြွေတွေပြောတဲ့ ကမ္ဘာလုံးတဲ့အကြောင်းကိုတောင် ခါးခါးသီးသီး ငြင်းပယ်တော်မူခဲ့ကြသေးတယ်။ မြွေတွေဟာ ကမ္ဘာလုံးမိစ္ဆာတွေပဲတဲ့။ စောစောပိုင်းကတော့ ဖားတွေဟာ ကမ္ဘာလုံးတဲ့ဘက်မှာ မရပ်တည်ကြပါဘူး။ အပြားပေါ်မှာပဲ မိုးခေါ်နေကြတာ။ မြွေတွန် သံတွေကိုတောင် မိစ္ဆာတွေရဲ့ မိုးကြိုးသံလို့ မှတ်ထင်ထားကြတယ်။ နောက်တော့ မြွေတွန်သံတွေရဲ့ အဓိပ္ပာယ်ကို နားလည်သွားတဲ့အခါကျတော့ ဖားဟာ မြွေတွေကို အထင်ကြီးသွားတယ်။ ထန်းပလပ်ကို နတ်ရုပ်ထင်မှတ်သွားတယ်။ ဒီလိုနဲ့ ဖားဟာ မြွေမျိုခံဖို့ သူကိုယ်တိုင်က လိုလိုချင်ချင် ခေါင်းထိုးပေး လိုက်ရတယ်။ ဒီအနီးတစ်ဝိုက်မှာ ဖားတွေ မရှိတော့ဘူး။ အားလုံးကို မြွေတွေ မျိုသွားပြီ။
(၅)
တကယ်တမ်းက ဖားကို မြွေမျိုတဲ့ကိစ္စမှာ မြွေတွေကိုယ်တိုင်ကလည်း တန်ခိုးတော် အနန္တကို ချူဆွဲဖို့ ကမ္ဘာလှည့်စက်ကို ရွက်တင်ခဲ့ကြတာ ပါတယ်။ ဖားတွေကိုယ်တိုင်ကလည်း ကြိုးညှိစရာမလိုဘဲ မြွေချူသံတွေနဲ့အတူ ကချင်၊ ခုန်ချင်ကြတာပါတယ်။ အဆုံးမှာတော့ တစ်မိုးလုံး ဖျောက်ဆိပ်ဆိုင်ရာ ယဉ်ကျေးမှုကြီးထဲမှာ ဖားဟာ ဖားတွေပါလို့ ဖားဒြပ်၊ ဖားထည်ပျောက်ရင်း ဖားဖြစ်ကြောင်းကို မြွေတွန်သံနဲ့ သံတော်ဦးတင်နေလေရဲ့။