နတ်တလူ သာသနာပြုစခန်းတွင် အစောင့်တာဝန်ယူထားသည့် ဦးဝရဉာဏကို ကာမလိမ်လည်မှု၊ အတင်းအဓမ္မ ခြိမ်းခြောက် လက်ထပ်စေခိုင်းမှုတို့ဖြင့် ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီး

နတ်တလူ သာသနာပြုစခန်းတွင် အစောင့်တာဝန်ယူထားသည့် ဦးဝရဉာဏကို ကာမလိမ်လည်မှု၊ အတင်းအဓမ္မ ခြိမ်းခြောက် လက်ထပ်စေခိုင်းမှုတို့ဖြင့် ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီး
ဦးဝရဉာဏကို ဇန်နဝါရီ ၉ ရက်က ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးခဲ့စဉ်
ဦးဝရဉာဏကို ဇန်နဝါရီ ၉ ရက်က ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးခဲ့စဉ်
Published 9 January 2019
ဌေးလှအောင်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ရှိ နတ်တလူ သာသနာပြုစခန်းတွင် အစောင့်တာဝန်ယူထားသည့် ဦးဝရဉာဏကို ကာမလိမ်လည်မှု၊ အတင်းအဓမ္မခြိမ်းခြောက် လက်ထပ်စေခိုင်းမှုတို့ဖြင့် ရဲတပ်ဖွဲ့က အင်အား အလုံးအရင်းဖြင့် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဦးဝရဉာဏမှာ ကန့်ဘလူမြို့နယ် ရသားကျေးရွာအုပ်စု မင်းကုန်းကျေးရွာနေ မအိစန္ဒာအား အလိုမတူဘဲ ၂၀၁၈ ခုနှစ် အတွင်းက သားမယားအဖြစ် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ အဓမ္မပြုကျင့် ခံခဲ့ရသဖြင့် မအိစန္ဒာမှာ ကိုယ်ဝန်ရရှိခဲ့ရာ ဦးဝရဉာဏထံသို့ အသိပေးခဲ့ကြောင်း၊ ထိုသို့အသိပေးခဲ့သဖြင့် ဦးဝရဉာဏက ကိုယ်ဝန်ဖြတ်ချရန် စေခိုင်းခဲ့သည့်အပြင် ရွာမှတိတ်တဆိတ် ခေါ်ဆောင်ပြီး အခြားအမျိုးသား တစ်ဦးနှင့် အတင်းအဓမ္မ ခြိမ်းခြောက်၍ လက်ထပ် စေခိုင်းခဲ့ကြောင်း၊ ယင်းကြောင့် နစ်နာခဲ့သည့် ကာယကံရှင်နှင့် မိသားစုတို့က ကန့်ဘလူမြို့နယ် သံဃနာယကအဖွဲ့၊ မြို့နယ်ရဲတပ် ဖွဲ့၊ မြို့နယ်သာသနာရေး အစရှိသည့် သက်ဆိုင်ရာဌာန အသီးသီးထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုင်ကြားချက်များနှင့် ပတ်သက်၍ ကန့်ဘလူမြို့နယ် သံဃနာယကအဖွဲ့က မြို့နယ်ရဲတပ်ဖွဲ့ထံသို့ တည်ဆဲဥပဒေအရ ဆက်လက်ဆောင်ရွက်သွားရန် ၂၀၁၈ ခုနှစ် မေလအတွင်းက အကြောင်းကြားခဲ့ကြောင်း သိရသည်။

နတ်တလူ သာသနာပြုစခန်းအား စတင်တည်ထောင်တော်မူခဲ့သည့် မဟာဗောဓိမြိုင် ဆရာတော်ကြီး ဘဒ္ဒန္တေဥယျဓမ္မသာမိက ယင်းကိစ္စနှင့် ပတ်သက်၍ “နတ်တလူ သာသနာပြုစခန်းကို ရန်ကုန်မြို့ မဟာစည်ရိပ်သာကြီး၏ ဖွဲ့ထုံးကို အတုယူ၍ ဖွဲ့စည်းပေးထားခဲ့ကြောင်း၊ နတ်တလူ သာသနာပြုစခန်းရှိ သာသနိက အဆောက်အအုံအားလုံး သံဃိက (သံဃာတော်အများပိုင်) အဖြစ် ရေစက်ချထားပါကြောင်း၊ ဝရဉာဏအား နတ်တလူ သာသနာပြုစခန်းတွင် (ရက္ခိတ-ဂေါပိတ) အဖြစ် အစောင့်မျှသာ တာဝန်ပေးထားပါကြောင်း၊ သို့ဖြစ်ပါ၍ ရောက်ရှိလာသည့် အမှုနှင့် ပတ်သက်လျှင် အမှုထင်ရှားပါက ဓမ္မစက်၊ အာဏာစက်တို့ဖြင့် လိုအပ်သလို ဆောင်ရွက်နိုင်ပါကြောင်း” ကန့်ဘလူ မြို့နယ် သံဃနာကယအဖွဲ့ထံသို့ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက စာရေးသား လျှောက်ထားခဲ့ကြောင်း သိရသည်။

“နတ်တလူ သာသနာပြုစခန်းက ရဟန်းယောဂီဖြစ်သူ ဦးဝရဉာဏကို ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့က သူရှိနေတဲ့ သာသနာပြုစခန်းထဲကို ဝင်ရောက်ပြီးတော့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ကိုရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ပြန်ထားတာကြောင့် သာသနာပြု စခန်းထဲအထိ ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ သိရတယ်။ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ချိန်မှာ ဦးဝရဉာဏက အဆောက်အအုံ တစ်ခုထဲမှာ ပုန်းအောင်းနေလို့ အခန်းသော့ကိုဖျက်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့ရတာ။ သူ့ကိုအမှုဖွင့်ထားတာက နစ်နာသူ ကာယကံရှင် အမျိုးသမီးက ကာမလိမ်လည်မှု၊ အမျိုးသမီးရဲ့မိခင်က သူ့သမီးဖြစ်သူကို အခြားတစ်ဦးနဲ့ အတင်းအဓမ္မ လက်ထပ်ရန် စေခိုင်းခဲ့မှုတို့နဲ့ အမှုဖွင့်ထားတာ။ လက်ရှိမှာတော့ ဦးဝရဉာဏကို ကန့်ဘလူမြို့မ ရဲစခန်းမှာ ချုပ်ထားတယ်လို့ သိရပါတယ်” ဟုနတ်တလူ သာသနာပြုစခန်းမှ အဖွဲ့ဝင်ဦးဟန်ဝင်းက ပြောကြားသည်။

“ကျွန်မကတော့ ဥပဒေနဲ့အညီ ဖြစ်စေချင်တယ်။ ကျွန်မနစ်နာခဲ့ရတဲ့အတွက် သူ့ကို တရားဥပဒေအတိုင်း ဖြစ်စေချင်တယ်။ တရားမျှတမှု လိုချင်တယ်” ဟု မအိစန္ဒာက ပြောကြားသည်။

သာသနာပြုစခန်း အတွင်းသို့ ရဲတပ်ဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ အနည်းငယ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဦးဝရဉာဏကို ကန့်ဘလူမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၁၇ (ကာမလိမ်လည်မှု)၊ အတင်းအဓမ္မ ခြိမ်းခြောက် လက်ထပ်စေခိုင်းမှု ပုဒ်မ ၃၆၆ ဖြင့်လည်းကောင်း၊ အမှုတွဲတွင် ပါဝင်ပတ်သက်ခဲ့သည့် ဒေသခံငါးဦး  တို့ကို (ပ)၂၂၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၆၆၊ ၃၄၃၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ကျန်ရှိနေသူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရသည်။

 

Most Read

Most Recent