MNDAA နှင့် TNLA လက်နက်ကိုင်အဖွဲ့များက ဒေသခံတိုင်းရင်းသားများအား အကြောင်းမဲ့ဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရန် လိုအပ်သလိုဆောင်ရွက်သွားမည်ဟု တပ်မတော်ထုတ်ပြန်

MNDAA နှင့် TNLA လက်နက်ကိုင်အဖွဲ့များက ဒေသခံတိုင်းရင်းသားများအား အကြောင်းမဲ့ဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရန် လိုအပ်သလိုဆောင်ရွက်သွားမည်ဟု တပ်မတော်ထုတ်ပြန်
Published 8 January 2019
မောင်ထူး

MNDAA နှင့် TNLA လက်နက်ကိုင်အဖွဲ့များက ဒေသခံတိုင်းရင်းသားများအား အကြောင်းမဲ့ဖမ်းဆီးခြင်းများ ပြုလုပ်သဖြင့် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ  ၇ ရက်က သတင်းထုတ် ပြန်သည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) မှ အဖွဲ့ဝင်အင်အား ၁၅၀ ဦးခန့်သည် ဇန်နဝါရီ  ၆ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့၏ အနောက်တောင်ဘက် မီတာ ၁၀၀၀၀  ခန့်အကွာရှိ  ပန်ဟုန်းကျေးရွာ၊ တာရှောက်တီးကျေးရွာနှင့် ဖတ်တူကျေးရွာများအနီးရှိ တောင်ကုန်းများပေါ်တွင် ဖြန့်ခွဲအခြေပြုခဲ့ပြီး ၎င်းအဖွဲ့မှ အင်အား ၂၅ ဦးခန့်သည် အရပ်ဝတ်ဖြင့် တာရှောက်တီးကျေးရွာ၊ ကျန်ကြားကျိုင်းကျေးရွာ၊ ဖတ်တူကျေးရွာ နှင့် ပန်ဟုန်းကျေးရွာတို့သို့ သွားရောက်၍ အုပ်ချုပ်ရေးမှူးနေအိမ်များတွင် လူသစ်ပေးရန်အတွက် အစည်းအဝေးပြုလုပ်ခဲ့ပြီး တာရှောက်တီးကျေးရွာမှ ဦးဇီသွေးလျှံ၊ ဦးဇီရှောက်ကျုံး၊ ဦးကျန်ရှောက်ယွမ်နှင့် ဦးဝေလောက်တယ်၊ ကျန်ကြားကျိုင်းကျေးရွာ မှ ဦးရှန်ဖူးနှင့် ဦးစီတို့အားအကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပါရှိသည်။

ယင်းသို့  MNDAA အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းများကြောင့် ကျန်ကြားကျိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အိမ်ထောင်စု ၁၆၀ စု၊ အမျိုးသား ၂၀၀ ဦး၊ အမျိုးသမီး ၂၅၅ ဦး၊ စုစုပေါင်း ၄၅၅ ဦး တို့သည် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ စာကြည့်တိုက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ဇန်နဝါရီ ၇ ရက်တွင် ထွက်ပြေးတိမ်းရှောင် ရောက်ရှိလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ  တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) မှ အဖွဲ့ဝင် အင်အား ၅၀ ဦးခန့်သည် ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် နမ့်ခမ်း မြို့နယ်၊ တာကွန့်ကျေးရွာနှင့် ပန်မောင်းကျေးရွာများသို့ ဝင်ရောက်ခဲ့ပြီး ၎င်းကျေးရွာများမှ ကျေးရွာသူ၊ သား ၁၈ ဦး တို့အား ဘိန်းစိုက်ပျိုးသည်ဟု အကြောင်းပြ၍ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ TNLA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံ  The Daily Eleven သတင်းစာက အကြိမ်ကြိမ်ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပေ။

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်းခဲ့သော်လည်း MNDAA ၊ TNLA အဖွဲ့များအနေဖြင့် ဒေသခံတိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်း၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားကို နှောက်ယှက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်ခြင်းများ ပြုလုပ်လာခဲ့သည်ကို တွေ့ရှိရသောကြောင့် တပ်မတော်အနေဖြင့် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

 

Most Read

Most Recent