တရုတ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုဟူသည် တရုတ်နည်း တရုတ်ဟန် ဆိုရှယ်လစ်ဝါဒဟူ၍လည်းကောင်း၊ ဆိုရှယ်လစ်စျေးကွက် စီးပွားရေးဟူ၍လည်းကောင်း ရည်ညွှန်းခေါ်ဆိုသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှု စီမံကိန်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီအတွင်းရှိ ပြုပြင်ပြောင်းလဲရေးသမားများကို တိန့်ရှောင်ဖိန်က ဦးဆောင်၍ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်သည်။
၁၉ ရာစုမတိုင်မီက တရုတ်သည် ကမ္ဘာ့အကြီးဆုံးနှင့် အတိုးတက်ဆုံးစီးပွားရေးတစ်ရပ်ရှိခဲ့သည်။ ၁၈ ရာစုတွင် အဒမ်စမစ်က တရုတ်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး၊ မြေသြဇာအကောင်းဆုံး၊ မွေးမြူရေးအကောင်းဆုံး၊ စက်မှုအထွန်းကားဆုံး၊ အကြွယ်ဝဆုံးနှင့် မြို့ပြအဆန်ဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်ဟု အခိုင်အမာပြောကြားခဲ့သည်။ တရုတ်စီးပွားရေးသည် ၁၆ ရာစုမှစ၍ တိုးတက်မှုမရှိတော့ဘဲ ၁၉ ရာစုနှင့် ၂၀ ရာစုနှစ်များစွာတို့၌ ကျဆင်း၍ပင်လာခဲ့သည်။ သို့သော် ၁၉၃၀ ပြည့်လွန်နှစ်များ၌ အချိန်တိုအတွင်း နာလန်ထခဲ့သေးသည်။
ကွန်မြူနစ်ပါတီအာဏာပိုင်များက ၁၉၇၈ ခုနှစ်တွင် စျေးကွက်စီးပွားရေးစည်းမျဉ်းများကို စတင်မိတ်ဆက်လျက် အဆင့်နှစ်ဆင့်ဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့သည်။ ပထမအဆင့်အဖြစ် ၁၉၇၀ ပြည့်လွန်နှစ်များ အနှောင်းပိုင်းနှင့် ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်း၌ စုပေါင်းလယ်ယာများ ဖြေလျှော့မှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်မှုနှင့် လုပ်ငန်းများ စတင်လုပ်ကိုင်ရန် စွန့်ဦးလုပ်ကိုင်သူများကို ခွင့်ပြုမှုတို့ ဆောင်ရွက်ခဲ့သည်။ သို့သော် စက်မှုလုပ်ငန်းအများစုအား နိုင်ငံတော်က ပိုင်ဆိုင်ဆဲဖြစ်သည်။ ဒုတိယအဆင့်အဖြစ် ၁၉၈၀ ပြည့်လွန်နှစ်များ အနှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ်များ၌ နိုင်ငံပိုင်လုပ်ငန်းများစွာကို ပုဂ္ဂလိကပေးခြင်းနှင့် ကန်ထရိုက်စနစ်ပေးခြင်းပြုလုပ်မှု၊ စျေးနှုန်းထိန်းချုပ် ကန့်သတ်မှုများ၊ ပြည်တွင်းလုပ်ငန်းများကို ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ အကာအကွယ်ပေးမှု မူဝါဒနှင့် စည်းမျဉ်းများကို ဖြေလျှော့ပေးမှုတို့ ဆောင်ရွက်ခဲ့သည်။ သို့သော် ဘဏ်လုပ်ငန်းနှင့် ရေနံလုပ်ငန်းတို့ကိုမူ နိုင်ငံတော်က လက်ဝါးကြီးအုပ်ထားဆဲဖြစ်သည်။ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍသည် သိသိသာသာ ကြီးထွားလာပြီး ၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံ ဂျီဒီပီ၏ ရာခိုင်နှုန်း ၇၀ မှာ ပုဂ္ဂလိကကဏ္ဍဖြစ်လာသည်။ ၁၉၇၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ စီးပွားရေးကြီးထွားမှုမှာ မျှော်လင့်မထားသည့် အတိုင်းအတာဖြစ်လာပြီး တစ်နှစ်လျှင် ၉ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ ကွန်ဆာဗေးတစ်ဆန်သော ဟူ- ဝမ် အစိုးရလက်ထက် (ဟူကျင်းတောင်နှင့် ဝမ်ကျားပေါင်)တွင် စီးပွားရေးကို ပို၍ပြင်းထန်စွာ ထိန်းချုပ်လာပြန်ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုအချို့ နောက်ကြောင်းပြန်သွားခဲ့သည်။
တရုတ်စီးပွားရေးမူဝါဒများနှင့် အကောင်အထည်ဖော်ပုံနည်းလမ်းများ အောင်မြင်မှုသည် တရုတ်လူ့အဖွဲ့အစည်းအတွင်း ကြီးစွာသောအပြောင်းအလဲများ ဖြစ်စေခဲ့သည်။ စျေးကွက်စီးပွားရေး လက္ခဏာရပ်များနှင့်အတူ တရုတ်အစိုးရ၏ အတိုင်းအတာကျယ်ပြောသော စီမံကိန်းများသည် ဆင်းရဲမွဲတေမှုကို အကြီးအကျယ်လျှော့ချနိုင်ခဲ့သော်လည်း ဝင်ငွေနှင့် ဝင်ငွေမညီမျှမှုများ မြင့်တက်လာခဲ့သည်။ ယင်းသည် လက်ဝဲလက်သစ်များ ဦးဆောင်သည့် မကျေနပ်မှုများဆီ ဦးတည်သွားစေခဲ့သည်။ ပညာရပ်ဆိုင်ရာအမြင်တွင် ပညာရှင်များက တရုတ်နိုင်ငံ၏ နှစ်လမ်းသွားစီးပွားရေးအောင်မြင်မှုနှင့်ပတ်သက်၍ အကြောင်းတရားကို ငြင်းခုံခဲ့ကြပြီး အရှေ့ဥရောပနိုင်ငံများနှင့် ဆိုဗီယက်ယူနီယံ၏ ဆိုရှယ်လစ်ဝါဒ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများအပြင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများ ကြီးထွားလာမှုတို့နှင့် နှိုင်းယှဉ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ပြုပြင်ပြောင်းလဲမှုများက တရုတ်နိုင်ငံအား ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် တိုးထွက်လာစေခဲ့ပြီး နိုင်ငံတကာ ပထဝီနိုင်ငံရေး အကျိုးစီးပွားကို ပြောင်းလဲသွားစေခဲ့သည်။
ယေဘုယျသဘောအရ ပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင်သည့် သမ္မတရှီကျင်ပင်း တက်လာပြီးနောက် တိန့်ရှောင်ဖိန်ခေတ် ပြုပြင်ပြောင်းလဲရေးသည် နောက်ကြောင်းပြန် သွားခဲ့သည်။ စီးပွားရေးအပါအဝင် တရုတ်လူ့အဖွဲ့အစည်း၏ မျက်နှာစာများစွာအပေါ် ကွန်မြူနစ်ပါတီက ပြန်လည်ထိန်းချုပ်မှုများ ပြုလုပ်လာသည်။ ယင်းကဲ့သို့ လစ်ဘရယ်လိုက်ဇေးရှင်းကို ဖြိုဖျက်ခြင်းအား အချို့က အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲဖြစ်စေသည့် အကြောင်းအရာတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ တရုတ်အစိုးရသည် တရုတ်အစိုးရပိုင်များ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးစီးပွား ပြိုင်ဆိုင်ရာတွင် မညီမျှမှု၊ ခွဲခြားဆက်ဆံမှုတို့ ပြုသည်ဟု အမေရိကန်က စွပ်စွဲခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၌ လေ့လာစရာ နမူနာများစွာပါရှိသည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇန်နဝါရီ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်