မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စပါးစိုက်တောင်သူ ရာသီပေါ်သီး နှံစိုက်တောင်သူတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ နှစ်စဉ်ရာသီအချိန်တိုင်းမှာ သီးနှံများစိုက်ပျိုးရာမှာ သွင်းအားစုတွေ လုံလောက်ဖို့အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးနေသလို နှစ်စဉ်လိုလို လဲ ချေးငွေကြွေးကျန်များ ဆုံးရှုံးမှုများကိုလည်း ကြုံတွေ့နေရပါတယ်။ ဒါတွေဟာ ဘာကြောင့်များ ဖြစ်ပေါ်နေရပါသလဲ။
မြန်မာ့လယ်ယာဖွွံ့ဖြိုးရေးဘဏ် ပေါ်ထွန်းလာပုံ
၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ စာပေဗိမာန်အဆောက်အအုံ (ထိုအချိန်ကဆိုရန် တိုဗီလာ) မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးဆောင်ပြီးတော့ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ပြည်လည်ထူထောင်ရေး ကွန်ဖရင့်ကြီးမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တောင်သူလယ်သမားများ လယ်ယာလုပ်ကိုင်ရာမှာ သွင်းအားစုငွေကြေးပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့အရေး စိုက်ပျိုးရေးဘဏ်အဖြစ် တည်ထောင်ဖြေရှင်းရန် ဆွေးနွေးခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်မှာ ထိုအချိန်က စီမံကိန်းရေးဆွဲရေး အကြံပေးပုဂ္ဂိုလ် ဂျေအက်စ်မာနီမယ်လ်က ကြီးမှူးပြီးတော့ စိုက်ပျိုးရေးဘဏ်ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၅၃ ခုနှစ် မှာတော့ နိုင်ငံတော် စိုက်ပျိုးရေးဘဏ် အက်ဥပဒေကို ပြဋ္ဌာန်းပြီး နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကို ဇွန် ၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အချိန်ယူရေးဆွဲဆွေးနွေးပြီးမှ ဥပဒေများပြဋ္ဌာန်းကာ နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကို စတင်တည်ထောင်ခဲ့တာပါ။
၁၉၆၇ ခုနှစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်၏ စိုက်ပျိုးရေး ချေးငွေဌာနအဖြစ် အသွင်ပြောင်းခဲ့ပါသေးတယ်။ ထို့နောက် ၁၉၇၅ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ဘဏ်ဥပဒေအရ မြန်မာ နိုင်ငံစိုက်ပျိုးရေးဘဏ်အဖြစ် ထပ်မံပြောင်းလဲခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ မြန်မာ့စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဘဏ် ၁၉၉၇ ခုနှစ်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟု အမည်ပြောင်းလဲဖွဲ့စည်းကာ ယနေ့အချိန်ထိ တောင်သူလယ်သမားများ ကို ချေးငွေ ထုတ်ချေးပေးနေလျက်ရှိပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများထံ တစ်နှစ်လျှင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ၊ မိုးကြိုစိုက်ပျိုးစရိတ် ချေးငွေဆိုပြီး သုံးကြိမ်တိုင်တိုင် ချေးငွေများ ထုတ်ပေးပေးပါတယ်။ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို မေလမှ စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးပီးတော့ နောက်တစ်နှစ် ဧပြီ ၁၅ ရက် နောက်ဆုံးထားပြီး ပြန်လည်ပေးဆပ်စေခဲ့ပါတယ်။ ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေကိုတော့ အောက်တိုဘာလကုန်မှ ဇန်နဝါရီလကုန်ထိ ထုတ်ချေးပေးပြီးတော့ နောက်တစ်နှစ် ဇွန်လ ကုန်မှာ ပြန်လည်ပေးဆပ်စေခဲ့ပါတယ်။ မိုးကြို စိုက်ပျိုးစရိတ်ချေးငွေများကိုတော့ ဇန်နဝါရီလမှ မတ်လ ကုန်အထိ ထုတ်ချေးပေးပြီးတော့ နောက်တစ်နှစ် ဖေဖော်ဝါရီမှာ ပြန်လည်ပေးသွင်းစေပါတယ်။ တောင် သူအများစုကတော့ သတ်မှတ်ရက်အတိုင်း ပြန်လည်ပေးသွင်းနိုင်မှုနည်းပါးပြီး ပထမရာသီအတွက် ချေးငွေကို ဒီနေ့ဆပ် နောက်ရက်ကို ဒုတိယရာသီအတွက် ချေးငွေပြန်လည်ထုတ်ယူတဲ့ စနစ်ဖြစ်တဲ့ ထုတ်ဆပ်စနစ်ကိုပဲ အသုံးပြုနေကြပါတယ်။
ချေးငွေကြွေးကျန် ဘာကြောင့်များသလဲ
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များအားလုံးအနက် စိုက်ပျိုးစရိတ်ချေး ငွေကြွေးကျန်အများဆုံးဟာ ဧရာဝတီတိုင်းဒေသကြီးပဲ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့ တောင်သူများထံမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြန်လည်ရရှိရန် ကျန်ရှိနေတဲ့ စိုက်ပျိုးစရိတ်ကြွေး ကျန်ဟာ တစ်နိုင်ငံလုံးကြွေးကျန်များရဲ့ ရာခိုင်နှုန်းငါးဆယ်အထက်မှာ ရှိနေပါတယ်။ စပါးစိုက်တောင်သူ အများဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်နေသည့်အပြင် နှစ်စဉ်လိုလို ဖောက်ပြန်လာသည့် ရာသီဥတုများကြောင့် လယ်ယာများ ပျက်စီးမှုများ များပြားသည့်အပြင် အခြားသော အကြောင်းအရာများလည်း ရှိနေပါသေးတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ တောင်သူများစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန် စတင်တင်ရှိတာဟာ ၂၀၁၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကနေ စတင်ခဲ့တာပါ။ စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့် ထုတ်ချေးပြီးချိန်ကနေ စတင်ပြီး တော့ ချေးငွေကြွေးကျန်များ များပြားခဲ့တယ်ဆိုရင် မမှားပါဘူး။ တစ်ချိန်က လယ်တစ်ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေဟာ သောင်းဂဏန်းမျှကနေ လယ်တစ်ဧကကို တစ်သိန်းနှုန်း ဒီကနေမှလယ်တစ်ဧကကို တစ်သိန်းငါးသောင်းကျပ်နှုန်းထိ တိုးမြှင့် ထုတ်ချေးပေးပါတော့တယ်။ တောင်သူတစ်ဦးကို လယ်ဆယ်ဧကနှုန်းထိ ထုတ်ချေးပေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးဟာ ရေကြီးနစ်မြုပ်မှုဒဏ်ကို များစွာခံစားခဲ့ရပါတယ်။ ဒါ့အပြင် ပျက်ယွင်းလာတဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် ရာသီဥတုဖောက်ပြန်မှုကိုလည်း နှစ်စဉ်လိုလိုတွေ့ကြုံ ခဲ့ရမှုကြောင့် လယ်ယာမြေအများစုဟာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ စပါးတစ်ရာသီ ပျက်စီးဆုံးရှုံးခဲ့ရင် သုံးရာသီ ပြန်လည်ပေးဆပ်ရတယ်ဆိုတာ တောင်သူလယ်သမားအားလုံး သိပါတယ်။ ဒီလိုကနေ စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်တွေ များပြားလာတော့တာပဲ။ တောင်သူစစ်စစ်က စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်သလို လှည့်ဖြားထုတ်ယူသူတွေကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကအကြွေးကျန် ပိုမိုများပြားစေခဲ့တာပါ။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တောင်သူများကို ချေးငွေထုတ်ချေးပေးရာမှာ တောင်သူများကို တိုက်ရိုက်ထုတ်ချေးပေးတာ မဟုတ်ပါဘူး။ကျေးရွာအဆင့် ချေးငွေ စိစစ်ရေးအဖွဲ့တွေကနေ အဆင့်ဆင့် တက်လာတဲ့ ထောက်ခံချက်များကနေ ထုတ်ချေးပေးတာပါ။ ကျေးရွာအဆင့် ချေးငွေစိစစ်ရေးအဖွဲ့ဝင် အချို့ဟာ လယ်ယာမြေအမှန်တ ကယ်လုပ်ကိုင်ခြင်းမရှိတဲ့သူကို နားလည်မှုပေးကာ ထုတ်ချေးပေးခြင်း၊ စိစစ်ရေးအဖွဲ့ဝင်အချို့ရဲ့မရိုးဖြောင့်စွာ ချေးငွေလိမ်လည်ထုတ်ယူခြင်းတွေကနေ စိုက်ပျိုးစရိတ်ကြွေးကျန် များစွာ ကျန်ရှိနေပါတော့တယ်။
စိုက်ဘဏ်က မစိစစ်နိုင်တာလား
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရာမှာ အဆင့်ဆင့်သော ချေးငွေစိစစ်ရေးကော်မတီများမှတစ်ဆင့် တင်ပြထောက်ခံထားတဲ့ ထောက်ခံမှုများနှင့် တောင်သူများရဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစ ံ(၇) ကို စိစစ်ကာ ထုတ်ချေးရပါတယ်။ ပုံစံ (၇) ကို စတင်ထုတ်ပေးတဲ့အချိန်ကတည်း အလျင်အမြန် ထုတ်ပေးရေးဆိုပြီး လုပ်ဆောင်စေခဲ့တဲ့အတွက် ပုံစံ (၇) အချို့ဟာ မြေပြင်နဲ့ ကွဲလွဲမှုတွေရှိခဲ့ ပြီး ပုံစံ (၇) အချို့ဟာ ပြင်ဆင်ဖျက်ရာများစွာနဲ့ ဖြစ်နေခဲ့ပါတယ်။ ဥပမာ လယ်ယာမြေ ခုနစ်ဧကပဲရှိတဲ့ တောင်သူတစ်ဦးဟာ အောက်ခြေမှာ ခွန်နှစ်ရဲ့ရှေ့မှာတစ်ဆိုတဲ့အက္ခရာကို တစ်လုံးတိုးရေးပြီး ဘဏ်ကအများဆုံး ထုတ်ချေးတဲ့ ၁၀ ဧကစာ စိုက်ပျိုး စရိတ်ချေးငွေကို ရယူပါတယ်။ ပိုင်ဆိုင်မှုထက် ပိုမိုနေတာမို့ ပြန်လည်ပေးဆပ်ရမယ့်အချိန်ကျတော့ ပေးဆပ်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါတွေကို ဘဏ်အနေနဲ့ စိစစ်နိုင်ဖို့ ခက်ခဲလှပါတယ်။
လူအများစုကို ထိတွေ့ဆက်ဆံရပြီး ငွေလုံးငွေရင်းများစွာကို ကိုင်တွယ်အသုံးပြုနေရတဲ့ ဌာနများထဲမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာလည်း ပါဝင်ပါတယ်။ သို့ပေမဲ့ ဘဏ်တစ်ခုရဲ့ ဖွဲ့စည်းပုံ ပြည့်မီမှုမရှိခြင်း၊ ဝန်ထမ်းအင်အား မပြည့်မီခြင်းများဟာ ချေးငွေကြွွေးကျန်များကို စိစစ်နိုင်ဖို့ အခက်အခဲပါပဲ။ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်အဆင့် ဘဏ်ခွဲများမှာ ပျမ်းမျှဝန်ထမ်းဦးရေ ဟာ ၁၂ ဦးပဲရှိပါတယ်။ ဒါဟာ ဘဏ်ခွဲမန်နေဂျာအဆင့်ကနေ ညစောင့် လုံခြုံရေးဝန်ထမ်းအထိ ပါဝင်နေတဲ့ ဦးရေပါ။ ပျမ်းမျှဝန်ထမ်း ၁၂ ဦးမှာ ငါးဦးခန့်ကသာငွေကြေးနဲ့ စာရင်းဇယားများကို ကိုင်တွယ်ခွင့်ရှိသူ ဝန်ထမ်းများဖြစ်ပြီး အခြားသော အဆင့် ဆင့်ဝန်ထမ်းများကတော့ ရုံးလုပ်ငန်းအချို့ကိုသာ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒီဝန်ထမ်းဦးရေနဲ့ စိုက် ပျိုးစရိတ်ချေးငွေတွေကို စိစစ်နိုင်ဖို့ ဆိုတာမလွယ်လှပါဘူး။ ဘဏ်ရဲ့ လုပ်ငန်းစဉ်များဖြစ်တဲ့ တောင်သူများကို ချေးငွေထုတ်ပေးရန် စိစစ်ခြင်း၊ ချေးငွေထုတ်ပေးခြင်း၊ ချေးငွေ ပြန်လည်ကောက်ခံခြင်း၊ ကြွေးကျန်များကို စိစစ်ခြင်းစတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ဆိုတာ ဒီဝန်ထမ်းအင်အားနှင့် မမျှတတာကနေ လုပ်ငန်းဆောင်ရွက်ချက် လစ်ဟာမှုတွေ ဖြစ်လာပါတော့တယ်။
ဥပမာအားဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပုသိမ်မြို့နယ် ဘဏ်ခွဲအနေနဲ့ဆိုလျှင် ဘဏ်မန်နေဂျာကနေ ညစောင့်အထိ ၁၀ ဦးသာ ရှိပါတယ်။ ပုသိမ်မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စုရှိပြီးတော့ တောင်သူလယ်သမားဦးရေ တစ်သောင်းခွဲကျော်ခန့်ရှိပါတယ်။ ငွေကြေးနဲ့ စာရင်းဇယားတွေကို ကိုင် တွယ်အသုံးပြုနိုင်တဲ့ ဝန်ထမ်းများအနေနဲ့ ဝန်ထမ်းတစ်ဦးဟာ တောင်သူဦးရေ နှစ်ထောင်ခန့်ရဲ့ ချေးငွေ ထုတ်ချေးပေးရေး ချေးငွေပြန်လည်ကောက်ခံရေး အစစအရာရာကို လုပ်ဆောင်နေရတာပါ။ ဒါ့အပြင် မြို့နယ်အဆင့် ဘဏ်ခွဲကြီးတစ်ခု အနေနဲ့ ငွေကြေးစာရင်းဇယားများ တိကျစွာ ရေးဆွဲနိုင်ဖို့ ကွန်ပျူတာ တစ်လုံးတောင်မှ မပိုင်ဆိုင်ပါဘူး။ ဘဏ်ရဲ့ ဝင်စာထွက်စာများအားလုံး ကို ပြင်ပကွန်ပျူတာဆိုင် မိတ္တူဆိုင် များမှာ သွားရောက်လုပ်ဆောင်နေရတယ်ဆိုတာဟာ မဖြစ်သင့်တဲ့ အခြေ အနေပါပဲ။ ဘဏ်ခွဲတစ်ခုသာဖြစ်နေ ပေမဲ့ ငွေအတုအစစ်ခွဲခြားစက်တောင် ဝန်ထမ်းအားလုံးရဲ့ စုပေါင်းထည့်ဝင်ငွေနဲ့ ဝယ်ယူထားရတဲ့အဖြစ်ဟာ အခုလို တစ်သောင်းတန်ငွေစက္ကူများ အတုများစွာ ပေါ်ထွက်နေချိန်မှာ ဝန်ထမ်းများအတွက် ဝန်ထုပ်ဝန်ပိုးပါပဲ။ ဘဏ်ခွဲကြီးမို့ ငွေကြေးများ ယာယီထားရှိဖို့ လုံခြုံရေးအခန်းနဲ့ ငွေတိုက်ဆိုတာလည်း ဘယ်ဘဏ်ခွဲမှာမှ မရှိပါဘူး။ တောင်သူများရဲ့ ပြန်လည်ပေးသွင်းလာတဲ့ ချေးငွေတွေကို ညနေရုံးဆင်းချိန်မှာ တစ်လုံးတည်းသာရှိသော ငွေရေစက်နဲ့ရေတွက်ပြီး အထုပ်များထုပ်ကာ မြန်မာ့စီးပွားရေးဘဏ်ကို အပြေးအလွှား သွားရောက်ပေးသွင်း ရသည်ချည်းပါပဲ။ တစ်ခါတစ်ရံ အ ချိန်နောက်ကျခဲ့သော ရက်များဆိုလျှင် ရဲတပ်ဖွဲ့အကူအညီတောင်းခံပြီး ညလုံးပေါက် အလှည့်ကျစနစ်နဲ့ ငွေများကို ထိန်းသိမ်းနေရတာဟာ တောင်သူအများစုနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံရပြီး ငွေကြေးများစွာ လည်ပတ်စီးဆင်းနေရတဲ့ ဘဏ်လုပ်ငန်းစဉ်ကြီးတစ်ခုအတွက် ပြက်ရယ်ပြုစရာတစ်ခုလိုဖြစ်နေပါတယ်။
တောင်သူတစ်ဦးချင်းစီရဲ့ စိုက်ပျိုးစရိတ်ချေးငွေများကို လုံလောက်သော ဝန်ထမ်းအင်အား နည်းပညာ စက်ကိရိယာများနှင့် မစိစစ်နိုင်ခြင်း၊ ချေးငွေပြန်လည် မပေးသွင်းသည့် တောင်သူများအား ကြွေးကျန်လိုက် လံတောင်းယူရန်အတွက်လုံလောက် သော အင်အား ခရီးသွားလာဖို့ ရုံးပိုင် မော်တော်ယာဉ်ဆိုတာဟာလည်း မလုံလောက်ပါဘူး။ ဒါ့အပြင် ချေးငွေကြွေးကျန် တောင်သူတစ်ဦးဆီကို တရားရင်ဆိုင် ပြန်လည်တောင်းခံဖို့ ဟာ ပိုမိုမလွယ်ကူတဲ့ ကိစ္စရပ်ပါပဲ။
ချေးငွေကြွေးကျန်တွေကို ဘယ်လိုတောင်းခံနေသလဲ
မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှာ စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်အများဆုံးဟာ ဧရာဝတီတိုင်းဒေသကြီး ဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ ချေးငွေကြွေးကျန်များရဲ့ ရာခိုင်နှုန်း ၅၀ အထက်ကို ကျန်ရှိနေတာဖြစ်ပါတယ်။ ဒါကို ချေးငွေကြွေးကျန် ပြန်လည်ကောက်ခံရနိုင်ရေးအတွက် စီမံချက်တစ်ခု ရေးဆွဲပြီး စတင်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ကြွေးကျန်တောင်သူ တစ်ဦးချင်းစီရဲ့ အမည်စာရင်း နေရပ် ချေးငွေကြွေးကျန်စုစုပေါင်းကို စာရင်းပြုစုနိုင်ရေးအတွက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ ဝန်ထမ်းများကိုပါ ဧရာဝတီတိုင်းဒေသကြီးဘဏ်ခွဲကို ခေါ်ယူ အကူအညီတောင်းပြီးတော့ စီမံချက် အချိန်သုံးလရယူကာ ပြုစုခဲ့ရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။ ဒီလို စာရင်းပြုစုပြီးတော့ ချေးငွေကြွေးကျန်တွေကို လိုက်လံ ကောက်ခံရာမှာ ပထမဦးစွာ လယ်ယာမြေအမှန်တကယ်လုပ်ကိုင်ခြင်းမရှိဘဲ ချေးငွေများထုတ်ယူထားပြီးတော့ ပြန်လည်ပေးသွင်းခြင်းမရှိသည့် သူများကို အရင်ဆုံး တရားရင်ဆိုင် တောင်းယူသွားဖို့ ဦးစားပေးအဖြစ် လုပ်ဆောင်ပြီးတော့၊ လက်ရှိ လယ်ယာမြေထက် ပိုမိုချေးငွေထုတ်ယူထားပြီး ချေးငွေမပေးဆပ်တဲ့ တောင်သူများကို ဒုတိယအဆင့်အနေနဲ့ တောင်းခံသွားခြင်း၊ လက်ရှိ လယ်ယာလုပ်ကိုင်နေပြီး ရာသီဥတု ဖောက်ပြန်မှု ပိုးမွှားကျဆင်းမှုများကြောင့် လယ်ယာများပျက်စီးခဲ့ရပြီး အမှန်တကယ် ချေးငွေမပေးဆပ်နိုင် သေးသည့် တောင်သူများကို နောက်ဆုံးအဆင့်အဖြစ် တောင်းခံခြင်းများကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ကောက်ခံရရှိတဲ့ စာရင်းများအရ အမှန်တကယ် လယ်ယာမြေလုပ်ကိုင်နေပြီးတော့ လယ်ယာမြေများပျက်စီးမှုကိုကြုံတွေ့ခဲ့ရပြီး ချေးငွေကြွေးကျန်ကိုမပေးဆပ်နိုင်တဲ့ တောင်သူများဟာ အရေအတွက်လွန်စွာနည်းပါးနေပြီး လိမ်လည်ချေးငွေထုတ်ယူထားသူ အများစုကသာ ချေးငွေများကို မပေးဆပ်ခဲ့တာလို့ ဖော်ပြနေပါတယ်။ ဘာကြောင့် ကြွေးကျန်များပြားနေရလဲဆိုတဲ့ အဖြေဟာ ပေါ်ထွက်ခဲ့ပါတယ်။
အမှန်တကယ် လယ်ယာမြေ လုပ်ကိုင်နေခြင်းမရှိဘဲ စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူပြီး အခြားသောစီးပွားရေးလုပ်ငန်းများမှာ ရင်းနှီးထားတဲ့ လူအချို့ကို ဖော်ထုတ်ဖို့ နောက်နောင် ချေးငွေ ထုတ်မချေးဖို့ဆိုတာ စိစစ်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်ခဲ့ပါပြီ။
အဆင့်မြှင့်တင်ရမယ့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
မြန်မာ့လယ်ယာစနစ် ပြောင်းလဲတိုးတက်လာရေးအတွက် အကျိုးတူ လယ်ယာမြေစနစ်များ စနစ်ကျ လယ်ယာမြေစနစ်များကို အစိုးရပိုင်းမှ လုပ်ဆောင်အကောင်အထည် ဖော်နေပြီဖြစ်ပေမဲ့ တောင်သူအားလုံးကို လွှမ်းခြုံနိုင်ဖို့ဆိုတာ ဆယ်စုနှစ်တစ်ခုစာအတွင်း ဖြစ်တည်ရန် မလွယ်နိုင်သေးတာကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ အရေးပါတဲ့ နေရာမှာ ဆက်ရှိနေဦးမှာပဲဖြစ်ပါတယ်။ ပြောင်းလဲကျင့်သုံးလိုက်တဲ့ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးတဲ့ စနစ်သစ်အရ တောင်သူတစ်ဦးချင်းစီဟာ မိမိတို့ကိုယ်ပိုင် ပုံစ (၇) မူရင်းကို ဘဏ်မှာ အပ်နှံထားပြီး တစ်ဦးချင်းအလိုက် ထုတ်ချေးရတဲ့ စနစ်တစ်ခုဖြစ်နေပါပြီ။ ဒီစနစ်ဟာ အားသာချက်များစွာရှိနေပေမဲ့ တောင်သူတစ်ဦးချင်းစီရဲ့ ချေးငွေ ဆပ်ငွေများကို မလုံလောက်တဲ့ ဘဏ်ဝန်ထမ်း အခြေအနေ မပြည့်စုံတဲ့ နည်းပညာမရှိတဲ့ စက်ကိရိယာအကူ အညီများနဲ့ ပြည့်စုံအောင် အကောင်အထည်ဖော် ဆောင်ရွက်ဖို့မလွယ်လှပါဘူး။ ပြင်ရာဖျက်ရာများနဲ့ ပုံစံ (၇) များကြောင့်လည်း လုပ်ငန်းများ လွဲမှားမှုများစွာ ရှိနေပါသေးတယ်။ စိုက်ပျိုးစရိတ်ကြွေးကျန်များ အချိန်မီ ပြန်လည်ကောက်ခံနိုင်ရေး အလေလွင့်မရှိစေရေးနဲ့ စစ်မှန်သော တောင်သူလယ်သမားကို ပိုမိုစွာ ချေးငွေများ နှစ်တိုနှစ်ရှည် ထုတ်ချေးပေးနိုင်ရေးအတွက်ဆိုလျှင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို လူအင်အား စက်ကိရိယာအင်အားနဲ့ နည်းပညာများ တိုးမြှင့်ပေးဖို့ လိုအပ်နေပါတယ်လို့ တင်ပြလိုက်ပါတယ်။