နယ်ခြားစောင့် ရဲကင်းစခန်း လေးခု တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့ လက်တွဲပြီး လုပ်သင့် လုပ်ထိုက်သည်များကို ဆောင်ရွက်မည် ဖြစ်ကြောင်း ရဲချုပ်ပြောကြား

နယ်ခြားစောင့် ရဲကင်းစခန်း လေးခု တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့ လက်တွဲပြီး လုပ်သင့် လုပ်ထိုက်သည်များကို ဆောင်ရွက်မည် ဖြစ်ကြောင်း ရဲချုပ်ပြောကြား
ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 January 2019
ကြည်နိုင်၊  မင်းနိုင်စိုး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်း လေးခု AA လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့ လက်တွဲပြီး လုပ်သင့် လုပ်ထိုက်သည်များကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြိီး အောင်ဝင်းဦးက ပြောကြားသည်။

ဘူးသီးတောင်မြို့နယ်ရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲနှင့် ဇန်နဝါရီ ၇ ရက် တွေ့ဆုံပွဲတွင် ရဲချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက “အခုလို နောက်ကျောကို  ဓားနဲ့ အထိုးခံရတဲ့ အခြေအနေကို ဒီအတိုင်း ထိုင်ကြည့်နေပြီး ခံနေဖို့ မဟုတ်ပါဘူး။ တို့ ရှေ့လုပ်သင့် လုပ်ထိုက်တာတွေ အားလုံးကို တပ်မတော်နဲ့ လက်တွဲပြီး တို့ ဆက်လုပ်သွားရမှာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပူဆွေးသောက ရောက်နေတဲ့ မိသားစုတွေရဲ့ ကိုယ်စား တို့ရှင်လျက် ကျန်ခဲ့တဲ့ သူတွေအားလုံးက လုပ်သင့် လုပ်ထိုက်တာတွေ အားလုံးကို လုပ်သွားရဦးမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ARSA အဖွဲ့ကို အဓိကထားပြီး နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အလေးထား ဆောင်ရွက်နေပြီး တစ်ပိုင်းကလည်း တိုင်းရင်းသား ပြည်သူများ၏ လုံခြုံရေးအတွက်လည်း ဆောက်ရွက်ခဲ့ကြောင်း၊ အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအနေဖြင့် အဓိကအားဖြင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာများမှ တိုင်းရင်းသားများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးအတွက် စောင့်သော စခန်းတွေ ဖြစ်ကြောင်း ရဲချုပ်က ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက အာဆာကို အဓိကထားပြီးတော့ ဒီနယ်မြေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို အလေးထားပြီး လုပ်နေခဲ့ပါတယ်။ အဲဒီလို တပ်ပိုင်းက အလေးထား လုပ်နေရင်းနဲ့ပဲ တို့တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ လုံခြုံရေးအတွက်လည်း ဆောင်ရွက်ပါတယ်။ အခု တို့နယ်ခြား (၃) တာဝန်ယူထားရတဲ့ စခန်းတွေက အဓိကအားဖြင့်တော့ နယ်စပ်ခြံစည်းရိုးကို စောင့်တဲ့ စခန်းတွေလည်း မဟုတ်ဘူး။ နောက်တစ်ခါ နယ်စပ် ချောင်းပေါက်ဝတွေကို ထိန်းထားတဲ့ စခန်းတွေလည်း မဟုတ်ဘူး။ အဓိကအားဖြင့်တော့ တို့ တိုင်းရင်းသားလူမျိုး၊ မောင်နှမတွေရဲ့ ကျေးရွာတွေမှာ အဲဒီရဲ့ ပြည်သူလူထု၊ အဲဒီရဲ့ ရွာသူရွာသားတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် စောင့်တဲ့ စခန်းတွေ ဖြစ်ပါတယ်” ဟု ရဲချုပ်က ပြောကြားသည်။

ဆက်လက်၍ ရဲချုပ်က နယ်ခြားစောင့် စခန်းများတွင် နယ်မြေဒေသ အခြေအနေအရ ရဲတပ်ဖွဲ့အနေဖြင့် တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်ရပြီး နယ်မြေ ကျယ်ပြန့်ကြောင်း၊ ယင်းကြောင့် တပ်မတော်နှင့် ရဲ တစ်သွေးတည်း တစ်သားတည်းနေ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်ရကြောင်း ပြောကြားသည်။

ယခုဖြစ်စဉ်မှာ လူမျိုးခြားနှင့် ဖြစ်ပွားခြင်း မဟုတ်ဘဲ AA အဖွဲ့က ကျေးရွာများကို လုံခြုံရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းသည် နောက်ကျော ဓားနှင့် အထိုးခံရခြင်း ဖြစ်ကြောင်း ရဲချုပ်က ထပ်မံပြောကြားသည်။

“ အခုဖြစ်စဉ်က လူမျိုးခြားရဲ့ ဖြစ်စဉ် မဟုတ်ဘဲနဲ့ အေအေ အကြမ်းဖက် သောင်းကျန်းသူက ဥပဒေစိုးမိုးရေး၊ လုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စခန်းကို အကြမ်းဖက် တိုက်ခိုက်တာဟာ တစ်နည်းအားဖြင့် နောက်ကျော ဓားနဲ့အထိုးခံရခြင်းပဲ ဖြစ်ပါတယ် ” ဟု ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ပြောကြားသည်။

လွတ်လပ်ရေးနေ့၌ နံနက် ၆ နာရီခန့် တွင် ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်း လေးခုအား AA အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရသည်။

ယင်းဖြစ်စဉ်အပြီးတွင် အစိုးရက ရခိုင်ပြည်နယ်တွင် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး တစ်ရပ်ပြုလုပ်ရန် တပ်မတော်အား ညွှန်ကြားခဲ့ပြီး တပ်အင်အား ဖြည့်တင်းခြင်း၊ လိုအပ်ပါက ရဟတ်ယာဉ်များ အသုံးပြုရန် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှ စတင်ကာ AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်သည်။          

Most Read

Most Recent