တရုတ်နိုင်ငံ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့် M.V London သင်္ဘောတွင် ပါဝင်သွားသော မြန်မာသင်္ဘောသားအချို့ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရ

တရုတ်နိုင်ငံ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့် M.V London သင်္ဘောတွင် ပါဝင်သွားသော မြန်မာသင်္ဘောသားအချို့ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရ
တရုတ်နိုင်ငံ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့် M.V London သင်္ဘောအား တွေ့ရစဉ်
တရုတ်နိုင်ငံ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့် M.V London သင်္ဘောအား တွေ့ရစဉ်
Published 9 January 2019
ရွှန်းလဲ့ဝင်း

တရုတ်နိုင်ငံ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့် M.V London သင်္ဘောတွင် ပါဝင်သွားသော မြန်မာသင်္ဘောသားအချို့မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။ 

အဆိုပါ M.V London သင်္ဘောတွင် မြန်မာသင်္ဘောသား ၁၄ ဦးနှင့် ထိုင်ဝမ်နိုင်ငံသား သင်္ဘောသားတစ်ဦး စုစုပေါင်း သင်္ဘောသား ၁၅ ဦးတို့ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် Sun Maritime Co., Ltd မှ မြန်မာသင်္ဘောသား ခြောက်ဦး၊ Leader Marine Overseas Co., Ltd မှ မြန်မာသင်္ဘောသား သုံးဦး၊ Ocean World Shipping Co., Ltd မှ သင်္ဘောသား သုံးဦး၊ Ever Fortune ကုမ္ပဏီ မှ မြန်မာ သင်္ဘောသား နှစ်ဦး စုစုပေါင်း မြန်မာသင်္ဘောသား ၁၄ ဦး လိုက်ပါလာသည့် M.V London သင်္ဘောသည် ဇန်နဝါရီ ၂ ရက် ရှန်ဟိုင်း စံတော်ချိန် ၇ နာရီ ၅ မိနစ်က တရုတ်နိုင်ငံ ရှန်ဂေါင်းပြည်နယ် မြောက်ပိုင်းရှိ HUA-NHAI မြို့၏ ၃၇ မိုင်အကွာ ပင်လယ်ပြင်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောနစ်မြုပ်ချိန်တွင် ရာသီဥတုမှာ အလွန်ဆိုးရွားလာပြီး သင်္ဘောပေါ်တွင် တင်ဆောင်လာသည့် ကုန်များမှာ တစ်ဖက်သို့ ရွေ့လျားမှုဖြစ်ပေါ်ခဲ့ပြီး တစ်ဖက်သို့ တိမ်းစောင်းကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ပျောက်ဆုံး သင်္ဘောသားများအား ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောတွင် ပါဝင်ခဲ့သည့် Sun Maritime Co., Ltd မှ မြန်မာ သင်္ဘောသား ခြောက်ဦးအနက် ကိုမင်းဇော်အောင်၊ ကိုကျော်မင်းဝေ၊ ကိုအောင်အောင်ဦးနှင့် ကိုမြတ်ထွဋ်ဝင်းတို့ လေးဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ရှိ သင်္ဘောသားနှစ်ဦး ဖြစ်သည့် ကိုကျော်ဇေယျာဝင်းနှင့် ကိုကောင်းထက်တို့ အား ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

Leader Marine Overseas Co., Ltd မှ မြန်မာသင်္ဘောသား သုံးဦးအနက် နှစ်ဦးမှာ ပျောက်ဆုံး ရှာဖွေနေဆဲဖြစ်ပြီး၊ ကျန်တစ်ဦးမှာ သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ Ocean World Shipping Co., Ltd မှ သင်္ဘောသား သုံးဦးမှာလည်း ပျောက်ဆုံး ရှာဖွေနေဆဲဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ M.V London သင်္ဘောမှာ အထွေထွေ ကုန်တင်သင်္ဘောဖြစ်ပြီး IMO 9218698 ၊ DWT 336  ဖြစ်ပြီး Central Rise Ltd, Seychelles/Fairwind Nav မှ ကြီးကြပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

နစ်မြုပ်ခဲ့သည့် M.V London သင်္ဘောတွင် ပါဝင်ခဲ့သည့် မြန်မာသင်္ဘောသား နှစ်ဦးအား ကိုရီးယား ငါးဖမ်းသင်္ဘော တစ်စင်းက ကူညီကယ်ဆယ် ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး M.V London သင်္ဘောနစ်မြုပ်မှုတွင် ပါဝင်ခဲ့ပြီး ပျောက်ဆုံးနေဆဲ ဖြစ်သည့် သင်္ဘောသားများအား ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

Most Read

Most Recent