ပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ် ကျိန်စမ်းကျော့ဂိတ် အမြန်ဆုံး ပြန်ဖွင့်ရန် ညှိနှိုင်းလျက်ပြီး လုပ်ငန်းရှင်များ၊ တောင်သူများ နစ်နာမှုများအား စာနာကြောင်းနှင့် အသိအမှတ်ပြုဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ် ကျိန်စမ်းကျော့ဂိတ် အမြန်ဆုံး ပြန်ဖွင့်ရန် ညှိနှိုင်းလျက်ပြီး လုပ်ငန်းရှင်များ၊ တောင်သူများ နစ်နာမှုများအား စာနာကြောင်းနှင့် အသိအမှတ်ပြုဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 9 January 2019
 စိုးမင်းထိုက်

ပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ် ကျိန်စမ်းကျော့ဂိတ် အမြန်ဆုံး ပြန်ဖွင့်ရန် ညှိနှိုင်းလျက်ပြီး လုပ်ငန်းရှင်များ၊ တောင်သူများ နစ်နာမှုများအား စာနာကြောင်းနှင့် အသိအမှတ်ပြုဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ကျိန်စမ်း ကျော့နယ်စပ်ဂိတ်ပေါက် ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး အပါအဝင် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဘက်မှ သံရုံးအရာရှိများ ဆွေးနွေးခဲ့သည်။

အဆိုပါ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက “လုပ်ငန်းရှင်တွေ၊ တောင်သူတွေ နစ်နာတာကို သိပါတယ်။ နစ်နာဆုံးရှုံးမှုတွေ တော်တော်များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကားနဲ့ သယ်သွားကြတယ်။ အချိန်ကုန်တယ်။ ကားခကုန်တယ်။ ပစ္စည်းတွေ ပျက်စီးကုန်တယ်။ လောလောဆယ်မှာတော့ နစ်နာမှုတွေအတွက် ဘာမှတော့ ပေးဖို့မရှိသေးဘူး။ သို့သော်လည်း နစ်နာမှုကို ပြန်ပြီးတော့ သက်သာအောင်လုပ်ဖို့တော့ အခုလောလောဆယ်မှာ အစီအစဉ်မရှိသေးဘူးလေ။ ဒီဂိတ်ကို အမြန်ဆုံး ပွင့်အောင်တော့ လုပ်ရမယ့်သဘော ရှိပါတယ်။ နစ်နာမှုကိုတော့ တို့ဘက်ကလည်း အသိအမှတ်ပြုပါတယ်။ တကယ်လည်း နစ်နာကြပါတယ်။ စာလည်း စာနာပါတယ်။ ကားတွေ ပိတ်တာကတော့ ပြီးခဲ့တဲ့လ ၂၀ ရက်ကနေ စတာ ဒီနေ့အထိပေါ့”ဟု သတင်းထောက်များအား ပြောကြားသည်။

ဆွေးနွေးပွဲသည် အားရစရာကောင်းကြောင်း၊ နှစ်ဖက်စလုံးမှ ဖြေလျှော့မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် နယ်စပ်ဂိတ်အား မည်သို့ပြန်ဖွင့်မည်ကို ဆွေးနွေးကြကြောင်း၊ သို့ရာတွင် ဂိတ်ဖွင့်မည့်ရက်အား အတိအကျ မပြောနိုင်သေးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က “ဒီနေ့ ဆွေးနွေးပွဲက သဘောတူညီချက် ဆိုရင်တော့ သူတို့ဘက်ကလည်း ဂိတ်တွေကို အချိန်ပိုတိုး ဖွင့်ပေးမယ်။ ကျန်တဲ့ဖြေ လျှော့မှုတွေ လုပ်ပေးမယ်ပေါ့။ တို့ဘက်ကလည်း ကျိန်စမ်းကျော့ဂိတ်ကို ပိုမိုလုံခြုံအောင် လုပ်ပြီးတော့ လုံခြုံရေး အခြေအနေပေါ်တော့ မူတည်တာပေါ့။ အဲဒီအပေါ် မူတည်ပြီး တိုးမြှင့်လုပ်ရမှာပေါ့။ အထူးသဖြင့်တော့ ဂိတ်တွေ ဖွင့်တဲ့နေရာမှာ နှစ်ဦးနှစ်ဖက် သဘော တူညီချက်တွေ ရှိတယ်။ ပြန်ပြီးတော့ Review လုပ်ဖို့ ရှိတယ်။ အဲဒါကတော့ ရေရှည်ပေါ့။ ရေတိုမှာတော့ ဒီဂိတ်တွေကို ဘယ်လိုဖွင့်ကြမလဲပေါ့။ မူဝါဒနဲ့ သဘောတူညီချက် ရှိတယ်။ ဒါကိုလည်း သူတို့ တရုတ်ဘက်ကလည်း သူတို့အပိုင်း သူတို့ ဆောင်ရွက်ကြမယ်။ တို့ဘက်ကလည်း ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တို့ဝန်ကြီးဌာနနဲ့ အသေးစိတ်ထပ်ပြီး ညှိနှိုင်းရမှာပေါ့။ အမြန်ဆုံး ဖြစ်အောင်တော့ လုပ်နေပါတယ်။ ဘယ်တော့ စဖွင့်မယ် ဆိုတာတော့ မသိသေးဘူး။ ကျိန်စမ်းကျော့ဂိတ်ဖွင့်ဖို့က လုံခြုံရေး အခြေအနေကလည်း ရှိသေးတာကို။ ဒါကလည်း ထည့်သွင်း စဉ်းစားရမယ့်ကိစ္စ ဖြစ်နေတယ်။ ဖွင့်ဖို့ကတော့ ဆက်ဆွေးနွေးရမှာပေါ့။ သူတို့ဘက်ကတော့ ဒါကိုဖွင့်ဖို့ လိုလားတဲ့ သဘောရှိတယ်။ သို့သော် သူတို့ဘက်က လူဝင်လူထွက်ကို စနစ်တကျ တင်းကျပ်တဲ့အခါကျတော့ ကားတွေက ဟိုတုန်းကလို အလွယ်တကူ ဝင်လို့မရတော့ဘူးပေါ့။ ကန့်သတ်တာတော့ မဟုတ်ဘူး။ သို့သော် လက်ဗွေတို့၊ မျက်နှာဓာတ်ပုံရိုက်တာတို့ဆိုတော့ အချိန်က ကြာသွားတာပေါ့။ ဒါကိုလည်း မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ပေါ့။ ဖြေလျှော့မှုတွေ လုပ်ဖို့ရှိပါတယ်။ မူအားဖြင့် သဘောတူထားပြီ။ ရေရှည်ကတော့ အချိန်ယူရမှာပေါ့။ ဒီလအတွင်း ဖွင့်နိုင်ဖို့တော့ နှစ်ဖက်စလုံးက ကြိုးစားကြရဦးမှာပါ”ဟု သတင်းထောက်များအား ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့  ဖရဲနှင့်သခွား တန်ချိန် တစ်သန်းနီးပါးကို တင်ပို့မည် ဖြစ်ကြောင်း၊ မြန်မာဘက်မှ ဖရဲသခွား တင်ပို့မှုသည် တစ်နှစ်လျှင် တန်ချိန် တစ်သိန်းခန့် တိုးတက်မှုရှိပြီး ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ရှစ်သိန်းခန့်အထိ ပို့နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ကျိန်စမ်းကျော့ဂိတ်ကို တစ်ဖက်နိုင်ငံက ကားလမ်းကြပ်မှု ဖြစ်ပေါ်နေသောကြောင့် ပိတ်ဆို့ထားသည့်အတွက် ဖရဲသခွား စိုက်ပျိုးတင်ပို့သူများအတွက် အခက်အခဲရှိနေကြောင်း၊ ထို့ပြင် ယူနန်ပြည်နယ်ဘက်ကလည်း စနစ်တကျ စိစစ်မှုများ ပြုလုပ်သည့်အတွက် ယခင်ကဲ့သို့ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ခြင်း မရှိသည့်အတွက် အခက်အခဲရှိနေကြောင်း၊ ကျိန်စမ်းကျော့ဂိတ်တွင်  အမြဲတမ်းဝန်ထမ်း မထားနိုင်သည့်အတွက် ယာယီဂိတ် ဖြစ်နေသည့်အတွက် ပုံမှန်ဂိတ် ဖြစ်နိုင်ရန် ဖြေရှင်းနိုင်ပါက ကုန်စည်များ ပိုမို ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။      

Most Read

Most Recent